ဗဟုသုတ

ပါတော်မူပြီးနောက် ဗြိတိသျှတို့အား ပထမဦးဆုံး တော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး….

ပါတော်မူပြီးနောက် ဗြိတိသျှတို့အား ပထမဦးဆုံး တော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး

မြန်မာ့သမိုင်းတွင် ပါတော်မူပြီးနောက် အင်္ဂလိပ်တို့အား ပထမဆုံးတိုက်ခိုက်ခဲ့သူမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဖြစ်သည်။ မဟာဝံသသီရိဇယသိုဟုံဘွား ဘွဲ့စံ ဝန်းသိုစော်ဘွားကြီးအား ဦးရွှေသာ နှင့် ဒေါ်ဒွန်းဖြူ ခေါ် သုဝဏ္ဏာကယဒေဝီ တို့မှ ၁၈၆၂ခုနှစ်တွင် ဝန်းသိုမြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်က ဝန်းသိုဆရာတော် ဦးဂုဏ ထံတွင် ပညာ သင်ခဲ့ပြီး အရွယ်ရောက်လာသည့်အခါ စော်ဘွားကြီးက သားဖြစ်သူကို ကင်းဝန်မင်း ကြီးထံအပ်နှံကာ နန်းဓလေ့ နှင့် အုပ်ချုပ်ရေးပညာရပ်များကို သင်ယူစေခဲ့သည်။

ထို့နောက်သီပေါမင်းထံ၌ ကွမ်းရေတော်ကိုင်စာရေး အဖြစ် အမှုထမ်းခဲ့သည်။ ဦးအောင်မြတ်သည် စာပေ ကျမ်းဂန် ၊ကဗျာ ၊လင်္ကာ ၊ ဗေဒင် ၊ သမိုင်း ၊ အုပ်ချုပ်ရေး ၊ ဆေးပညာစသည့် ပညာရပ်မျိုးစုံကို ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။

၀န်းသိုစော်ဘွား ဦးရွှေသာ မိုးကောင်းမြို့ဝန်ဖြစ်ပြီးနောက် ဦးအောင်မြတ် အသက် ၂၁ နှစ်အရွယ်တွင် ဝန်းသိုစော်ဘွား ရာထူးကို ဆက်ခံ ခဲ့သည်။ မိုးညှင်းဒေသမှ ဗိုလ်ဝ ခေါင်းဆောင်သော သူပုန်များကို အောင်မြင်စွာနှိမ်နှင်းနိုင်သဖြင့် သီပေါမင်း က အားရတော်မူပြီး ဦးအောင်မြတ်အား ‘မောရိယမဟာဝံသ သီရိသုဓမ္မာရာဇာ’ ဘွဲ့အားချီးမြှင့် ခဲ့သည်။

ထို့နောက် သက်တူရွယ်တူဖြစ်သူ စကားစော်ဘွားသမီး စောရွှေကြည်နှင့် လက်ထပ်ခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်တို့က မန္တလေးကိုသိမ်းရာ ဦးအောင်မြတ်သည် လူသူလက်နက်စုဆောင်းကာ အခြေအနေကို စောင့်ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

အင်္ဂလိပ်တို့အား ပြန်မတိုက်ခိုက်ရန် ဆရာဖြစ်သူ ကင်းဝန်မင်းကြီးထံမှ စာရောက်လာသလို ၊ ငယ်ဆရာ ဦးဂုဏ ကလည်း ဖြောင်းဖြခဲ့သည်။ ဆရာနှစ်ပါးကို လေးစားသဖြင့် နာခံပြီး သစ်လုပ်ငန်းနှင့် စပါးလုပ်ငန်း များကို လုပ်ရင်းအေးအေးဆေးဆေးနေသည်။

သို့သော် ဦးအောင် မြတ် ၏လုပ်ငန်းနေရာများကို ရယူလိုသည့် မသမာသူများက ဦးအောင်မြတ်စီးပွားရှာနေခြင်းမှာ ငွေကြေးစုဆောင်းပြီး အင်္ဂလိပ်တို့ အားတိုက်ရန် ဖြစ်သည် ဟု ကုန်းချောခဲ့ကြသည်။

အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား နေပြည်တော် သို့ လာရောက်အစစ်ဆေးခံရန် ကင်းဝန်မင်းကြီးအား အကြောင်းကြားစေသည်။ကင်းဝန်မင်းကြီးမှအကြောင်း ကြားရာ ဦးအောင်မြတ်က နေပြည်တော်သို့လည်း မလာလိုကြောင်း ၊ တပါးကျွန်လည်း မခံလိုကြောင်း ၊ အရိုအသေ မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

ဒီအတွက် ကင်းဝန်မင်းကြီးကိုယ်တိုင်လိုက်ပြီး ဦးအောင်မြတ်အားတွေ့ရန်လာသော်လည်း ဦးအောင်မြတ်မှာ မိုးကောင်းသို့ရောက်နေသဖြင့် မတွေ့ ခဲ့ရပေ။ အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အားရာထူး ငွေကြေးများစွာဖြင့်စည်းရုံးခဲ့သော်လည်းမရ။

နောက်ဆုံး တွင် အင်္ဂလိပ်တို့သည် တပ်တစ်တပ်အား လွှတ်လိုက် ပြီး ဦးအောင်မြတ်တို့ သားအဖနှစ်ယောက်အား ဖမ်းဆီး ရန် အမိန့်ထုတ်လိုက်သည်။

ဦးအောင်မြတ်ကလည်း ဝန်းသိုပတ်လည်တွင် သစ်တပ် မြို့ရိုးများ ၊ကင်းများတည်ဆောက်ကာ ၊ လူသူလက်နက် စုဆောင်းပြီးအသင့်စောင့်နေခဲ့သည်။ မှန်ကင်းတောင် စခန်းတွင် အင်္ဂလိပ်တို့နှင့် ဦးအောင်မြတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ အင်္ဂလိပ်တို့ရှုံးပြီး ဆုတ်ခွာခဲ့ရသည်။

ဆုတ်ခွာသွားသောတပ်အား လိုက်လံတိုက်ခိုက်ရာ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး နှင့်တပ်သား သုံးဦးကျဆုံးခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာတွင် ကျွန်းတိုင်ကြီးတစ်တိုင် စိုက်ထူထားခဲ့သည်။

ထိုအချိန်မှစ၍ ဦးအောင်မြတ်၏အမည်သည်ကျော်ကြား လာခဲ့သည်။ အင်္ဂလိပ်တို့သည် အင်အားဖြည့်တင်းပြီး နောက်တစ်ကြိမ်ချီတက်ပြန်ရာ ဦးအောင်မြတ်တပ်များ ၏ တိုက်ခိုက်မှုကို ခံရပြန်သည်။သို့သော်ဒီတစ်ကြိမ်တွင် အင်္ဂလိပ်တို့က လူအင်အားလက် နက်အင်အားများစွာ သာလွန်သဖြင့် ဦးအောင်မြတ်တပ်များ နောက်ဆုတ် ကာ တောထဲသို့မျှားခေါ်ခဲ့သည်။

နေရာကျွမ်းကျင်မှုကြောင့် အင်္ဂလိပ်တပ်များကို အကျ အဆုံးများအောင်တိုက်နိုင်ခဲ့သည်။ကျိုင်းခွင် တောင်ကုန်းတွင် အင်္ဂလိပ်စစ်သား များသေဆုံးသည့် နေရာတွင် စိုက်ထူထားသည့် ကျောက်တိုင်ကို ယနေ့ ထိတိုင်တွေ့မြင်နိုင်သေးသည်။

ထိုနေ့တွင်ပင် ဗိုလ်ကြီး ဟတ်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ်တပ်နှင့် ဥက္ကံမြို့အနီးတွင်ဆက်လက်တိုက်ခိုက် ခဲ့သေးရာ နှစ်ဖက်စလုံး အကျအဆုံးများပြီး ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဒါဏ်ရာရခဲ့သည်။ထိုဒါဏ်ရာနှင့်ပင် မကြာမီသေဆုံးခဲ့သည်။

လူအင်အားလက်နက်အင်အား မမျှသော်လည်း မျိုးချစ်စိတ်ပြင်းထန်လှသဖြင့် ဝန်းသို စော်ဘွားကြီးဦးဆောင်သော တပ်များသည် အင်္ဂလိပ်တို့ အား နေရာအနှံ့မှတိုက်ခိုက်ရင်း အခက်အခဲဖြစ်စေ ခဲ့သည်။

ထိုအချိန်အထိ အင်္ဂလိပ်တို့က ဦးအောင်မြတ်အားသူပုန် ဟု မကြေငြာပဲ သူတို့ဘက်ကိုလာပါက ရာထူး၊ စည်းစိမ် အမြောက်အများပေးပြီး အေးဆေးစွာနေရမည်ဟု ကမ်းလှမ်းခဲ့ပြန်သည်။ ဝန်းသိုစော်ဘွားကြီးက လက်မခံ သဖြင့် လက်အောက်ငယ်သားများကို ပေးကမ်းစည်းရုံး ရာ စိတ်မခိုင်သော တပ်သားများမှာ အင်္ဂလိပ်တို့ဘက် ပါသွားခဲ့သည်။

ဝန်းသိုတပ်အင်အားလည်း တဖြည်းဖြည်းနည်းလာခဲ့ရ ပါသည်။ကျန်လူများနှင့် ဆက် လက်တိုက်ခိုက်လျှင်ရ သေးသော်လည်း အင်အားချင်းကွာခြားလွန်းလှသဖြင့် အတိုက်အခိုက်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အင်္ဂလိပ်တို့ လက်အောက်ကို မဝင်ပဲ ယူနန် စန်းတာမြို့တွင်သွားရောက်နေထိုင်ခဲ့သည်။ အင်္ဂလိပ်တို့ ၏ အပေးအယူကိုလက်ခံလျှင် အေးဆေးစွာနေရမည် ဖြစ်သော်လည်း သူတပါးလက်အောက်တွင် မနေလိုတဲ့ စော်ဘွားကြီးသည် စပါးအလုပ်လုပ်ရင်း ၊ ဆေးကုရင်း ကြပ်တည်းစွာနေထိုင်ခဲ့သည်။

အသက်အရွယ်ကြီးရင့် လာသောအခါ မဟာဒေဝီကပြန်လာရန် အတန်တန်ခေါ် သဖြင့် နေရပ်သို့ ပြန်လာခဲ့သည်။

အင်္ဂလိပ်အစိုးရကထိုခေတ်ငွေ ၁၀၀ ထောက်ပံသည်။ လာရောက်ပေးသည့်ငွေအား သားသမီးများအားယူစေ ပြီးကိုယ်တိုင်က လောကုတ္တရာဘက်တွင်သာ အားထုတ်နေခဲ့သည်။ဂျပန်တို့လက်ထက်တွင်လည်း အင်္ဂလိပ်တို့ကဲ့သို့ပင် လစဉ်ငွေ ၁၀၀ စီထောက်ပံ့ ခဲ့သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက ဝန်းသို စော်ဘွားကြီးအားကျေးဇူးဆပ်သည့်အနေဖြင့် သခင်ကိုယ်တော်မှိုင်းနှင့်တန်းတူလစဉ် ငွေ ၅၀၀ စီ ပေးခဲ့သည်။ စော်ဘွားကြီးသည် ၁၉၆၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ အသက် ၁၀၃နှစ် အရောက်တွင်ကွယ်လွန် အနိစ္စရောက် ခဲ့သည်။

Ref – တစ်ချိန်က ထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးများ – ရွှေဥသြမြန်မာ့စွယ်စုံကျမ်း

ကိုလိုနီခေတ်အဘိဓာန် – မြဟန်

Credit_Writers

Photos_ThawZinAung