ညောင်လေးပင်(ယခုတောင်တွင်းကြီး) က အဲဒီဆရာဝန်အကြောင်း ပြောချင်လာတာ လျှာယားနေပြီဗျာ..
ဘယ်နှယ့် ဆရာဝန်သာဆိုတယ် လူပုံပန်းကမိုက်ကျစ်ကျစ်ရယ်..စကားပြောကလည်း ဒုံးတိတိနဲ့ ဆိုတော့
သူ့ကိုမသိတဲ့လူတွေကို ဘုရားစူးမိုးကြိုးပစ်ကျိန်ပြောရင်တောင် ဆရာဝန်လို့ မယုံဘူး စိတ်ချ။
တစ်နေ့ပေါ့.. ဂေဟာမှာ ခိုလှုံနေတဲ့ဖဒိုသူ ကိုယ်ဝန်သည်တစ်ယောက်က ဖဒိုဆေးရုံမှာသူ့ကိုသိတဲ့သူနဲ့ ဆုံမှာစိုးလို့ ညောင်လေးပင်ဆေးရုံမှာမွေးပါရစေ ဆိုတာနဲ့ အဲဒီဆရာဝန်ကြီးနဲ့ ဆုံကြတာ..။
ဒေါက်တာ သောင်းဒန်ဦး (ညောင်လေးပင် ဆေးရုံအုပ်ကြီး..)ပေါ့..လူတင်မဟုတ် နာမည်ကလည်း လက်ဝှေ့သမားနာမည်ကြီး..ထားပါတော့..။
ကလေးမွေးဖွားပြီးလို့ ထုံးစံအတိုင်း ပိုက်ဆံဘယ်လောက်ပေးရမလဲ ဆိုတော့ကိုယ်တော်ချောက မျက်နှာထားတင်းတင်းနဲ့ လက်ခါပြတယ်..။
ဇောင့်ဆတ် ဇောင့်ဆတ်နဲ့ ရုံးခန်းထဲ ဝင်သွားပြီးသူတို့ဆေးရုံကိုလှူထားတဲ့ အနှီးတွေ နို့မှုန့်တွေယူချလာပြီး ကိုစိုးထိုက်ကိုပြန်လှူတာ ဆိုပြီးချာခနဲပြန်လှည့်သွားတယ်..”နောက်တစ်ယောက်ခွဲမယ်ဟေ့..”လို့ အော်သွားတဲ့အဲဒီဆရာဝန်ကြီးကို နောင်များမှာလည်းအမြဲတမ်း သတိထားမိတဲ့တစ်ချက်ကခွဲခန်းဝတ်စုံကို အမြဲလိုလိုဝတ်ထားတာပဲ..။
နောက်ပိုင်း ဂေဟာက တစ်ချို့ကိုယ်ဝန်သည်တွေမသန်စွမ်းကိုယ်ဝန်သည်တွေကို ညောင်လေးပင်မှာသွားမွေးတိုင်း သူနဲ့အမြဲဆုံရတယ်..။
ပိုက်ဆံလည်း တစ်ကျပ်မကုန်ဘူး..
အားလုံး ဖရီး ဖရီး..
အော်..ကိုစိုးထိုက်ကြီးမို့ ပိုက်ဆံမယူတာလား ဆိုတော့ မရှိဆင်းရဲတဲ့ လူနာတွေအကုန် ပိုက်ဆံမပေးနိုင်ရင် တစ်ကျပ်မှ မယူပါဘူးတဲ့..။
ဟယ်..အစိုးရဆေးရုံပါဆို မရှိနွမ်းပါးသူပဲလာကြမှာပေါ့ဆိုတော့ မဟုတ်ဘူးတဲ့..ဆရာဝန်ကြီးက ခွဲစိတ်တာ တော်လို့မြို့ပေါ်က ချမ်းသာသူတွေကလည်းတော်ယုံ ခွဲစိတ်တာတွေ ဘာညာ ရန်ကုန်ကိုမသွားကြတော့ဘူး..
ဒီမှာပဲ လာကုကြတယ်..ခင်ဗျား ရန်ကုန်က တော်ယုံ အထူးကုဆေးရုံသားနား သန့်ရှင်းတာကတော့ ကျုပ်တို့ ညောင်လေးပင်ဆေးရုံကြီးက သနားတယ်..လို့ လက်ထောက်ဆရာဝန်လေးက ပြန်ပြောတယ်။
အင်းလေ ကြွားမယ်ဆိုလည်း ကြွားစရာကိုး..ညောင်လေးပင်ဆေးရုံကြီး အဆောင်သစ်ကြီးမှာလူနာတွေ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ သန့်သန့်ရှင်းရှင်း ဆေးကုနိုင်သလို ၂ ယောက်ခန်းအထူးခန်းတွေလည်း ရှိတယ်..
စေတနာရောင်ပြန်ဟပ်တယ်ထင်ပါ့..တစ်နေ့တစ်နေ့ လှူကြ တန်းကြတဲ့ အလှူရှင်တွေညောင်လေးပင်ဆေးရုံကြီးမှာ ခြေချင်းကို လိမ်နေတာပဲ။
ဆေးရုံတက်တဲ့ လူတွေကို ဒေါက်တာသောင်းဒန်ဦးနဲ့ဆေးရုံ ဆရာ ဆရာမများ သူနာပြုများ ဦးဆောင်ပြီးနေ့လည်စာလည်း ထမင်း ဟင်း အခမဲ့ ကျွေးသဗျာ..အလှူရှင်ရှိတဲ့ရက်ဆို အလှူရှင်တွေရဲ့ အလှူငွေနဲ့ကျွေးပြီး အလှုရှင်မရှိတဲ့ရက်ကျတော့ အစိုးရပိုက်ဆံနဲ့ ကျွေးပါတယ်တဲ့..။
ဘယ်က အစိုးရပိုက်ဆံတုန်းဆရာရဲ့ ဆိုတော့ဝန်ကြီးဌာန ခွဲတမ်းထဲမှာ ဒီအတွက် သုံးလို့ရတဲ့ခွဲတမ်းပါတယ် ကိုစိုးထိုက်..အဲဒီပိုက်ဆံနဲ့ကျွေးတယ်..။
သာဓု သာဓု သာဓုဗျာ..အနယ်နယ် အရပ်ရပ်မှာတော့ ဆေးရုံမှာ ထမင်းကျွေးတယ်ဆိုတာ ပရဟိတသမားအလုပ်..။အခု ညောင်လေးပင်မှာတော့ ဝန်ထမ်းအလုပ်..။အစိုးရအလုပ်..။
(အစိုးရဝန်ထမ်းဆိုတာ တကယ်တော့ပရဟိတသမားစစ်စစ်ဖြစ်တယ် ဆိုပြီး ဒေါက်တာခွန်ဝင်းလတ် ပြောခဲ့ဖူးတာကိုပြေးအမှတ်ရမိသေးတယ်..။)
အံမယ်..အလှူရှင် ဘယ်သူ ဘယ်ဝါ ကြော်ငြာတဲ့ မိုက်ကြီးနဲ့အလှူရှင်မရှိတဲ့ရက်ဆို ဒီနေ့ မိဘပြည်သူများကို ဒါနပြုတာကတော့အစိုးရဖြစ်ပါတယ်ဆိုပြီး ကြော်ငြာလို့ ကိုယ့်မယ်ရယ်ရသေးတယ်..။
သူတို့ ညောင်လေးပင် ဆေးရုံကို အလှူရှင်တွေလှူကြတဲ့ နို့မှုန့် အနှီး ဒိုက်ပါတွေကို ကျွန်တော့်ကို အမြဲပြန်လှူတဲ့အပြင် ဂေဟာကမဗိုက်တွေကို အကုန်ဖရီး ခွဲစိတ်မွေးဖွားပေးတော့ကိုယ်ကလည်း တစ်ရက် စာအိပ်လေးနဲ့ ပိုက်ဆံသွားပေးတော့သူက တရှူးရှူးနဲ့ စိတ်တွဘာတွေဆိုးတယ်။
ကိုယ်ကလည်း ဘယ်ရမလဲ..သူ့ကို တစ်ခုခု ပေးချင်နေတာ..သူဘာကြိုက်တတ်လဲ စုံစမ်းပြီးကယန်းပြည်ကနေ ခေါင်ရည် ယူလာပေးတော့ပြုံးစိစိနဲ့ ယူတယ်..(လူဇိုး ဗ်..)”နောက်များများ ယူခဲ့..
ကျွန်တော့်မိဘက ကယန်းဒေသ ဆီးဘူးတိုက်နယ်ပြင်ဆောင်ရွာ ဇာတိ..ကျွန်တော်က ကယန်းဗျ..”အို…အံ့သြလိုက်တာ..နောက်တစ်ခါ ကယန်းကိုရောက်ရင် လူငယ်တွေနဲ့တွေ့ဆုံတဲ့အခါ သူတို့ကယန်းလူမျိုးနှလုံးလှ ဆရာဝန်ကြီးတစ်ယောက်အကြောင်းကျွန်တော် ပြောပြရအုံးမယ်..။
တကယ်လို့ မိတ်ဆွေတို့လည်း ညောင်လေးပင် ဆေးရုံကိုရောက်တဲ့အခါခွဲခန်းဝတ်စုံနဲ့ မျက်နှာထားတည်တည်အသားညိုညို ဆရာဝန်ကြီးတစ်ယောက်ကိုတွေ့ရင်ရှိန်မနေဘဲ သွားနှုတ်ဆက်လိုက်ပါနော်..။
စိတ်ထား အင်မတန်ဖြူပြီးဆေးကုတာ ၊ ခွဲစိတ်တာကျွမ်းကျင်တဲ့အဲဒီ ကယန်း ဆရာဝန်ကြီးအကြောင်းမိတ်ဆွေတို့ဆေးရုံကဆင်းသွားရင် ကျေးဇူးတင်စကား တဖွဖွ ပြောနေမိပါလိမ့်မယ်ခင်ဗျာ.။
ကိုစိုးထိုက်(ဖဒို)
Credit…. မေချိုချိုမျှဝေသည်