ဝိဇ္ဇာ၊ သိပ္ပံ ဘာသာတွဲ အထူးပြုဖြင့် အဝေးသင်တက်မည့်သူများအား ကျောင်းအပ် လက်ခံမည့်ရက်ကို ၁ လနီးပါး သက်တမ်းတိုးလိုက်ကြောင်း စစ်ကောင်စီလက် အောက်ခံ ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာ ၇ ရက်တွင် မြန်မာ့အလင်း သတင်းစာ၌ ကြေညာသည်။
၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်ရန် ကျန်ရှိသည့် အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအပ် မှတ်ပုံတင်ခြင်း နောက်ဆုံးရက်ကို နိုဝင်ဘာလ ၉ ရက်ဟု သတ်မှတ်ထားရာမှ ဒီဇင် ဘာလ ၅ ရက်အဖြစ် တိုးမြှင့် သတ်မှတ်လိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ကြေညာချက်တွင် ဖော်ပြ သည်။
မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အဝေးသင်ကျောင်းအပ်လက်ခံမည့်ရက် တိုးမြှင့်လိုက်ရသည်ကို သိရှိနိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ သိန်းဝင်းထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရကြောင်း ဧရာဝတီ သတင်းမှာ ဖော်ပြထားပါတယ်။
အဝေးသင် တက်မည့်သူများကို နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက အောက်တိုဘာလကုန်တွင် ကြေညာခဲ့ပြီး ထိုသို့ ကြေညာခဲ့ပြီးနောက်
အဝေးသင်တက်မည့်သူအများအပြားက အာဏာသိမ်းစစ်ကောင်စီက ဖွင့်သည့် အဝေးသင်တက္ကသိုလ်များတွင် ကျောင်းအပ်မည်မဟုတ်ကြောင်း Facebook လူမှုကွန်ရက်၌ ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ပညာရေး သုံးသပ်သူအချို့ကလည်း အဝေးသင်တက်ရန် ကျောင်းအပ်မည့်သူနည်းပါးလွန်းသဖြင့် အဝေးသင် တက္ကသိုလ်လက်ခံမည့်ရက်ကို အဆင့်မြင့်ပညာဦးစီးဌာနက တိုးမြှင့်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိသည်။
ပြီးခဲ့သည့် ဩဂုတ်လက အာဏာသိမ်းစစ်ကောင်စီ၏ စစ်ရာထူးခန့်ချုပ်ရုံးက ခေါ်ယူသည့် စစ်တက္ကသိုလ် ဗိုလ်လောင်းဝင်ခွင့်သင်တန်းများသည်လည်း တက်ရောက်မည့်သူ နည်းပါးလွန်းသဖြင့် နောက်ဆုံးလျှောက် လွှာလက်ခံမည့်ရက်ကို ၃ ကြိမ်ထက်မနည်း တိုးမြှင့်ခေါ်ယူခဲ့ရသည်လည်း ရှိသည်။
လာမည့် ဒီဇင်ဘာလဆန်းတွင် တက္ကသိုလ် (Day) နေ့သင်တန်းများ အားလုံးကို ပြန်လည် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဒါ့အပြင် မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရ စာသင်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ပြန်လည် စတင် ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားတဲ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ကျောင်းတက်ကြသူတွေ နည်ပါးနေတာ တွေ့ရပါတယ်။
ဒီတကြိမ်ဟာ စစ်ကောင်စီလက်ထက်မှာ ဒုတိယ အကြိမ်အခြေခံပညာကျောင်းတွေပြန်ဖွင့်တာဖြစ်ပြီး ဇွန်လက ပထမဆုံး ကျောင်းဖွင့်ရက်ထက် ကျောင်းလာတက်သူ ပိုနည်းတယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောပါတယ်။
ပစ်ခတ်မှုတွေ များပြားနေတဲ့ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့မှာ ကျောင်း အားလုံးနီးပါး မဖွင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ထားတဲ့ ထီးချိုင့်မှာ လုံခြုံရေး အခြေအနေကြောင့် ကျောင်းတွေ မဖွင့်ကြတာ ဖြစ်ပြီး ထိတွေ့ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်တဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
သားသမီးတွေကို ကျောင်းတက်စေချင်တဲ့ မိဘတွေတောင် ကျောင်းမပို့ကြဘူးလို့ မြို့ခံ တစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတခုတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်ကြောင့်ရပ်နားထားရသည့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး နှစ်နောက်ကျနေသဖြင့် တစ်နှစ်ကို ၂တန်းတင်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အခြေခံပညာ အသိုင်းအဝိုင်းမှ ယင်းကဲ့သို့ အတန်းကျော်တင်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။