ဗဟိုဘဏ် ကန့်သတ်ချက်များနှင့် ဘဏ်တွေမှာ ငွေသားထုတ်ယူဖို့ ခက်ခဲနေဆဲဖြစ်တာမို့ ရွှေလုပ်ငန်းရှင်များ အခက်ကြုံနေရတယ်လို့ဆိုပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့က ဗဟိုဘဏ်က သိန်း ၂၀၀ ထက်ပိုတဲ့အရောင်းအဝယ်မှန်သမျှ ဘဏ်စနစ်နဲ့ပေးချေရမယ်လို့ ထုတ်ပြန်ခဲ့ပြီး အကောင့်သစ်ဆို ၅၀ % ငွေသားထုတ်ပေးပြီး အကောင့်ဟောင်းဖြစ်ပါ ငွေသား ၂၅ % ထုတ်ယူခွင့်ရရှိမယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။ အဲ့ဒီအတွက် လုပ်ငန်းရှင်တွေအတွက် ငွေသားအပြည့် အလွယ်တကူထုတ်ယူလို့မရတဲ့အတွက် အခက်ကြုံနေကြရတာဖြစ်ပါတယ်။
ဘဏ်စနစ်အသုံးပြုပြီး ဒစ်ဂျစ်တယ်ငွေပေးချေတဲ့ နည်းလမ်းတွေကိုသာသုံးရမယ်လို့လည်း ကန့်သတ်ထားပါတယ်။ဒီလို Mobile banking, Internet bankingစတဲ့ Digitalနည်းလမ်းတွေနဲ့ငွေပေးချေတာဟာ လက်တွေ့မှာလုပ်ငန်းတွေအတွက်အခက်အခဲရှိတယ်လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။
လုပ်ငန်းရှင်တဦးက “ကျနော်တို့က ငွေထုတ်လို့ရရင်တော့ ဘာမှအခက်အခဲမရှိဘူးဗျာ။ ငွေထုတ်လို့ မရရင်တော့ အခက်အခဲ အများကြီး ရှိနိုင်ပါတယ်။ဥပမာ ရွှေဆိုပါတော့၊ ကျနော်တို့ရောင်းတယ်။ ရောင်းပြီးရင် ဒီရွှေက ချက်ချင်း ပြန်ဝယ်တာ၊ နောက်နေ့မှဝယ်ရင်ဈေးနှုန်းကချက်ချင်း တက်သွားရော။အဲတော့ကျနော်တို့က ငွေထုတ်လို့ ပြုလို့ရမယ်ဆိုရင်တော့ အဆင်ပြေပါတယ်။အချိန်မရွေးပြောင်းနေတဲ့ ရွှေဈေးနဲ့ ရောင်းလို့ဝယ်လို့အဆင်ပြေတယ်ပေါ့။
တကယ်လို့ထုတ်လို့မရဘူးဆိုရင်ကျနော်တို့ကတက်ဈေးနဲ့ ကျမယ်၊ကျဈေးနဲ့ ကျမယ်ဆိုရင် ကျနော်တို့ အရောင်းအဝယ်ကအဆင်မပြေတော့ဘူးဗျာ ”လို့သူကပြောပါတယ်။
ပြည်တွင်းကဘဏ်တွေမှာအပ်နှံထားတဲ့ကိုယ့်ရဲ့ငွေတွေကိုထုတ်ယူနိုင်ဖို့ အခုချိန်ထိခက်ခဲနေပါတယ်။ ဒီလိုငွေသားအခက်အခဲရှိနေချိန်မှာပဲ ဗဟိုဘဏ်ကလုပ်ငန်းတွေငွေပေးချေဖို့အတွက် ကန့်သတ်မှုတွေထပ်ထုတ်ပြန်ထားတာကိုတွေ့ရမှာပါ။
လက်ရှိမှာထိုသို့အရာတွေ မဖြစ်ခင်ဖွင့်ထားတဲ့ ဘဏ်စာရင်းအဟောင်းပိုင်ရှင်တွေအတွက် ဘဏ်တွေကနေငွေသားထုတ်ယူနိုင်ဖို့အခက်အခဲတွေ ရှိနေပေမဲ့ ဘဏ်စာရင်းအသစ်တစ်ခုကနေတစ်ခု အွန်လိုင်းကငွေလွှဲ ငွေယူ လုပ်ရင်တော့ပမာဏအကန့်အသတ်မရှိလုပ်နိုင်ပါတယ်။
ဒါကြောင့်အရောင်းအဝယ်ပမာဏငွေကျပ် သိန်း ၂၀၀ အထက် ပေးချေမှုတွေကိုDigital စနစ်နဲ့ လုပ်မယ်ဆို အခက်အခဲမရှိနိုင်ပါဘူး။ဒါပေမဲ့ ကိုယ့်ဘဏ်ထဲရောက်လာတဲ့ငွေတွေကို ပြန်ထုတ်ယူနိုင်ဖို့ ခက်ခဲတာကြောင့်လုပ်ငန်းရှင်တွေအခက်တွေ့နေကြတာဖြစ်ပါတယ်။
ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းရှင်တဦးကဆိုရင် သူတို့ရဲ့လုပ်ငန်းလည်ပတ်မှုဟာငွေသားရှိမှသာအဆင်ပြေတာကြောင့်ဘဏ်စနစ်နဲ့ငွေပေးချေရမယ်ဆိုအခက်အခဲတွေဖြစ်လာနိုင်မယ်လို့ပြောပါတယ်။
အရင်ကဘဏ်စနစ်ကိုအားထားခဲ့ပေမယ့် ကိုယ့်ရဲ့ငွေလိုသလောက်ပြန်ထုတ်ယူနိုင်ဖို့မလွယ်တော့တဲ့ အခုကာလမှာဘဏ်ဝန်ဆောင်မှုအပေါ်ယုံကြည်မှုအားနည်းလာတယ်လို့ ရွှေလုပ်ငန်းရှင်ကပြောပါတယ်။
ရွှေလုပ်ငန်းရှင်တစ်ဦးက ”အရင်တုန်းကဘဏ်တွေဝန်ဆောင်မှုကောင်းတုန်းကဆိုရင် ကျနော်တို့ရောင်းတာဝယ်တာအားလုံးက ချက်လက်မှတ်နဲ့ပဲအရောင်းအဝယ်လုပ်သွားကြတာပါပဲ။
ဘဏ်တွေကနေပြီးတော့ကျနော်တို့ကိုငွေပြန်ထုတ်ပေးတဲ့အခါမှာ အပိုင်းပိုင်းအတစ်တစ်တွေ ဖြစ်နေလို့ရှိရင်အဆင်မပြေတာတွေရှိပါတယ်။စနစ်တခုကနေတခုပြောင်းတဲ့အခါကျတော့ ကြိုက်တဲ့လူလည်းရှိမယ်၊ မကြိုက်တဲ့လူလည်းရှိမယ်။ဘဏ်ကနေပြီးတော့ဆက်ဆံရေးကောင်းလို့ရှိရင် ဒီစနစ်ကအောင်မြင်မှာပါပဲ။ ဘဏ်ကဆက်ဆံရေးပုံစံတမျိုးဖြစ်နေရင်တော့ ကျနော်တို့အများပြည်သူကြိုက်တဲ့ စနစ်မဖြစ်ရင်တော့ဒီဟာကအခက်အခဲရှိပါတယ်”လို့ သူက ဆိုပါတယ်။
ဗဟိုဘဏ်ရဲ့ကန့်သတ်ချက်တွေကြောင့် ကိုယ်ပိုင်ဘဏ်စာရင်းတွေကနေငွေထုတ်ယူနိုင်ဖို့ ခက်ခဲတာမို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ယုံကြည်မှုဟာလည်းလျော့နည်းလာတယ်လို့ လေ့လာသူတွေကသုံးသပ်ပါတယ်။
ဘဏ်တွေမှာအပ်နှံထားတဲ့ကိုယ့်ရဲ့ငွေတွေကိုပြန်လည်ရယူနိုင်ဖို့အတွက် ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးတဲ့တရားမဝင် ဈေးကွက်ကလည်းကြီးမားနေဆဲဟုဆိုကြပါတယ်။
လက်ရှိမှာ တာဝန်ရှိသူတွေအနေနဲ့ အပြင်မှာ တရားမဝင်ရာခိုင်နှုန်းစားဖြင့် ငွေထုတ်ပေးနေကြတဲ့အပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်တာမျိုးမတွေ့ရသေးဘူးလို့လည်း ဆိုကြပါတယ်။



