နိုင်ငံတွင်း အခြေအနေများ တနေ့တခြား ဆိုးဝါးလာနေသည့်အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများသည် အခြေခံ အဆောက်အအုံပိုင်း ဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ပြုလုပ်နေကြ၍ ဆောက်လုပ်ရေး လုပ်ငန်း ဈေးကွက်သည် အကြီးအကျယ် ကျုံ့ဝင့်သွားဖို့ ရှိနေပြီး နာလံပြန်ထူရန် ငါးနှစ်ခန့် စောင့်ရဖွယ် ရှိသည်ဟု နိုင်ငံများ အလိုက် ကြုံတွေ့နိုင်ရသော အန္တရာယ်များ နှင့် လုပ်ငန်း အနေအထားများကို သုတေသန ပြု ကာ ကုမ္ပဏီများအား ရောင်းချပေးနေသည့် Fitch Solutions Country Risks & Industry Research က ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာထဲတွင် LNG ပရောဂျက်များ လုပ်ကိုင်နေသည့် ဟောင်ကောင်ရှိ V-Power နှင့် အလုံ.. နိုင်ငံတကာ ကွန်တိန်နာ ဆိပ်ကမ်း တည်ဆောက်ရေး အတွက် တာဝန်ယူထားသည့် အိန္ဒိယရှိ အာဒါနီ ကုမ္ပဏီ များကို နမူနာ အဖြစ် ထုတ်ပြခဲ့သည်။
ဂျပန် အစိုးရသည် စစ်ကောင်စီ က ခန့်အပ်လိုက်သော သံအမှုထမ်း ငါးဦးကို လက်ခံရန် ဆုံးဖြတ်ခဲ့သော်လည်း ကီရင် အဖျော်ယမကာ ကုမ္ပဏီကြီးကမူ အမြတ်အစွန်းများ တဝက်နီးပါးခန့် လျော့နည်း ကျဆင်းလာနေသည့် အတွက် လုပ်ငန်းများ အား ဒီဇင်ဘာလ ကုန်တွင် စစ်တပ်နှင့် ဖက်စပ်လုပ်ကိုင်နေမှုကို အပြီး ရပ်ဆိုင်းတော့မည်ဟု ပြောဆိုလာသည်။
ဂျပန် အစိုးရမှ စစ်ကောင်စီ၏ လူများကို လက်ခံလိုက်ခြင်းသည် အသိအမှတ် ပြုရာ ရောက်နေသည်ဟု ဝေဖန်မှု များ ရှိနေသော်လည်း ထိုသို့ လက်မခံပါက မြန်မာ နိုင်ငံအတွင်းရှိ ၎င်းတို့၏ နိုင်ငံသားများအား ရန်သတ္တုပြုလာ မည်ကို စိုးရိမ်မကင်း ဖြစ်နေကြပုံရှိသည်ဟု ဂျပန် တူဒေး သတင်းစာ တွင် ရေးသားခဲ့သည်။
မီချီဂန် ပြည်နယ် ဒီထရွိုက် မြို့သား အမေရိကန် သတင်းစာ ဆရာ ဒင်နီ ဖန်စတား ကို မည်သည့် အကြောင်း ပြချက် တစုံတရာမျှ မည်မည်ရရ ပြစရာ မရှိ၊ အခြားနိုင်ငံများလို အမေရိကန် သူလျှို ဟုလည်း ဗြောင်ကျကျ မစွပ်စွဲရဲဘဲ လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ၊ ပုန်ကန်ရန် လှုံ့ဆော်မှု စသည့် တောင်စဉ်ရေမရ ခေါင်းစဉ်များ တပ်ကာ ဖမ်းဆီးခဲ့မှု ကို ကြည့်၍ စိုးရိမ်မကင်း ဖြစ်လာဟန်လည်း ရှိသည်။
စစ်ကောင်စီသည် ထိုသို့သော အဆင်ခြင်မဲ့ လုပ်ရပ်ဖြင့် ကမ္ဘာ သတင်းမီဒီယာ အသိုက်အဝန်း၏ ဝိုင်းဝန်း ရှုတ်ချခြင်းကို ခံခဲ့ရပြီး ရန်သူများ ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ကုလ လူ့အခွင့်အရေး အကြီး အကဲကပင် အဆိုပါ လုပ်ရပ်ကို ပြစ်တင် ရှုတ်ချလာခဲ့သည်။ အလားတူ အမေရိကန် ရှိ သတင်းစာနယ်ဇင်း အဖွဲ့ချုပ်ကြီး ဖြစ်သည့် National Press Club ကလည်း တရားဥပဒေမဲ့ စီရင် ခဲ့မှု ကို ပြင်းထန်သော စကား လုံးများ သုံး၍ ရှုတ်ချခဲ့ပြန်သည်။
အမေရိကန် အစိုးရ အရာရှိများက “အပြစ်မဲ့သူ တဦးအား မတရား ဖမ်းဆီး ထောင်ချခဲ့မှု” ဟု ခေါင်းစဉ် တပ်လိုက်ပြီး အခြေအနေများကို အနီးကပ်စောင့်ကြည့်ကာ ဖန်စတား ပြန်လည် လွတ်မြောက်ရေး အတွက် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
စစ်ကောင်စီသည် မိတ်ဆွေများ ရရန် မကြိုးစားနိုင်သော်လည်း ရန်သူများ တနေ့တခြား များပြားလာအောင် လျှင်မြန်စွာ ဖန်တီး နိုင်စွမ်း ရှိနေသူများ ဖြစ်နေရာ ဤသည်ကလည်း အသိဉာဏ် ခေါင်းပါးပြီး အရူးတပိုင်း ဖြစ်နေသည့် အာဏာရှင် ၏ တသွေးတသံ တမိန့်ကို နာခံနေရ၍ ဖြစ်ပေသည်။ ၎င်းတို့ ယူဆထားသည်မှာ အမေရိ ကန်တို့ နှင့် ရင်ဆိုင်လာရဖို့ ရှိနေပါက လိုက်လျောနိုင်သည့် အချက်တချက် အဖြစ် ထုတ်ပြနိုင်ရန် ဓါးစာခံအဖြစ် ဖမ်းဆီး ထားခြင်းသာ ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် တိုင်းပြည် ခေါင်းဆောင်များကို ဖမ်းဆီး တရားစွဲဆို နေခြင်းသည် မည်သို့မျှ ယုတ္တိ မတန်၊ တရားမျှတမှုလည်း မရှိ၊ နိုင်ငံရေးအရ ကလဲ့စား ချေနေခြင်း ဆိုသော အချက်ကို ဒင်နီ ဖန်စတား တရားစီရင်မှု နှင့် ကမ္ဘာသို့ အခမဲ့ ကြော်ငြာ ပေးလိုက်ခြင်းလည်း ဖြစ်သည်။
ဓမ္မ နှင့် အဓမ္မ အကြား တိုက်ပွဲတွင် နောက်ဆုံး ခံစစ်ကြောင်း အဖြစ် ပြည်သူများဖက်မှ အမြဲလို ရပ်တည်ခဲ့သည့် သတင်း လွတ်လပ်ခွင့်သည် လည်း မြန်မာ တွင် အပြီးအပိုင် ပျောက်ကွယ်သွားခဲ့ရပြီ ဆိုသည်ကိုလည်း ဖန်စတာ အား အပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြင့် မီးမောင်းထိုးပြ ခဲ့ပြီ ဖြစ်သည်။
မြန်မာ စစ်ကောင်စီသည် နိုင်ငံတကာ ဥပဒေ များ ကျင့်ထုံးများကို ပေယျာလကန် ပြုကာ ဘာမဆို လုပ်ရဲသူများ ဖြစ်သည်ကို အားလုံးက သိမြင် နားလည်လာကြပြီ ဖြစ်၍ အာဆီယံ စာရင်းကိုင် ဖက်ဒရေးရှင်း ညီလာခံကို စာရင်းစစ်ချုပ်ဆိုသူ ကံဇော် ကို ဖိတ်ကြားထားသည့်အတွက် ကမ္ဘာ စာရင်းစစ် အဖွဲ့ အတော်များများက တက်ရောက်ရန် ငြင်းဆိုလာနေကြပြီ ဖြစ်သည်။
ပြည်သူများ အဖို့ မိမိတို့ လိုလားသော အစိုးရကို တခဲနက် မဲပေးထောက်ခံ ရွေးချယ်ခဲ့ခြင်းသည်ကပင် လူပေါင်း ၁,၂၅၈ ဦး သေဆုံး၊ ၁၀,၀၉၄ ဦး အဖမ်းဆီးခံခဲ့ရ၊ ၁,၉၅၄ ဦး ဝရမ်းထုတ်ခံရ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် အထိ ဖြစ်လာခဲ့ရသော ကံဆိုးမိုးမှောင်ကျမှုကြီး၏ အရင်းခံ အကြောင်းတရား ဖြစ်သွားရခြင်းမှာ နာကျည်းစရာ ကောင်းနေရပေသည်။
မည်သူကမျှ လက်မခံသော်လည်း ရွေးကောက်ပွဲ မသမာ မှု များ ရှိသည် ဆိုသည့် လိမ်လည်မှု ကို ယခုထိ စွဲကိုင် ထားကြဆဲ ဖြစ်သည်။ ထိုသို့ မင်းအောင်လှိုင်၏ ဗြောင်လိမ်ဗြောင်စား လုပ်ရပ်ကို ဒီတကြိမ်တော့ မည်သူမျှ သည်းမခံနိုင်ကြတော့ဘဲ မိမိတို့ ၏ ဆန္ဒမဲများကို ကာကွယ်နိုင်ဖို့ အတွက် အသက်စွန့်ရသည့် အထိ ဖြစ်လာခဲ့ ရသည်ဟု ဧရာဝတီ က ရေးသားလာသည်။
စစ်ကောင်စီသည် လက်တဆုပ်စာ လူတစု၊ ၎င်းတို့ အား အကာအကွယ်ပေးနေသည့် လက်နက်ကိုင်များ နှင့် တိုင်းပြည်ကို ထိန်းချုပ်နေရသည့် ဘဝ သို့ ရောက်နေရပြီ ဖြစ်သည်။
လက်ရှိ အမျိုးသား ညီညွတ်ရေး အစိုးရ ထက် သာလွန်နေသည့် တခုတည်းသော အရာမှာ လက်နက်ကိုင် အင်အား တောင့်တင်းစွာ ရှိနေခြင်းဟု ပြော၍ရမည် ဖြစ်သည်။ ကျန်သည့် အရာများ အားလုံးတွင် အဖက်ဖက်က နိမ့်ကျလာနေရပြီ ဖြစ်သည်။
တော်လှန်ရေးကြီး မုချအောင်ရမည်!!!
Hla Soewai



