၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်ည (၁၄ နံနက်ခင်း) မှာတော့ ကြယ်မိုးတို့၏ဘုရင် (King of Meteor Shower) ကြယ်ကြွေခြင်းဖြစ်စဥ်များကို မေထုံရာသီ (Gemini) ထဲက ပုန္နဖုသျှူ နက္ခတ် (Punarvasu Nakshatra) အတွင်းမှာ သာမန်မျက်စိဖြင့် တွေ့မြင်နိုင်မှာပဲ ဖြစ်ပါတယ်။
ကြယ်ကြွေတယ်ဆိုတာ ကောင်းကင်မှာရှိတဲ့ ကြယ်တွေ ကြွေဆင်းခြင်းမဟုတ်ပဲ အာကာသအတွင်းက ဥက္ကာခဲမှုန်များနဲ့ ကမ္ဘာ့လေထုတို့ ပွတ်တိုက်မိရာက ထွက်ပေါ်လာတဲ့ အလင်းတန်းများပဲ ဖြစ်ကြပါတယ်။
ဒီတခါ ကြယ်ကြွေခြင်းကို ဖြစ်စေမည့် ဥက္ကာမှုန်များကတော့.. Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံရဲ့ လမ်းကြောင်းက ကျကျန်ခဲ့တဲ့ အမှုန်များပဲ ဖြစ်ပါတယ်။ ကျနော်တို့ ကမ္ဘာဟာ အဆိုပါ ဥက္ကာပျံရဲ့လမ်းကြောင်းကို နှစ်စဥ် ဒီဇင်ဘာလ ၄ ရက်မှ ၁၇ ရက်အကြား ဖြတ်သန်းလေ့ရှိပြီး ၁၃ ည ၁၄ မနက်မှာတော့ ဥက္ကာခဲ အများအပြားရှိတဲ့နေရာကို ဖြတ်သန်းပါတယ်။
ထိုအခါမှာတော့.. ညကောင်းကင်မှ လှပတဲ့ အလင်းတန်းတွေ ထွက်ပေါ်လာကြပြီး ကြယ်ကြွေခြင်း (တနည်း) ကြယ်မိုးရွာခြင်းလို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။
ညကောင်းကင်မှာ အရပ်မျက်နှာကို ဖော်ပြတဲ့အခါ ကြယ်တာရာကို ညွှန်ပြရပါတယ်။ နေဟာ အရှေ့အရပ်မှ အနောက်အရပ်သို့ဝင်သကဲ့သို့ ကြယ်တာရာ ရာသီ များသည်လည်း သူ့နေရာနှင့်သူ အရှေ့မှ အနောက်သို့ ရွေ့လျားကြပါတယ်။ (ကမ္ဘာလည်နေခြင်းကြောင့် ဖြစ်ပါတယ်။)
မေထုံရာသီ (Gemini) ကိုတော့ ယခုလမှာ ည ၇ နာရီ ခွဲလောက်မှ နံနက် ၆ နာရီ (နေမထွက်ခင်အချိန်) အထိ အရှေ့မှ အနောက်သို့ ဖြတ်သန်းသွားတာကို တွေ့ရမှာပါ။ မောင်ရှင်ဆိုင်းထမ်း နဲ့ ပြိသရာသီတို့ အနီးမှာရှိပါတယ်။
ည သန်းခေါင် (၁၂ နာရီ) ကျော်မှ ကြယ်ကြွေခြင်းတွေကို စ မြင်ရမှာပါ။ အကောင်းဆုံးအချိန်ကတော့ ည ၂ နာရီအချိန်ဖြစ်ပြီး၊ မှောင်တဲ့နေရာမှ ကြည့်ပါက တစ်နာရီကို ၁၁၅ လုံးခန့် ကြွေဆင်းလာမည့် ကြယ်ကြွေခြင်းများကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ (မိန်ရာသီထဲရောက်နေတဲ့ လ ရဲ့ အလင်းရောင်အနှောင့်အယှက် အနည်းငယ်ရှိနိုင်ပါတယ်။)
မေထုံရာသီမှာ ထင်ရှားတဲ့ အမွှာကြယ်လေး ၂ လုံးရှိပါတယ်။ ပိုးလော့ (Pollux) နဲ့ ကတ်စတာ (Castor) ဆိုပြီး အမည်ပေးထားပါတယ်။ (ဂရိဒဏ္ဍာရီမှ အမေတူ ဖအေကွဲ အမွှာညီအကိုဖြစ်ပါတယ်။) ဟိန္ဒူနက္ခတ္တ မှ ဆင်းသက်လာတဲ့ မြန်မာ့နက္ခတ်မှာတော့ ပုန္နဖုသျှူ လို့ အမည်ပေးထားပါတယ်။ အဓိပ္ပါယ်ကတော့ “အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း၊ နောက်ပြန်လှည့်ခြင်း၊ မူလနေရာပြန်ထားခြင်း” လို့ ဆိုကြပါတယ်။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)