ဗေဒင်


တစ်ပတ်စာ (၇) ရက်သားသမီးတို့ အတွက် ဟောစာတမ်း (၁၅.၁၂.၂၀၂၁ မှ ၂၂.၁၂.၂၀၂၁)

တနင်္ဂနွေ

အရာရာသတိနဲ့ယှဉ်ပြီးဆောင်ရွက်ရမဲ့ကာလပါ။ အမှုမဲ့ အမှတ်မဲ့နေတတ်သူများအတွက် ဒီကာလဟာအဆိုး များပါတယ်။ မိမိပြောလိုက်တဲ့စကား၊ မိမိပြုမူလိုက်တဲ့ ကိုယ်အမူအရာတွေက တစ်ဖက်သားကတစ်ဖက်သားကိုထိ ခိုက်စေတာမျိုးဖြစ်ရင်တော့ တစ်ဖက်လူက ရန်ငြိုးဖွဲ့သွားတတ်တဲ့ကာလမို့ပါ။ အလုပ်ပြောင်း၊နေရာပြောင်း၊ အခြား ဌာနတွေမှာ ယာယီတာဝန်ထမ်းဆောင်ရတာမျိုးတွေကြုံလွယ်တဲ့ကာလပါပဲ။ ဖခင်ကို အတိုက်အခံပြန်လုပ် တာမျိုး ဒီကာလမှာအထူးရှောင်ပါ။

လူကြီးမိဘတွေစိတ်ပျက်အောင်မလုပ်သင့်တဲ့ကာလပဲဖြစ်ပါတယ်။စီးပွားရေးနဲ့ ဆက်စပ် ပြီး တတ်နိုင်သ၍ မျက်မြင်ကိုယ်တွေ အလုပ်တွေပဲလုပ်ပါ။ မမြင်ရတဲ့အလုပ်တွေ၊ သူများစကားယုံပြီးလုပ် တဲ့ အလုပ် တွေ၊အွန်လိုင်းစီးပွားရေးတွေကအထိနာတတ်ပါတယ်။ ငွေကြေးအတွက် ပူပန်စရာမလိုပေမဲ့ သူများကို ချေး ငှားမိရင်ဆုံးသွားတတ်ပါတယ်။ ငွေအထွက်လဲများနေနိုင်ပါတယ်။ ကျန်းမာရေး အညံ့နည်းပေမဲ့ အလုပ်ဒဏ်ပိ တာ တွေ ကြောင့် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။

အချစ်ရေးကိစ္စတွေမှာ ဒေါသနဲ့ဖြေရှင်းရာကစလို့ မခေါ်နိုင် မပြော နိုင် သည် အထိဖြစ်ရတတ်ပါတယ်။အိမ်ထောင်ရေးအညံ့အဆိုးသိပ်မတွေ့ရပါဘူး။ပညာရေးကိစ္စများအတွက် စိတ် ပင်ပန်း စရာကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၅/၆/၈

အထူးဟော အနည်းငယ်သတိထားနေရမဲ့ကာလပါ

ယတြာ တံမြက်စည်းတစ်ချောင်း ဘုရားစေတီမှာလှူလိုက်ပါ

တနင်္လာ

စိတ်ခံစားမှုတွေပြင်းထန်မဲ့ကာလပါပဲ။မိသားစုအတွက်စိတ်ထဲခံပြင်းဒေါသတွေများနေရတတ်ပါတယ်။ အလုပ်ပိုတွေများနေတတ်တာကိုလဲတွေ့ရပါတယ်။စိတ်ကူးကောင်း တွေ အယူအဆကောင်းတွေကို ထုတ်မသုံးနိုင် တဲ့ကာလပါပဲ။

အလုပ်သစ်နဲ့ပတ်သက်ပြီး ကြုံတွေ့နေရသူများ အခက်အခဲတွေကြုံရတတ်ပါတယ်။ ဒီကာလမှာနိုင်ငံ ခြားငွေကိုင်ထားတာမျိုးတွေမလုပ်ပါနဲ့။ ရပ်ဝေးခရီးကိစ္စတော်တော်များများ သွားဖို့ကြုံလာတတ်ပါတယ်။ ခရီးကိစ္စ တွေအဆင်ပြေပေမဲ့ ခရီးပန်းတာမျိုးဖြစ်တတ်ပါတယ်။

မိမိခန္ဓာကိုယ်က ဒီကာလမှာဒူပေဒါပေမခံပါဘူး။ တစ်ခုခု အစားအသောက်အနေအထိုင်မှားတာနဲ့ကျန်းမာရေးညံ့ဖျင်းသွားတတ်ပါတယ်။ ပြန်ကျဲနေတဲ့ ငွေကြေးတွေပြန်စု ဆောင်းရတတ်ပါတယ်။ လူငယ်များ အရက်သေစာအလွန်အကျွံတွေမသောက်မိပါစေနဲ့။ အရက်ကြောင့် ကျန်းမာ ရေး လူမှုရေးပြင်းထန်စွာ ထိခိုက်သွားတတ်တဲ့ကာလပါပဲ။

အလုပ်စီးပွားနဲ့ဆက်စပ်ပြီး မိမိထက်ငယ်သူတွေ ဆီက အကြံဉာဏ်ယူစေချင်ပါတယ်။နည်းပညာနဲ့သက်ဆိုင်သောစီးပွားများ အွန်လိုင်းစီးပွားရေးအလုပ်များ အားကောင်း နေနိုင်တာကိုတွေ့ရပါတယ်။အချစ်ရေးအဆင်ပြေပေမဲ့ အိမ်ထောင်ရေးကတော့ အားနည်းချက်များတာတွေ့ရပါ တယ်။ပညာရှာနေသူများ ပညာအသစအသစ်တွေရလာဖွယ်ရှိပေမဲ့မိမိကသင်ယူလိုစိတ်ကုန်နေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၆/၀

အထူးဟော ကျန်းမာရေးဂရုပြုပါ

ယတြာ အိမ်တွင်းအတူနေသူများအား ကော်ဖီမစ်ထုပ် လက်ဆောင်ဝယ်ပေးပါ

အင်္ဂါ

အလုပ်တွေများနေပေမယ့် လုပ်သမျှအကျိုးခံစားရမဲ့ကာလပါပဲ။ အကြံကောင်းစိတ်ကူးကောင်းတွေထွက် လာတတ်သလို အနာဂတ်အတွက် ကြံစည်စဉ်းစားခြင်းများဆောင်ရွက်သင့်တဲ့ကာလပါပဲ။ ငွေကြေးအမြတ်အစွန်း တွေများနိုင်သလို ငွေကြေးနဲ့ပတ်သက်ပြီး ဝင်စရာရှိတာတွေဝင်လာတတ်ပါတယ်။

တပည့်တပန်းတွေက တန်ဖိုးရှိ ပစ္စည်းတွေလာရောက်ကန်တော့တာမျိုးတွေကြုံရတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ အရင်က အကြပ်အတည်းရှိ သူဆိုရင်တော့ ဒီကာလမှာ ပြေလည်ခွင့်ရတတ်ပါတယ်။ သတိထားရမှာက ရင်းနှီးမြုပ်နှံမှုကြီးကြီးမားမားတွေရှောင် ပါ။ ရွှေဝယ်ပြီး ရင်းနှီးမြုပ်နှံလို့ကောင်းပေမဲ့ လုပ်ငန်းထဲ ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ သတိထားပြီးဆောင်ရွက်စေ ချင်ပါတယ်။

လူမှုရေးဖောက်ပြန်သူများ အရှက်တကွဲဖြစ်လွယ်တဲ့ကာလပါပဲ။ ဘာသာရေးအားသန်သူများကုသိုလ် ကံကောင်းလွယ်တဲ့ကာလလဲဖြစ်ပါတယ်။ လှောင်ထားတဲ့လှောင်ကုန်တွေဈေးကောင်းရတတ်ပါတယ်။ စိတ်ထဲလို ချင်တာတွေပြည့်ဝလွယ်တဲ့ကာလပါပဲ။ သားသမီးနဲ့ပတ်သက်ပြီးစိတ်ချမ်းမြေ့ရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေ မှာချစ်သူနဲ့အဆက်အသွယ်အားနည်းသွားတာမျိုးကြုံရလိမ့်မယ်။

အိမ်ထောင်ရေးအတွက် စိတ်ညစ်ရတာလေးတွေ အနည်းငယ်ရှိနေနိုင်ပါတယ်။ ပညာရေးကိစ္စတွေမှာတော့ စိတ်ရှုပ်စရာများပါတယ်။

အကျိုးပေးဂဏန်း ၁/၃/၀

အထူးဟော ကံမြင့်မားနေမယ်

ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပေးပါ

ဗုဒ္ဓဟူး၊ရာဟု

ဒီကာလအတွင်းမှာတော့ အရာရာကို ဖြန့်ကြန့်တွေးတောနိုင်ဖို့လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ စိတ် ချမ်းသာရတတ်တယ်။ ထီ၊ချဲပေါက်တတ်တဲ့ကာလပဲဖြစ်ပါတယ်။ ငွေကုန်ကြေးကျအလွန်နည်းသွားပါလိမ့်မယ်။ ကုန်စရာတွေရပ်တန့်သွားတတ်ပါတယ်။ ချစ်လို့ခင်လို့ကူညီပေးမဲ့သူတွေရှိနေတတ်ပါတယ်။

သားသမီးတွေက အလုပ်လုပ်ဖို့ တောင်းဆိုတာကြောင့်စီစဉ်ပေးရတာမျိုးတွေကြုံနေရတတ်ပါတယ်။ စိတ်ကောင်းစေတနာကောင်း တွေမိမိရင်မှာပေါ်ထွန်းတတ်ပါတယ်။ ပရဟိတတွေလုပ်ခွင့်ရလာတတ်ပါတယ်။ လူမှုရေး အချစ်ရေးကိစ္စတွေမှာ ကောင်းသောအပြောင်းအလဲတွေကြုံလာရတတ်ပါတယ်။

ကျန်းမာရေးမကောင်းသူတွေ ကျန်းမာရေးအကောင်း ဘက်ကိုရောက်လာလိမ့်မယ်။ ငွေကုန်သလောက် ပြန်ဝင်လာတတ်တဲ့ကာလပါပဲ။ ဒီကာလအတွင်းမှာ လက်ထပ်ဖို့ ၊စေ့စပ်ဖို့၊နားဖောက်ဖို့ကိစ္စတွေအဆင်ပြေတတ်ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ရတတ်ပါတယ်။ အိမ် ထောင်ရေးကိစ္စတွေမှာတော့ အိမ်ထောင်ဘက်နဲ့ နားလည်မှုရှိရှိရှေ့ဆက်နိုင်ပါလိမ့်မယ်။

လင်မယားနှစ်ယောက်အတူ တူတွဲဖက်တဲ့အလုပ်တွေအဆင်ပြေနိုင်လိမ့်မယ်။ပညာရေးအတွက် စိတ်ချမ်းသာရမဲ့ကာလပဲဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၁/၂/၈

အထူးဟော အလှူအတန်းတွေပြုခွင့်ရလာမယ်။

ယတြာ ပုတီးတစ်ကုံးဝယ်ပြီး ရင်းနှီးသူကို လှူလိုက်ပါ

ကြာသပတေး

မည်သည့်ကိစ္စရပ်မဆို မသေချာမပိုင်နိုင်ဘဲ မစသင့်ပါဘူး။ စမိလိုက်တိုင်း အဆုံးမသတ်ဖြစ် နေရတတ် ပါတယ်။ ခရီးကိစ္စများအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေ အထူးကောင်း မွန် လာမဲ့အချိန်ပါ။

အလုပ်ကြောင့်သော်လည်ကောင်း ၊လူမှုရေးကိစ္စကြောင့်သော်လည်ကောင်း မိသားစုနဲ့ခွဲခွာနေရ တတ်ပါတယ် ။ငွေကြေးက အထွက်နည်းပါလိမ့်မယ်။ ငွေကြေးချေးဌားခြင်းမျိုးတော့ မလုပ်ပါနဲ့အုံး။ အာမခံ ပေးခြင်း ကတိလွယ်လွယ်ပေးခြင်းများရှောင်လိုက်ပါ။

အချစ်ရေးကံကတော့ သင့်တယ်လိုပဲ ပြောရမှာပါ။ ကိုယ်က ချစ်သူအပေါ် အမိန့်ဆန်ဆန် စကားတွေမပြောမိဖို့တော့ လိုပါတယ်။ အိမ်ထောင်သည်အမျိုးသားများ ဇနီးနဲ့ စကား များရခြင်းမျိုးကြုံရတတ်ပါတယ်။ ပညာရေးကတော့ မိမိရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။ သတိထားမိတာ က မိမိကိုယ်တိုင်လဲ အထူးဝီရိယထား စာကြိုးစားနေမိတတ်ပါတယ်။

ဈေးကွက်ချဲ့ထွင်ခြင်းများနဲ့ မိမိလုပ်ငန်း အတွက် Marketing လုပ်ခြင်းများ အထူးပြုလုပ်လို့သင့်ပါတယ်။ ငွေကံတွေကောင်းနေတတ်ပါတယ်။ အဘက်ဘက် ကငွေတွေဝင်လာဖို့ရှိနေပါတယ်။ဘယ်သူမှမယုံသင့်တဲ့ကာလပါ။ စက်ပစ္စည်းပတ်သက်ပြီးပျောက်တာ ပျက်တာတွေ များနေတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၇

အထူးဟော အနည်းငယ်ကံအားနည်းမည်

ယတြာ ငှက်ပျောကြော်ဘုရားကပ်လှူလိုက်ပါ

သောကြာ

အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ကာလပါပဲ။ မိမိကိုယ်တိုင်က စိတ်လိုက်မာန်ပါမလုပ်မိဖို့ရယ်၊ အချိန် ယူမစဉ်းစားဘဲ မလုပ်မိဖို့ရယ်လိုပါတယ်။ ခေါင်းအေးအေးနဲ့ သေချာအချိန်ယူလုပ်မှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ် နဲ့ ပတ်သက်ပြီး လုပ်ရတာနဲ့ပြန်ရတာမတန်ဘူးလို့ခံစားနေရတတ်ပါတယ်။ သတိထားရမှာက သူခိုးခိုးခံရတတ် ပါတယ်။

ကိုယ့်ပစ္စည်းတွေရန်သူမျိုးငါးပါးကြောင့် ပျက်စီးလွယ်တဲ့ကာလပါပဲ။ဒီကာလဟာ မိတ်ကောင်းဆွေကောင်း တွေတော့ ပေါတယ် ဗျာ။ ကူညီမဲ့သူတွေတော့ရှိနေတတ်ပါတယ်။လုပ်ငန်းအဆင့်တိုး တက်လာအများနှင့် ဆက်ဆံရေး ကောင်းမွန်လာမည်။ အစားအသောက်အနေ အထိုင် သတိထားပါ။

အစားမှားခြင်းကြောင့်ဝမ်းဗိုက် အစာအိမ်ရောင်ခြင်း၊ဗိုက်အောင့်ခြင်း၊ လေအောင့်ခြင်းဖြစ်တတ် သည်။လုပ်ငန်းများပြားလာသလောက်ငွေပိုမို ဝင် လာ မည်။ကြီးကဲသူများ၊မိဘများ ကိုကောင်းစွာကန်တော့နိုင်ပါလိမ့်မယ်။ငွေကြေးဆုံးရှုံးကံမရှိပါ၊ မိသားစုအတွင်း လုပ်ငန်းသစ် လုပ်ရန်မိမိက ငွေရင်း နှီး ပေးရခြင်းကြုံမည်။

အချစ်ရေး ကံ မကောင်း တတ်ပါ၊သို့သော်အချစ် ဟောင်း ထက် ချစ်သူအသစ်ရတတ်သည်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ ရင်းနှီး ကျွမ်းဝင်သောမိသားစု၏ အမှုကိစ္စအတွက် သက်သေလိုက်ပေးရ တတ်သည်။ လူငယ် များ ပညာရေးကံကောင်း မည့်ကာလဖြစ်သည်။

အကျိုးပေးဂဏန်း ၃/၆/၄

အထူးဟော အရာရာပုံမှန်လည်ပတ်နေမည်။

ယတြာ ဆီမီးခွက်လေးတွေ လူကြီးသူမတွေကို လက်ဆောင်ပေးပါ

စနေ

စီးပွားကောင်းမဲ့အချိန်ပါပဲ။အွန်လိုင်းလုပ်ငန်းတိုးတက်ကောင်းမွန်မည်။အများနှင့်ဆက်ဆံရေး အဆင်ပြေ မည်။ လုပ်ငန်းခွင်၌ စိတ်ပျော်ရွှင်ရလိမ့် မည်။ မိတ်ဆွေအသစ်များရရှိမည်။အလုပ်တွင် ရာထူး လုပ်ပိုင်ခွင့်များ ပိုလာမည်။ အပိုဆုကြေးငွေများ ဝင်မည်။

ယခုကာလအတွင်း တရားရှာသူများတရားအသိဉာဏ်များတိုးတက်မည်။ ရေသန့်လုပ်ငန်း၊အချိုရည်လုပ်ငန်း၊ခရီးသွားလုပ်ငန်းလုပ်သူများတိုးတတ်အောင်မြင်မယ်။လုပ်ငန်းအတွက် ငွေကြေး ဆုံးရှုံးကံမရှိပါ။ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေငွေဝင်လာတတ်ပါတယ်။ပြည်တွင်းအဝေးခရီးစဉ်များ၊ဘုရာဖူး သွားနိုင် သည်။

အုပ်စု အဖွဲ့နှင့် သွားခွင့်ကြုံမည်၊အလုပ်ရုံဆွေးနွေးပွဲများ၊သင်တန်းများ တက်ရောက်ဆွေးနွေးရမည်။ ရွှေလုပ်ငန်း,ဒေါ်လာ ဝယ်ယူစုဆောင်းခြင်းအလုပ်များမသင့်ပါ။ ကံကောင်းချိန်ဖြစ်၍ အချစ်ရေး၌ စိတ်ချမ်းသာရ မည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးများလည်း တိုးတက်မည်။ အလှူပွဲ၊မင်္ဂလာပွဲများတက်ရောက် ရမည်။ဒီကာလ ဟာ ညှိနှိုင်းဆောင်ရွက်မှုကိစ္စတွေမှာ အဆင်ပြေအောင်မြင်တတ်ပါတယ်။

စကားနဲ့ရင်းနှီးလုပ်ကိုင် ရတဲ့စီးပွားရေး တွေ ကတော့ တိုးတတ်မဲ့ကာလပါပဲ။ အရွယ်ရောက်ပြီးတဲ့သားသမီးတွေရဲ့ ထောက်ပံ့ကန်တော့ခြင်း တွေလဲကြုံရ တတ်ပါတယ်။

အကျိုးပေးဂဏန်း ၄/၅/၀

အထူးဟော စီးပွားတိုးတတ်မယ်

ယတြာ ကန်စွန်းဥပြုတ်ဘုရားကပ်လှူပေးပါ

၇ ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)