နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းဦးစီးဌာနက ထောင်သားဝတ်စုံ ဝတ်ဆင်ခိုင်းပြီး ယနေ့ ရုံးထုတ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၇
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းဦးစီးဌာနက အကျဉ်းသားဝတ်စုံ ဝတ်ဆင်ခိုင်းပြီးမှ ယနေ့ ရုံးထုတ်ကြောင်း တရားရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ရုံးထုတ်ရာတွင် ရုံးမထုတ်မီ အကျဉ်းဦးစီးဌာနက အဖြူရောင်အင်္ကျီနှင့်အညိုရောင်ထမီကို ဝတ်ဆင်ရန် လာပေးကြောင်း၊
အလားတူ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်ကိုလည်း အဖြူရောင်အင်္ကျီနှင့် အပြာရောင်ပုဆိုး ဝတ်ဆင်ရန် လာပေးပြီး ရုံးထုတ်ကြောင်း သိရှိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက်စစ်ကောင်စီ၏ တရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်ထားခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပုဒ်မများစွာနဲ့ တရားစွဲဆို ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် စွဲဆိုခံထားရတဲ့ အမှုတွေထဲက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့စွပ်စွဲခံထားရတဲ့ အမှုတွေအတွက်ကြားနာမှုကိုဒီနေ့ ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်အထူးတရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ဟာ ထောင်ဝတ်စုံတွေကိုဝတ်ဆင်ထားကြရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်း ကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဖြူရောင်အင်္ကျီ နဲ့ အညိုရောင်လုံချည်ကို ဝတ်ဆင်ထားရပြီး ဒေါက်တာမျိုးအောင်ဟာလည်း အင်္ကျိအဖြူရောင် ၊ လုံချည်အပြာရောင်တို့ကိုဝတ်ဆင်ထားရတယ်လို့ ဆိုပါတယ်။ အဲဒီဝတ်စုံတွေကိုထောင်အာဏာပိုင်တွေက ပေးပို့လို့ ဝတ်ဆင်ရတာလို့ သိရပါတယ်။
အဲဒီဝတ်စုံတွေကို ဝတ်ခိုင်းတဲ့ အပေါ် ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပြုတာမရှိဘဲ ရဲရဲဝင့်ဝင့်နဲ့တည်တည်ငြိမ်ငြိမ်ပဲရှိနေတယ်လို့ သိရပါတယ်။ ဒီကနေ့ စစ်ဆေးရဖို့ရှိတဲ့ အဂတိအမှု (၅) မှုမှာ ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာငှားရမ်းတာနဲ့ပတ်သက်တဲ့ အမှု ၁ခုကိုသာ စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေနှစ်ဦး ဖြစ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးဟောင်း ဒါ်နီလာကျော် တို့ သက်သေထွက်ဆိုခဲ့ပါတယ်။
အဲဒီလိုထွက်ဆိုရာမှာ အဲဒီမြေနေရာအတွက် တစ်လ ကျပ်၁၅သိန်းနဲ့ငှားရမ်းခဲ့တဲ့ကိစ္စမှာ သူတို့ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့အပိုင်းတွေကိုထွက်ဆိုခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့ ကြားနာမှုအရ အဲဒီမြေနေရာကို မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနရဲ့ဌားရမ်းခပေါက်ဈေးသတ်မှတ်ချက်အတိုင်း ဌားရမ်းခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီအမှုကို ဒီနေ့အထူးတရားရုံးတရားခွင်မှာ မန္တလေးတိုင်းတရားရုံးချုပ် တရားသူကြီးဦးမြင့်စန်းက စစ်ဆေးတာဖြစ်ပြီး ကျန်တဲ့အမှုတွေကို ဇန်နဝါရီ ၇ရက်ကို ပြန်လည်ချိန်းဆိုထားတယ်လို့သိရပါတယ်



