ၾကားသိရသမွ်

ဓာတုဆေးသုံးပြီး ၂ ရက်အတွင်း ဈေးကွက်ထဲရောက်လာတဲ့ ပဲပင်ပေါက်များ

ပဲပင်ပေါက်ကို ပဲလုံးစေ့ရေစိမ် အညှောင့်ပေါက် ဈေးကွက်ထဲရောက်လို့ ထင်နေကြတုန်းပဲလား..

အစားအသောက်တွေကို အတုလုပ်တာ၊ ဆေးထိုး၊ ဆေးရည်စိမ်၊ အရောင်ဆိုး၊ ပေါက်ကရတွေနဲ့ ရော၊ နယ်စပ်က အရည်အသွေး ညံ့ဖျင်းတဲ့ အစားအသောက်တွေ တင်သွင်းတာ စတဲ့ အကြောင်းအရာတွေကို ဖော်ပြတဲ့ နေရာမှာ စာဖတ်သူများကို ကြောက်အောင် လန့်အောင် ဖော်ပြနေခြင်း မဟုတ်ပါဘူး။

ဝိသမလောဘသားတွေရဲ့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို သိစေချင်တာရယ်၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို သိစေချင်တဲ့ စေတနာရယ်ကြောင့် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

အခုတခါ အလှည့်ကျတာကတော့ ပဲပင်ပေါက် ဖြစ်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားတာပဲ ဖြစ်ဖြစ်၊ အစိမ်းလိုက် မုန့်ဟင်းခါးထဲ ထည့်စားတာပဲ ဖြစ်ဖြစ်၊ ဟင်းချို ချက်တာပဲ ဖြစ်ဖြစ် အတော်များများ စားကြပါတယ်။

လူတွေ အကြိုက်များတဲ့ စားစရာဆိုရင် အရည်အသွေးမီမီနဲ့ အများအပြား ထုတ်လုပ်မယ့် နည်းလမ်းကို မစဉ်းစားကြဘဲ ဘယ်လိုအတုလုပ် ဖြတ်လမ်းနည်း လိုက်လုပ်ရမလဲဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ အကျင့်ပါနေပြီလား မသိဘူးဗျာ။ ပဲပင်ပေါက်ကို အမြစ်တိုတဲ့ဆေးတဲ့၊ ပဲလုံးစေ့ကနေ အညှောင့်ပေါက်အောင် စောင့်စရာ မလိုဘူးတဲ့ဗျာ။

အဲဒီဆေးဖြန်းလိုက်ရင် ပဲပင်ပေါက် အမြစ်တွေက အလိုလို တိုသွားပြီး ရောင်းတမ်း ချက်ခြင်း ဝင်သွားတယ်ဆိုပဲ။ ပဲပင်ပေါက်တောင် ဒီလို တိုဝင်သွားရင် လူမှာတော့ ဘာတွေ တိုဝင်ဦးမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူးဗျာ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ပြည်သူတဦးကတော့ လူမှုကွန်ယက်မှာ အခုလို ရေးသားထားပါတယ်..

“ဟင်းသီးဟင်းရွက်တွေသာ ဆေးသုံးတာ ပဲပင်ပေါက်တော့ ဆေးမသုံးပါဘူးအေလို့ ခဏခဏ ကြွေးကျော်ခဲ့တာ.. ပဲပင်ပေါက်ကို စိတ်ချလက်ချဝယ်ဖို့ လက်မတွန့်ခဲ့တာ.. ခုတော့ ပဲပင်ပေါက် အမြစ်တိုဆေး တဲ့လေ.. ကျွန်မတို့ ဘယ်ဘဝကို အရှင်လတ်လတ်ရောက်နေကြပြီလဲ.. ဒီဆေးနဲ့ဆို ၃, ၄ ရက်တောင် စောင့်စရာမလိုတော့ဘူးတဲ့..”

ပဲပင်ပေါက်ဆိုတာ ပဲစေ့မှ အပင်ပေါက်လေးများ ဖြစ်လာပြီး အာဟာရဓာတ်ပြည့်စုံစွာဖြင့် ကြီးပြင်းလာသော ပဲပင်ကလေးများဖြစ်သည်။ ပဲပင်ပေါက်သည် ၃, ၄ ရက်အတွင်း ပေါက်လာသော ဟင်းရွက်တစ်မျိုး ဖြစ်ပါသည်။ စီးပွားဖြစ် ဆောင်ရွက်နိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

ပဲပင်ပေါက်တွင် အာဟာရဓာတ်မျိုးစုံ ပါဝင်ပြီး ရေ ၊ ပရိုတင်း ၊ ကယ်စီယမ် ၊ ဗီတာမင်ဘီ 1, ဘီတာမင်ဘီ 2 တို့ အဓိက ပါဝင်ပါသည်။