အချစ်နှင့်ဘဝ

သူကိုယ့်ကို မချစ်တော့ဘူးလို့ ခံစားရပြီဆိုရင်

သိပ်ချစ်တဲ့ချစ်သူတွေကြားမှာ ရှိတဲ့ချစ်ခြင်းတွေကို ပြန်လည် ရှင်သန်လာနိုင်ဖို့ အတွက် အရင်က ရှိခဲ့ဖူးတဲ့အတိတ်ရဲ့ နေ့ရက်လေးတွေကို ပြန်လည် အသက်သွင်းလိုက်ပါနော်။

ချစ်သူတွေကြားမှာ ဘာက အရေးအကြီးဆုံးလဲ ဆိုရင်တော့ အချစ်ပါ။ ချစ်သူတွေအတွက်ကတော့ အချစ်ထက်ပို အရေးကြီးတဲ့အရာ ဘာမှ မရှိပါဘူး။ အချစ်သာ ဘဝ၊ အချစ်သာ အသက်ရှင်ရတဲ့မျှော်လင့်ချက်လေးပါပဲ။ တကယ်လို့ သိပ်ချစ်တဲ့ချစ်သူတွေကြားမှာ သူ့ကိုယ့်ကို မချစ်တော့ဘူးလို့ ခံစားရပြီဆိုရင် ပြန်ချစ်လာအောင် ဘယ်လိုလေး ပြုလုပ်ပေးရမလဲ ဆိုတာကို ပြောပြချင်ပါတယ်။ နှစ်ကိုယ့်တစ်စိတ် ချစ်သူတွေဆိုတာကတော့ ဘယ်လိုပုံစံလေး ဖြစ်မလဲဆိုတာကိုလည်း သိထားပေးပါနော်။

အရင်က ကြည်နူးစရာလေးတွေကို ပြန်ပြောပြပါ

အမှတ်တရဆိုတာမျိုးက ပြန်လည် သတိရတိုင်း ကြည်နူးစရာ အတိတ်လေးကို ခေါ်ဆောင်သွားနိုင်ပါတယ်။ သိပ်ချစ်တဲ့ချစ်သူတွေကြားမှာ ရှိတဲ့ချစ်ခြင်းတွေကို ပြန်လည် ရှင်သန်လာနိုင်ဖို့ အတွက်ကတော့ အရင်က ရှိခဲ့ဖူးတဲ့အတိတ်ရဲ့ နေ့ရက်လေးတွေကို ပြန်လည် အသက်သွင်းလိုက်ပါနော်။ အချိန်တစ်ခုမှာ ရှိခဲ့တဲ့ပျော်ရွှင်စရာလေးတွေကို ပြန်လည် ပြောပြတာမျိုးကို ပြုလုပ်ပေးပြီး ထိုအချိန်တုန်းက ရခဲ့တဲ့ ပျော်စရာလေးတွေဆီ ခဏ ပြန်သွားလိုက်ပါ။

အချိန် ခဏယူလိုက်ပါ

ရှိခြင်းဆိုတာကို သိသာစေနိုင်ဖို့ အတွက်ကတော့ မရှိခြင်းဆိုတာက လိုအပ်ပါတယ်။ ဒီအတိုင်းပါပဲ။ ဘေးနား အမြဲ ရှိပေးနေတဲ့အတွက် တန်ဖိုးထားရကောင်းမှန်း မသိတာတို့၊ အလေး မထားတော့တာတို့၊ အချိန်မပေးချင်တော့တာတို့၊ ငြီးငွေ့လာတာတို့ ဖြစ်လာပြီး မချစ်ချင်တော့သလို ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ အချိန်ခဏလေး ယူလိုက်ပါ။ အရင်ကတွေလို့ ဘေးနား သိပ်အနီးကြီး နေနေတာမျိုး မလုပ်တော့ဘဲ ခပ်လှမ်းလှမ်းကနေပဲ နေလိုက်ပါ။ အဆက်အသွယ် ဖြတ်ခိုင်းတာ မဟုတ်ဘူးနော်။ သိပ်အနီးကြီးမှာ မနေသလို သိပ်အဝေးကြီးမှာလည်း မနေဘဲ မဝေး မနီးမှာ နေဖို့ ပြောတာပါ။