ဆရာစိန်မွတ်တား၏ ကိုယ်တိုင်ရေးစာစု
” တောင်ပြုံး တောင်ပြုံး ပွဲရ တောင်ပြုံး” ဆိုတဲ့ သီချင်းကို ရေးဖွဲ့ခဲ့တဲ့ နိုင်ငံကျော် ဆိုင်းဆရာကြီး ထပ်ဆင့် အကယ်ဒမီ စိန်မွတ္တားနဲ့ သူ့ရဲ့ အဖွဲ့သားတွေ အရှက်ကွဲခဲ့ရတဲ့ပွဲ။
ရွာစားစိန်မွတ္တားနဲ့ စာဟောဆရာ ရွှေဘိုစိန်
အပိုင်း (၁)
ကျနော်အသက် ၃၀ လောက်က “အရွယ်ကောင်း အခါကောင်း ငါကွ”ဆိုတဲ့ အချိန်ပေါ့။ ရွှေဘိုမြို့ရဲ့ မြို့မျက်နှာဖုံး ဘိသိက်မြှောက်လည်း ပါဝင်တဲ့ အလှူကြီးမှာ သွားတီးတယ်။
အလှူဖိတ်စာ ဖတ်ကြည့်တော့ ဘိသိက်ဆရာနာမည် မပါလာဘူး။ ဒီလိုနဲ့ ညနေစောင်းတော့ အလှူ့ဒါယကာ + အလှူ့ဒါယိကာမ ကိုယ်တိုင် ဆိုင်းကို လာဧည့်ခံတယ်။
ကျွန်တော်ကလည်း ဘိသိက်ဆရာ အမည် မပါ၍ “ဘိသိက်ကို ဘယ်ဆရာမြှောက်မှာလဲ”လို့ မေးပါတယ်။
အလှူ့ဒါယကာက “ရွာစားရေ ဘိသိက်ကတော့ သည်းခံပေးပါ။ ရွာစားနဲ့ လိုက်ဖက်တဲ့ မုံရွာ မန်းလေးအုန်းတောက နာမည်ကြီး ဘိသိက်တွေ ငှားချင်တာပေါ့ဗျာ။ အဲ့လိုလုပ်ရင် အလှူ့ဒါယိကာမဘက်မှ ဆွေမျိုးတွေက သေခန်းပြတ်မှာ စိုးလို့နာမည်ကြီး ဘိသိက်တွေကို မငှါးဝံ့ပါဘူး။
အလှူ့ဒါယိကာမရဲ့ ဦးလေးတော်တဲ့ စာဟောဆရာကနေ ဘိသိက်ပြောင်းမြှောက်တဲ့ ရွှေဘိုဘက်မှ ဦးစိန်ကိုပဲ ခေါ်ရတယ်။
ဘိသိက်နာမည်တော့ ဘယ်လိုခေါ်လဲ ကျုပ်လည်း မသိပါဘူးဗျာ။ သူ့မှာကလည်း အလှူကူစရာဆိုလို့ ဒီပညာပဲ ရှိတယ်။ ဒါလေးတော့ ကူပါရစေဆိုတော့ ကျုပ်တို့လည်း ခက်ကုန်တာပေါ့။ ရွာစားကို လာနှုတ်ဆက်ရင်း အဲ့ဒါလေးလည်း မေတ္တာရပ်ခံရင်း လာတောင်းပန်တာပါ” ဆိုပြီး ပြောလာပါတယ်။

အပိုင်း (၂)
အလှူကြီးနေ့ နံနက်ဧည့်ခံပြီး ဘိသိက်ခန်းအတွက် ပြင်ဆင်ချိန်မှာ ကျနော်တို့လည်း နားနေတာပေါ့။ မှတ်မှတ်ရရ အဲ့ဒီအချိန်က ကျွန်တော့်အကိုဆရာ စိန်ကျော်ဒင်က ရွှေဘို ရဲတပ်ဖွဲ့ဆိုင်းမှာ လာတီးနေတဲ့ အချိန်ပေါ့။
ကျွန်နော့်ဆီလည်း အလည်လာရင်း ဆရာတပည့် စကားကောင်းနေတုန်း မဏ္ဍပ်ရှေ့ကို ဆိုက်ကားတစီး ဆိုက်ရောက်လာပြီး ဆိုက်ကားဆရာက ဆိုက်ကားကို မဏ္ဍပ်တိုင်နဲ့ကပ်၊ ကြိုးသော့နဲ့ တွဲချည်လို့ သော့ သေချာခတ်တယ်။
ပြီးတော့မှ အဝတ်ထုပ်လေး ချိုင်းကြား ညှပ်ပြီး မဏ္ဍပ်ထဲ ကုပ်ကုပ်လေး ဝင်လာတာ တွေ့ရတယ်။ ပြီးတော့ ဆိုင်းရဲ့ ညာဘက်မောင်းချောင် အစွန်းမှာ ယို့ယို့လေးထိုင်နေပါရောဗျာ။ အလှူမှ တယောက် နှစ်ယောက်က သူ့ကို လာနှုတ်ဆက်တာလည်း တွေ့ပါရဲ့။
လူသေချာကြည့်တော့ အသက် ၆၀ လောက်။ အဝတ်အစားကလည်း ဆိုက်ကားနင်းရင်း ဝတ်ထားတဲ့ အဝတ်နွမ်းနွမ်းနဲ့။ မုံရွာနယ်ရဲ့ ပြောနည်းနဲ့ ပြောရရင်တော့ လူပုံစံက စုတ်မှစုတ်။
အချိန်ကျတော့ ဆိုင်းသမားတွေက “ဘိသိက်ကလည်း ဆိုင်းလိုက်တာကွာ။ ခုထိ မလာသေးဘူး” ဆိုတဲ့ ပြောသံကို ကြားပုံရသွားပြီး ဆိုင်းသမားတယောက်ကို တိုးတိုးလေးကပ်ပြီး “ကျွန်တော် ဘိသိက်ပါဗျာ”လို့ မဝံ့မရဲ ပြောရှာတယ်။
ဆိုင်းသမားကလည်း “ခင်ဗျားကလည်း စောစောရောက်တာ မပြောဘူး။ သွား …သွား၊ ဘိသိက်ပွဲပြင်။ ကျုပ်တို့က ပွဲကူးနဲ့ဗျ”လို့ ငေါက်လိုက်တော့ “ဟုတ်ကဲ့၊ ဟုတ်ကဲ့” ဆိုပြီး ပြာပြာသလဲနဲ့ အလှူအိမ်ထဲ ဝင်သွားတယ် ။
ရွှေဘိုစိန် အပိုင်း (၃)
ဘိသိက်ဆရာက ဘိသိက်ပွဲကို ကိုယ်တိုင်ပြင်တယ်။ ရေသွန်းခရု မပါတော့ ဖန်ခွက်တစ်ခွက်ထဲ ရေထည့်။ သပြေခက်တွေ စိုက်။
ချိုင်းကြားညှပ်ထားတဲ့ အထုပ် ဖြည်ပြီး သိုရင်းအင်္ကျီ အနွမ်းနဲ့ တောင်ရှည်အနွမ်းကို ဝတ်ဆင်ပါတယ်။ ခါးပတ်မပါလို့ ကြိုးတစ်ချောင်း ခါးစည်းပြီး တောင်ရှည်နဲ့ ဖုံးတာလည်း မြင်လိုက်ရတယ်။
ကျနော်လည်း စိတ်ညစ်ညစ်နဲ့ပဲ သူ့ကို ဆိုင်းဝိုင်းထဲက ကြည့်နေရတာပေါ့။ ခေါင်းပေါင်းလည်း မပါ။ ပုဝါစပဲ ပါတယ်။ အဲ့ဒီမှာ သူ့ပညာ တစွန်းတစ မြင်လိုက်ရတယ်။ ကြည့်စရာ မှန်မပါဘဲနဲ့ ခေါင်းပေါင်းကို အလွတ်ပေါင်းသွားတယ်။ ခုခေတ် READY MADE တွေထက်ကို သေသပ်လှပတာ တွေ့ရတယ်။
ကျနော် အံ့သြမိတယ်။ ဒါ ပညာရပ်တခုပဲ။ ပြီးတော့ ကျွန့်တော့်နားကပ်လာပြီး ရိုသေစွာ ပြောပါတယ်။ “ဆိုင်းဆရာ … ဘိသိက်ခန်း စလို့ ရပါပြီ” တဲ့။ ကျွန်တော်လည်း စည်ရွမ်းပေးလိုက်တယ်။ စည်ရွမ်းပြီး တေတျာဆုံးတော့ ဘိသိက်ဆရာ ထပါပြီ။
ဘုရားစင်ဘက် လှည့်၊ လက်အုပ်ချီကန်တော့ပြီး ပရိသတ်ဘက် မျက်နှာမူလိုက်တယ်။ လက်တစ်ဖက်က ခါးကိုထောက်၊ ကျန်တစ်ဖက်က တောင်ရှည်စကိုကိုင်၊ ရင်ကော့ပြီး ကျော့ကျော့မော့မော့လေး ဟန်ပေးထားတယ်။ အတော်ကြည့်ကောင်းတယ်။ အင်္ဂါရုပ် ညံ့တာတွေ၊ အဝတ်စားနွမ်းတာတွေ မျက်စိထဲမှာ အကုန်ပျောက်ကုန်တယ်။
အဲ့အချိန်မှာပဲ ဘိသိက်ဆရာက ချောင်းတချက် ဟန့်ပြီး ဆိုင်းကို ဂျိတောင်းတယ်။ ပတ်မကြီး. လင်းကွင်းနဲ့ ဂျိဆို့ပေးလိုက်တယ်။ ပရိတ်သတ်က ဘိသိက်ဆရာကို မှင်သက်မိနေပြီ။ အချိန်တိုတွင်းမှာ ဘိသိက်ဆရာဟာ ပရိသတ်အာရုံ ကို ဖမ်းစားလိုက်နိုင်တယ်။ “ကျန်းမာတော်မူကြရဲ့လား? ဆွေမျိုးတွေရဲ့”လို့ ပြောပြီး နှုတ်ခွန်းဆက်လိုက်တယ်။
“ငစိန်တို့ကတော့ ဝမ်းစာရေးအတွက် ကျန်းမာဆေးတစ်ခွက် ဆိုသလို နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတော့ ကျန်းမာပါတယ်။ တူ တူမတွေရဲ့ ထိပ်တန်း အလှူကြီးမှာ ခွံနီ ငကျွဲ ပေါ်ဆန်းမွှေးတွေ တတ်နိုင်ပါလျက်နဲ့ (လက်ခုပ်တီးပြီး) ဟေ့ … ဂျိတို့ထဲမှာ ငစိန်ဆန် (ဆန်ညံ့) လေး ရှိသားပဲ။
(ရင်ဘတ်ပုတ်ပြီး) ဒီက ငစိန်ဆန်လေးကို ညှာတာ ထောက်ထား မြှောက်စားလိုက်တာဟာလည်း `ဉာတကာနဉ္စ သင်္ဂဟောဆိုတဲ့ မင်္ဂလာတရားတော်နဲ့လည်း ကိုက်ညီပါတယ်။ စားသုံးနားဆင်ကြတဲ့ အလှူလာ မိတ်ဆွေများလည်း အားနာပါရဲ့။
တခါတလေ ငစိန်ဆန်လေးရဲ့ အရသာလေးလည်း ခံစားကြပါအုံး”လို့ ပြောလိုက်တော့ ပရိသတ်က တဖြည်းဖြည်းခြင်း စိမ့်ပြီး တဝေါဝေါ ပွဲကျသွားတယ်။
“စာဟောပွဲတွေ တိမ်ကောသွားတော့ ငစိန်ဟာ ဘိသိက်ဘက်ကို ကူးခဲ့ပါတယ်။ နာမ ဌာန ပကာသန မပြည့်စုံတော့ ကိုယ့်ဘဝကို ခဝါချပြီး နေခဲ့တာဟာ ဒီနေ့ဆို ငစိန်တစ်ယောက် ခြေနင်းစကြာ ပိုင်ရှင်ကြီး ဖြစ်ခဲ့ပါပြီ” ဆိုပြီး ဆိုက်ကားနင်းဟန် ပြပါတယ်။
ပရိသတ်က ရယ်အားထက် သနားတဲ့ဘက် ပိုစောင်းသွားတယ်။ ဘိသိက်ဆရာဟာ အသံသြဇာက ကောင်း၊ လျှာပေါင်က ပဲ့၊ လျှာကိုက်က နာ၊ ကရုဏာသံက ပါသေးဆိုတော့ ပရိသတ်က ဆိုင်းမေ့ပြီး ဘိသိက်ဘက် ပါသွားတော့တယ်။
ပရိသတ်က ဘိသိက်ဘက် ပါတာကို ကျွန်တော်က မကောင်းစိတ်ဝင် သဝန်တိုပြီး “ဒီဘိသိက်တော့ ဂျောက်ချအုံးမှပဲ” ဆိုပြီး ပရိသတ် လုမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုင်းကို သံတီးခေါ် အသံတစ်သံ မသိ မသာ မြှင့်လိုက်တယ်။ အလွယ်ပြောရရင် မသိမသာ key change လိုက်တယ်ပေါ့။
ဒီအချိန်ထိ ဘိသိက်က အသံမပြသေးဘူး။ မဆိုသေးဘူး။ ဆိုချင် ဆိုလေ။ ချိန်းထားတဲ့ အသံအရဆိုရင် သေမယ်မှတ်။ ဆိုင်းနောက်ထိုင်နေတဲ့ စိန်ကျော်ဒင်ကတော့ “ဒီကောင် ဘာလုပ်တာလဲ” ဆိုတဲ့ မျက်လုံးနဲ့ ကျနော့်ကို ကြည့်နေလေရဲ့။

ရွှေဘိုစိန် အပိုင်း (၄)
ဘိသိက်ဆရာက ဆိုင်းဘက်လှည့်လာပါပြီ။ “ရွာစားရေ … အလှူဂုဏ်ပြုတဲ့ အနေနဲ့ စိန်ကြောင်နီလာ ပတ်ပျိုး လေး ဆိုပါရစေ” လို့ ပြောတော့ ကျွန်တော်ကလဲ နှုတ်ကနေ “ဆိုပါ၊ ဆိုပါ” လို့ပြောပြီး စိတ်ထဲကတော့ “ဒီဘိသိက်ဆရာ သေတော့မယ်”လို့ကြိမ်းပြီး ကြိတ်ပြုံးလေး ပြုံးနေမိတယ်။
ကျွန်တော်ကလည်း သံတီးနဲ့ ပတ်စာကပ်ထားတဲ့ အသံကို ပေးလိုက်ပါတယ်။ ဆိုပါပြီ။ “စိန်ကြောင်နီလာ ထိန်ဝါဝင်း မှည့်ဖန်ရှိန် သိင်္ဂါအရောင်ဝေးး မှောင်ခြွေပယ်ခွါ မျက်မွန် ရတနာငယ်လေး “လို့ ဆိုတယ်။
ကျွန်တော်က ဝိုင်းထဲမှ လှမ်းတားလိုက်တယ်။ တပ်းးး ဂျိ ။ ပရိသတ်လည်း မျက်လုံပြူး မျက်ဆံပြူးနဲ့ ကျနော့်ဘက် ပါလာတယ်။ ဘိသိက်ကလည်း အံ့သြတဲ့အကြည့်နဲ့ ကျွန်တော့ကို လှည့်ကြည်တယ်။
ကျွန်တော်က “ဒီမှာ ဘိသိက်ဆရာ … မဟာဂီတ စာအုပ်ကို သေချာကြည့်ပါအုံး။
`မျက်မွန် မဟုတ်ဘူး။ `မြတ်မွန်…မြတ်မွန် ပြင်ဆိုပါ” လို့ ခပ်ဆတ်ဆတ်လေး ပြောချလိုက်တယ်။ ကျွန်နော့် ရင်ထဲမှာလည်း “ဟဲ… ဟဲ… ဟဲ၊ ငါကွ” ဆိုပြီး ကျေနပ်နေတာပေါ့။
အဲ့ဒီမှာ ဘိသိက်ဆရာက ပျော့ပျောင်းတဲ့ လေချိုအေးလေးနဲ့ “သြော် … ဆရာရယ်၊ ရှေးစာများနဲ့ ရှေးဆရာများက မျက်မွန်လို့ လာပါတယ်။
`မျက်ဆိုတာ `ရွှေကို ခေါ်ပါတယ်။ ဆရာတို့ မန်းလေးမှာ မျက်ပါးရပ်ကို ရွှေပါးရပ်လို့ ခေါ်ပါသလား ဆရာရယ်။ ဒါကြောင့် မျက်မွန်ဟာ အမှန်ဖြစ်ပါတယ်။ နောက်ရိုက် စက်တင်တဲ့စာတွေ လွဲမှားနေတာကို အမှန်ယူနေတာလား?။
ဆရာပြောတဲ့ မြတ်မွန်ကတော့ သာဓုမိန်းမဗျ”လို့ အာလုပ်သံနဲ့ ဆောင့်ပြောချလိုက်တယ်။
ပရိသတ်လည်း ဝေါကနဲ ဝါးလုံးကွဲ ပွဲကျသွားတာဗျာ။ ကျွန်တော်လဲ ခံလိုက်ရပြီး ရှက်လိုက်တာဗျာ။ ဆိုင်းဝိုင်းထဲမှာ မျက်နှာကို ဘယ်ထားရမှန်း မသိဘူး။ ဒါနဲ့ ဘိသိက်ဆရာက ဆက်ဆိုပါတယ်။ ဆိုတာမှ ပတ်ပျိုးကို အစအဆုံး ဆိုတော့တာပဲ။ နောက်အပိုဒ်တွေ ဆက်ဆိုတော့ ကျနော် ဒုက္ခရောက်နေပြီ။
ကိုယ်ချိန်းတဲ့အသံ ကိုယ် မနိုင်မနင်း ဖြစ်နေပြီ။ သီချင်းကြီးလက်ဆိုတော့ ပိုဆိုးတာ ပေါ့။ ဘိသိက်ဆရာ အတွက်ကတော့ သေချာ ကီးချိန်ပေးထားသလိုပဲ။ မြေကျက သာသေး၊ သီချင်းကြီး အဆိုက တတ်သေး၊ မင်းတို့ ငါ့နောက်လိုက်ခဲ့ ဆိုတဲ့ အဆိုမျိုး။ နိုင်နိုင်နင်းနင်းနဲ့ ဆိုင်းအပေါ် စီးပြီး ဆိုသွားတာ။
အဲ့ဒီမှာ ဆရာစိန်ကျော်ဒင် မနေသာတော့ဘဲ ကြေးဝိုင်းထဲ ဝင်လာပြီး ကျွန်တော့်အား ဝင်ကယ်တယ်။ တချို့ ပရိသတ်က သိနေပြီ။ ဆိုင်းကို ပြုံးကြည့်နေကြတယ်။ ဘိသိက်ဆရာက ပိုသိနေပြီပေါ့။
သို့သော်လည်း ဆိုင်းကို အထင်သေးမှာ စိုးလို့ ဆိုင်းဘက်ကို ငဲ့စောင်းပင် မကြည့်ဘဲ မသိချင်ယောင်ဆောင်၍ ထိန်းကြောင်း ဆိုပေးသွားတယ်။
အကိုဆရာ စိန်ကျော်ဒင်က ကြေးဝိုင်းထဲကနေပြီး ကျွန်တော့်အား လှမ်း၍ “ခွေးမျိုး၊ သူများ မကောင်းကြံ၊ ကိုယ့်ဘေးဒဏ်ထိ ဆိုတာ ဒါမျိုးပဲ” လို့ ဆူပါတယ်။ “မင်းအသံ ပြန်ချိန်း” ဟုပြော၍ ကျွန်တော့်အသံကို သံမှန် ပြန်ချိန်းရတော့တယ်။
မချိန်းရင်လည်း ကိုယ်ပဲ ယက်ကန်ယက်ကန်နဲ့ ဆက်ဒုက္ခ တွေ့နေမှာဆိုတော့ အမြန်ပြောင်းရတယ်။
အသံချိန်းပြီးတော့ ဘိသိက်ဆရာက “ကဲ… ရွာစားရေ၊ ဘုရားပင့်ကြအုံးစို့ရဲ့”လို့ ဆိုပြီး ပြောပါတယ်။ သူကသာ ဘုရားပင့်မယ်လို့ ပြောတာ။ ကိုယ်ကတော့ ရင်ထဲမှာ `ဘုရား ဘုရား တနေရလေသတည်းးးးး

ရွှေဘိုစိန် အပိုင်း (၅)
ထိုအချိန်က ကျွန်တော့်ရဲ့ ဆိုင်းနောက်ထများမှာ ဦးအာကာ၊ ဦးတိမ်ညွန့်တို့ ဖြစ်ပါတယ်။ သက်ကြီး ဝါကြီးများ ဖြစ်ပါတယ်။ ဘိသိက်က ဘုရားပင့်မယ် ဆိုတော့ ကျွန်တော်အလွန်အားကိုးရတဲ့ ဦးအာကာ ထလာပါတယ်။
ဘိသိက်ဆရာကို မထီလေးစား အကြည့်နဲ့ မျက်နှာပေး ပေးထားတယ်။ ပရိသတ်ကလည်း ဘိသိက်တော့ အတွယ်ခံရတော့မယ်ဆိုတဲ့ အမြင်နဲ့ ခေါင်းတမော့မော့ ဖြစ်နေပြီ။
ဦးအာကာက “ဒီမယ် ဒီမယ် ဘိသိက်ဆရာ၊ ခင်ဗျားက ဘယ်ဘုရား ပင့်မှာတုန်း။ ကျုပ်မေးတာ ဖြေနိုင်ရင် စာမေးပွဲ အောင်ပြီမှတ်။ ဘိသိက် ဆက်မြှောက်။ မဖြေနိုင်ရင် ဘိသိက်ခန်းက ထွက်။ ကျုပ်ဆက်မြှောက်မယ်။ အဲ့အချိန်မှာပဲ ဦးတိမ်ညွန့်က ထပြီး “ဒီမယ် ဘိသိက်ဆရာ၊ မဖြေနိုင်ရင် ခင်ဗျားဘိသိက် ယူနီဖေါင်းချွတ်”။
ဦးအာကာက – “မင်းဝင်မြှောက်မှာလား တိမ်ညွန့်ရဲ့” လို့ ဝင်ထောက်တယ်။
ဦးတိမ်ညွန့်က – ကျုပ်အရက်နဲ့ လဲသောက်ပစ်မယ်။
ဦးအာကာက – မင်းကသာ အရက်နဲ့ လဲသောက်ချင်နေတယ်။ သူ့ဝတ်စုံက အရက်တခွက်ဖိုးတောင် တန်မှာမဟုတ်ဘူး။ (ပရိသတ် ဝေါကနဲပွဲကျ)
ဦးအာကာကပဲ ဆက်ပြီးတော့ “ကဲ ဖြေ၊ ဖြေ။ ဘယ် ဘုရားပင့်မှာတုန်း”လို့ ဆက်မေးတော့…
ဘိသိက်ဆရာက – လေအေးလေးနဲ့” ဪ … ဆရာကြီးဦးအာကာ မေးလိုတာက ကံဘုရား၊ နာမ်ဘုရား၊ ဥာဏ်ဘုရား။ ဒါမှမဟုတ် ပုံတော်ဘုရား၊ ဂုဏ်တော်ဘုရား။ ဒါကို မေးချင်တယ် မှတ်လား”ဟု ဦးအာကာ မေးလိုသည်ကို ထိပ်က ပိတ်ထားလိုက်တယ်။ ဦးအာကာ နှုတ်ဆွံ့သွားတယ်။
ဘိသိက်က ဆက်ပြီး ပြောတယ်။ “ဒါတွေက ပရိယာယ် စကားတွေပါ။ ပြောရတာ အရသာ မရှိပါဘူးဗျာ”။
ဒါနဲ့ ဦးအာကာက မေးပါတော့တယ်။ “ဒီလိုဆို ခင်ဗျားပင့်မှာက ဘာဘုရားတုန်းဗျ”။
ဘိသိက်ဆရာက – “ဦးအာကာရေ ခင်ဗျားကို တစ်ခု မေးပါရစေ။ နိယာမငါးပါးကို သိတယ်မို့လား” လို့ မေးတော့ ဦးအာကာ ကြောင်နေလေသည်။ ဒါပေမယ့် ဦးအာကာ စကားရှောင်တယ်။ ရှောင်တဲ့စကားကလည်း လှတယ်။
“ဘိသိက်ဆရာ … အမိန့်ရှိပါဗျာ။ ကျုပ်ပြောရင် ခင်ဗျားတတ်နေလိမ့်မယ်”လို့ ပြောပါတယ်။
ဘိသိက်ဆရာက – “ဟုတ်ကဲ့။ နိယာမငါးပါးဆိုတာက စိတ္တနိယာမ၊ ဓမ္မနိယာမ၊ ဗီဇနိယာမ၊ ဥတုနိယာမ၊ ကမ္မနိ ယာမလို့ ငါးပါးရှိပါတယ်။
ဗီဇနိယာမဆိုတာ = တောထဲက ကျားလျှာဆူး ဘယ်သူချွန်ပေးသလဲ? ဒါက ဗီဇနိယာမပါပဲ။
တောထဲမှာ အလေ့ကျပေါက်တဲ့ ရွေးစေ့လေးတွေ အနီတခြမ်း၊ အနက်တခြမ်း။ ဘယ်သူမှ ဆေးဆိုးပေးတာ မဟုတ်ဘူး။ ဒါ ဗီဇနိယာမပေါ့။
ဥတုနိယာမ ဆိုတာ = နွေ မိုး ဆောင်း ဘယ်သူမှ တက်ပြောင်းတာ မဟုတ်ဘူး။ ပူချိန်တန် ပူ။ အေးချိန်တန် အေး။ ရွာချိန်တန် ရွာ။ လေအခါ လေတိုက်တာ။ ဒါ… ဥတုနိယာမပဲ။
အဲ့ဒီအခါမှာ ဦးတိမ်ညွန့်က “ဘုရားကို မေးနေတာ။ ဘုရားကို မေးနေတာ။ မသိလို့ စကားကြောရှည်နေတာလား?” လို့ ဝင်ထောက်တယ်။ ဦးအာကာကတော့ ဆက်နားထောင်တယ်။
ဘိသိက်ဆရာက – ဟုတ်ကဲ့။ ရောက်မှာပါ။ ခင်ဗျားတို့ သိချင်တဲ့ဘုရားဆီ ရောက်မှာပါ။
စိတ္တနိယာမ ခေါ်တဲ့ အစဉ်အမြဲ ရှိနေသောစိတ်။ သိဒ္ဓတ္ထမင်းသားရဲ့ ရင်ထဲမှာ ကိန်းအောင်း အစဉ်အမြဲ ရှိနေသော စိတ္တနိယာမနဲ့ လောကမှာ အစဉ်အမြဲ ရှိနေသော ဓမ္မနိယာမ။
အဲ့…နှစ်ပါးဆိုပြီး ဖြောင်းးး ကနဲ လက်ဝါးနှစ်ဘက် ကျယ်ကျယ် ရိုက်ပြတယ်။ ဒီလိုတိုက်ဆိုင်လိုက်တော့ လောကမှာ ဘုရားဆိုပြီး ပွင့်တော်မူလာတယ်။ ကဲ … ဦးအာကာ၊ ဒီ့ထက် သိရင်လဲ ပြောပြပေးပါအုံးဗျာ လို့ ပြန်မေးတယ်။
ဦးအာကာကလည်း “ကျုပ်က အဲ့လောက် မသိဘူး”ဟု လျှောခံတော့တယ်။ ပရိသတ်လည်း ဝေါခနဲ ပွဲကျသွားတယ်။
ဦးအာကာက ဆက်ပြီး “နေဦး၊ နေဦး။ မေးဦးမယ်။ သိဒ္ဓတ္ထမင်းသားက သောကြာသား ဖြစ်ပါလျက်နဲ့ ဘုရားဖြစ်တော့ ဂေါတမလို့ ဘာလို့ ဘွဲ့တော်ခံတာလဲ? ဖြေပါအုံး”လို့ မေးတယ်။
ဘိသိက်က”ဪ … ဒါလာ။ ဘုရားရှင်ရဲ့ အမျိုးအနွယ်ဟာ သတိုးအာဒိစ္စ သာကီယ အနွယ်ဝင်ဆိုတော့ ဣဿရ ဂုဏ်မာန အင်မတန် ကြီးမားတာကိုးဗျ။
ဘုရားက အဲ့အနွယ်ကို ပယ်မြစ်တော်မူလိုတာကြောင့် ဂွတ္တ ဂေါတမော ဂေါတမလို့ ဘွဲ့တော်ခံယူတယ်လို့ သိရပါတယ်။ ဦးအာကာများ ဒီ့ထက်သိရင် ပြောပြပါအုံးဗျာ”လို့ မေးပြန်တယ်။
ဦးအာကာကလည်း “ကျုပ်လည်း အဲ့လောက်တော့ မသိပါဘူးဗျာ” ဆိုပြီး ထပ်လျှောခံပြန်တယ်။ ပရိသတ်လည်း ဝေါကနဲ ပွဲကျသွားပြန်တယ်။
ဦးအာကာကလည်း “နေအုံးးး ထပ်မေးဦးမယ်” ဆိုကာ မောင်းတင်လာပြန်တယ်။ “ဘိသိက်ဆရာပြောလို့ ဘုရားအစ၊ တရားအစ သိရပြီ။ ရဟန်းသံဃာအစ ဖြေစမ်းပါအုံး” လို့ မေးတယ်။
ဘိသိက်က “ကဲ…ဦးအာကာရေ၊ ဒီတခါ ခင်ဗျားဘာသာ ခင်ဗျားဖြေပါတော့။ ကျုပ်လည်း ပညာရတာပေါ့”လို့ ပြန်ပြောတယ်။
ဦးအာကာက “သိနေတယ်လေ၊ သိနေတယ်။ ဒီနေရာ မိနေမယ်ဆိုတာ သိနေတယ်လေ”လို့ ပြောတယ်။ ပရိသတ်ကလည်း ဦးအာကာကို သဘောကျပြီး လက်ခုပ်သြဘာ ပေးကြတယ်။ ပရိသတ်ကတော့ အတော်ကိုအားရနေပြီ ဖြစ်ပါတယ်။
အဲ့ဒီအချိန်မှာပဲ ဦးအာကာက
“စာအစ ကျမ်းအစ နမော က။
သိမ်အစ ကလျာဏီ က။
ရှင်အစ ရာဟုလာက။
ရဟန်းအစ ကောဏ္ဍညက။
တွံ – တပည့်ကြီး မောင်စိန်၊ ဂဏှာဟိ – မှတ်လေလော” ဟု ပြောချလိုက်လေသည်။ ပရိသတ်လည်း ဝေါကနဲ ပွဲကျပြန်တယ်။
ဘိသိက်ဆရာက ပြုံးခံနေတယ်။ သို့သော် တခုခု လေးလေးနက်နက် စဉ်းစားနေဟန် မျက်နှာတွင် ရိပ်ခနဲ တွေ့လိုက်ရတယ်။ အဲ့ဒီနောက်တော့…
ဘိသိက်ဆရာက – “ဦးအာကာက ရဟန်းအစ ကောဏ္ဍညက”လို့ ပြောတယ်နော်။
ဦးအာကာ – “ဟုတ်ပ၊ ဟုတ်ပ။”
ဘိသိက် – “အဲ့ဒါ ဘုရားပွင့်ပြီးမှနော်။”
ဦးအာကာ – “ဟုတ်ပ ဟုတ်ပ”
ဘိသိက် -“အဲ့လိုဆို ဦးအာကာကို တစ်ခု မေးချင်တယ်။”
ဦးအာကာ – “မေး မေး။ တပည့်ကြီးမေးးး”။
ပရိသတ်ကတော့ တဝေါဝေါနဲ့ သဘောကျနေတယ်။
ဘိသိက် – “သိဒ္ဓတ္ထ မင်းသားအဖြစ် ရှိစဉ်က နိမိတ်ကြီး လေးပါးပြတဲ့ `သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ အဲ့ဒီနိမိတ်ထဲက ရဟန်းက ကောဏ္ဍညထက် မစောဘူးလားဗျာ”လို့ ဒက်ကနဲ မေးချလိုက်ရာ ဦးအာကာလဲ မျက်နှာ ပျက်သွားတယ်။ ပရိတ်သတ်လဲ `ဟာကနဲ ဖြစ်ပြီးနောက် ဝေါ.ကနဲ ပွဲကျသွားလေသတည်းးးး

ရွှေဘိုစိန် အပိုင်း (၆)
ထိုသို့ပရိသတ် ပွဲကျသွားတဲ့အခါ ဦးအာကာက မျက်နှာနီရဲလာပြီး ဒေါသသံဖြင့် “ဟေ့ ဟေ့ ဘိသိက်၊ မင်းကို မေးစရာ ရှိသေးတယ်” ဆိုကာ မင်းနဲ့ငါ ပြောလာတယ်။ ဒေါသလည်း ထွက်လာတာကို တွေ့ရတယ်။ ပရိသတ်လည်း ခေါင်းတွေကို ထောင်လို့ ပွဲကြီးပွဲကောင်း တွေ့နေတာပေါ့။
ဦးအာကာက – “မင်းကိုယ်မင်း ကိုယ့်မြင်း ကိုယ်စီးပြီး အထီးမှန်း အမမှန်း သိရဲ့လား?။ မင်းတို့ ဘိသိက်ဆိုတာ ဘယ်တုန်းက စတာလဲ?။ ဘယ်က လာတာလဲ?။ ဘယ်သူက စခဲ့တာလဲ?။ သိရဲ့လားးး မင်းသိချင် သိပါလိမ့်မယ်။ သိလျက်နဲ့ ရှက်လို့ ဖုံးဖိထားတာလည်း ဖြစ်ပါလိမ့်မယ်။ သိချင်တဲ့ ပရိသတ်အတွက်ကတော့ ငါ ပြောရလိမ့်မယ်ကွ”။ အဲဒီအချိန်မှာ….
ဦးတိမ်ညွန့်က – “ဘိသိက်ဆရာရေ…မင်းတကယ်မသိရင် စာအုပ်နဲ့ခဲတံထုတ်။ တခါထဲ လိုက်မှတ်”လို့ လေအေးကြီးနဲ့ ဝင်ထောက်တယ်။ အဲ့တော့ ဦးအာကာက “ဘောပင်လောက်တော့ လုပ်ပါကွာ မင်းကလဲ”လို့ ဝင်ပြောတော့ ဦးတိမ်ညွန့်က “မင့်ဘိသိက်က ဘောပင် မပြောနဲ့။ ခဲတံတောင် လည်ငှါးရအုံးမှာ” လို့ ပြန်ပြောတယ်။
အဲ့ဒီအချိန်ထိ ပရိတ်သတ်ကား ငြိမ်လျက် အာရုံစိုက်နေကြတယ်။ တုပ်တုပ်မျှ မလှုပ်ကြပေ။ ဦးအာကာ ဒေါသထွက်သလောက် ဘိသိက်ကား ဣန္ဒြေ မပျက်။ တည်ငြိမ်စွာဖြင့် “ဟုတ်ကဲ့။ ဆရာကြီး ဦးအာကာ .. အမိန့်ရှိပါဦး ခင်ဗျာ။ ကျွန်တော် မှတ်ယူပါ့မယ်”လို့ ပြောပါတယ်။
ဦးအာကာက လေပူတိုက်၍ အသံဟိန်းစွာဖြင့်
“အေးး မသေမချင်း မှတ်ထား။ ဘိသိက်အစ တိရစ်ဆာနိကကွ” ဟု ပြောချလိုက်ပြီး ပတ်မနဲ့ လင်ကွင်းက ကျယ်လောင်စွာ ဂျီးးးဆိုတဲ့ အသံကြီးလဲ ဖွင့်ချလာရာ ပရိသတ်လဲ ”ဟာ ကနဲ၊ ဟင် ကနဲ” ဖြင့် ကျွက်စီကျွက်စီ ဖြစ်သွားကြကုန်၏။
ရွှေဘိုစိန် အပိုင်း (၇)
ဦးအာကာက ဆက်၍ – တိကနိပါတ် ဝဍ်ဎကီသုကရ ဇာတ်တော်ကို ထောက်ပြီး “ရှေးအခါက ဗာရာဏသီပြည်မှာ တပည့်ငါးရာနဲ့ လက်သမားဆရာကြီး ရှိတယ်။ နာမည်က ဝဍ်ဎကီတဲ့။ မှတ်ထား။ ဆရာကြီးအိမ်မှာ ဘုရာအလောင်းတော်ကလည်း ဝက်ဘဝ ဖြစ်နေတယ်။ ဆရာကြီးက အဲ့ဒီဝက်ကို သားသမီးလိုချစ်လို့ `သုကရလို့ နာမည်ပေးထားတယ်။ မှတ်ထားနော်။
သုကရဝက်ပျို အရွယ် ရောက်လာတော့ ဆရာကြီးက “ချစ်သားသုကရ၊ လူတွေနဲ့ အတူနေတာ သင့်အတွက် အန္တရာယ် များလှတယ်။ ချစ်သားကို ဘေးမဲ့ပေးပါ၏။ တောသို့ဝင်၍ မိမိအမျိုးများနဲ့ စုပေါင်းနေချေလော့”ဟု ဆိုကာ တောထဲ လွှတ်လိုက်တယ်။ မှတ်ထားနော် သေချာ။
အဲဒါနဲ့ ဝက်ပျိုလဲ ဝက်များ စုဝေးနေထိုင်တဲ့ တောကို ရောက်ရှိသွားတယ်။ သုကရဝက်ပျိုက စတင်နှုတ်ဆက်တယ်။ “အို … အဆွေတော်တို့၊ အစာရေစာ ပေါများပါစ? ဘေးရန်များ ကင်းရှင်းပါစ?” လို့ စတင် နှုတ်ခွန်းဆက်တယ်။
ဝက်များက ပြန်ဖြေတာမှာ “အစာရေစာ ပေါများပါရဲ့။ သို့ပေမယ့် အနီးနားမှာ ကျားငစဉ်းလဲတကောင်၊ ရသေ့ငစဉ်းလဲ တစ်ပါးကို အမှီသဟဲပြုလို့ ကျုပ်တို့ အမျိုးအနွယ်ထဲမှ တနေ တစ်ကောင် ဆက်သနေရပါတယ်။ ဒီအန္တရာယ်ကတော့ ရှိပါတယ်”လို့ ပြန်ပြောကြတယ်။
အဲ့တော့ သုကရဝက်ပျိုက “ဒါဆို ယနေ့ကစ မဆက်သ ကြနဲ့တော့။ ကျုပ်ပြောတာသာ နားထောင်ကြ” လို့ ပြောတယ်။ “ကောင်းပါပြီ။ အားလုံးနာခံပါ့မယ်”လို့ ဝက်အပေါင်းက ကတိပြုကြတယ်။ ဝက်အပေါင်းလည်း သုကရဝက်ပျို ပြောတဲ့အတိုင်း ညီညွတ်ကြလို့ ကျားငစဉ်းလဲကို အနိုင် ရသွားပါလေရောဗျာ။
အဲ့ဒီမှာ ဝက်အပေါင်းက သုကရဝက်ပျိုကို “ငါတို့ခေါင်းဆောင်ပဲ။ သင်ဟာ ငါတို့ရဲ့ အရှင်သခင် ဖြစ်သွားပြီ။ အရှင်သခင် အထမြှောက်အောင် ဘိသိက်ခံရမယ်”လို့ ဆိုကာ သုကရဝက်ပျိုကို သစ်ခြောက်ငုတ်တိုပေါ် ထိုင်စေပြီး လက်ယာငွေခရု သပြေနုနဲ့ ဝက်တွေက ဘိသိက် ရေသွန်းလောင်းလိုက်တာ စောစောတုန်းက သစ်ခြောက်ငုတ်တိုဟာ ချက်ချင်း အကိုင်းအခက် အညွန့်တွေ ထွက် လာတယ်။ ဒါဟာလည်း ဘိသိက်မြှောက်ခြင်းရဲ့ အကျိုးကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် “ဘိသိက်အစ တိရစ်ဆာန်က”လို့ ပြောချလိုက်ရာ ပရိသတ်လည်း ဝေါကနဲ ပွဲကျတော့တယ်။
ဦးအာကာက ဆက်ပြီး “ပရိသတ်များ မယုံမရှိပါနဲ့ဗျာ။ ဘိသိက်အစ သုကရဝက်မင်းက ဆိုတာ ကျမ်းဂန်မှာ အတိအလင်း မိန့်ပါတယ်”လို့ ပြောချ လိုက်တော့ ပရိသတ်များမှ လက်ခုပ်သံများ၊ လေ ချွန်သံများပါ ကြားရ၍ ပွဲကျတော့တယ်။
ဘိသိက်ဆရာကလဲ ပြုံးပြုံးလေးဖြင့် ပြန်၍ “မှန်ပါတယ်ခင်ဗျာ။ ဦးအာကာပြောတဲ့ ဘိသိက်သမိုင်းက ကျမ်းဂန်မှာလဲ ဒီအတိုင်း လာပါတယ်။ ကဲ … ဘိသိက်သမိုင်းပြီးတော့ ခင်ဗျားတို့ လူရွှင်တော် ဘယ်တုန်းက စတာလဲ? ဘယ်သူက စတာတုန်း? လူရွှင်တော်သမိုင်း ကျွန်တော် သိချင်ပါတယ်။ အမိန့်ရှိပါအုံး”လို့ မေးပါတယ်။
ဦးအာကာ ရုတ်တရက် မဖြေနိုင် ဖြစ်နေပါတယ်။ အဲ့တုန်း ဦးတိမ်ညွန့်ကထ၍ “အောင်မယ် … လူရွှင်တော်သမိုင်းများ တိမ်ညွန့်မေးစမ်းပါ။ ဖြေပလိုက်မယ် ဟင်းးး”လို့ ဝင်ပြောတော့ ဘိသိက်ဆရာက “ကဲ…ကဲ၊ ကိုတိမ်ညွန့်ရေ အမိန့်ရှိပါ ခင်ဗျ”လို့ ထောက်ပေးလိုက်တော့ ကိုတိမ်ညွန့်က “မှတ်ထားးး ကျုပ်တို့ လူရွှင်တော်တွေကို မိန်းမရွှင်က မွေးတာဗျ”လို့ ပြောလိုက်တယ်။
ဦးတိမ်ညွန့် စကားဆုံးတာနဲ့ တပြိုက်နက် ဦးအာကာက ဦးတိမ်ညွန့်ကို `ဖြောင်းကနဲ နားရင်းရိုက်ပြီး “မင်းလုပ်တာနဲ့ ရှုံးတော့မှာပဲ”လို့ ပြောရာ ပရိသတ်ကလည်း ဝေါကနဲ ရယ်ကြပြန်၏။ ဦးအာကာက ဆက်၍ “ကဲ …ဘိသိက်ဆရာ၊ အရင်အမိန့်ရှိ။ မှားရင် ကျုပ်က တားမှာနော”ဟု အပေါ်မှ စီးပိုးပြောတယ်။
ဘိသိက်ဆရာက… “ဟုတ်ကဲ့၊ မြန်မာရာဇဝင်မှာ ပျူစောထီးမင်းကို ကြားဖူးမှာပေါ့။ အဖ လူသား၊ အမိ နဂါးမှ ပေါက်ဖွားခဲ့တာ။ အဲ့ဒီတော့ ပျူစောထီး ခန္ဓာကိုယ်က အညှီနံ့ထွက်တယ်။ ဒါကြောင့် ဂဠုန်တွေက မကြာမကြာ အန္တရာယ် လာပေးတယ်။
ပျူစောထီးကို ဂဠုန်ရန်မှ ကင်းဝေးအောင် ဆောင်ဓါးကိုင်များက အမြဲစောင့်ကြပ်ရတယ်။ အဲ့ဒီ ဆောင်ဓါးကိုင်တွေရဲ့ နာမည်ကို “လက်ဖွဲ့တော်သား”လို့လည်း ခေါ်တယ်။
“လက်သုံးတော်” လို့လည်း ခေါ်တယ်။ အဲ့ဒီကမှတဆင့် “လက်စွဲတော်” လို့လည်း ခေါ်တယ်။ ရှေးတုန်းက လက်စွဲတော်လို့ခေါ်ရာကနေ ဒီကနေ့မှာ “လူရွှင်တော်”လို့ ခေါ်ကြတာပေါ့။
မင်းသား မင်းသမီးနောက်က လိုက်တဲ့သူကိုလည်း လူရွှင်တော် ခေါ်တာပါပဲ။
တကယ်ကတော့ လူရွှင်တော်ဆိုတာ ငယ်ကျွန်တော်ခေါ် ကျွန်မျိုးပါပဲ။ ဘိသိက်သည် ဝက်က ဖြစ်သော်လည်း ဘုရားအလောင်းတော်မှ စတယ်။ လူရွှင်တော်သည် လူက ဖြစ်သော်လဲ ကျွန်မျိုး ဖြစ်နေပါတယ်။
အဲ့တော့ ဘုရားလောင်းနဲ့ ကျွန်မျိုး ဘယ်ဟာက မြတ်သတုန်းဗျာ ပရိသတ်များးး”ဟု ဆောင့်၍ ပြောချလိုက်ရာ ပရိသတ်များ ဝေါကနဲ ပွဲကျသွားပြီး ပတ်တုပ်မရအောင် ရယ်မောကြလေသတည်းးး

ရွှေဘိုစိန် အပိုင်း (၈)
ဘိသိက်ကပဲ ဆက်၍ “ရွာစားဆရာရော၊ ဦးအာကာရော၊ ဦးတိမ်ညွန့်ရော ကျွန်တော့် လုပ်ငန်းလေးကို ပရိသတ်စိတ်ဝင်စားအောင် ပါရမီ ကူညီဖြည့်ပေးတဲ့အတွက် ကျေးဇူးဥပကာရ တင်ရှိပါတယ်” လို့ ပြောပြီး လက်အုပ်လေးချီကာ “ကျနော့်ဘိသိက်ခန်း ဆက်ပါရစေ” ဆိုကာ ယဉ်ကျေးလိမ်မာစွာ ဖြတ်လိုက်ပါတယ်။ ကျွန်တော်ကလည်း “ဟားးး ငါ့အလှည့် ကျပဟေ့”လို့ ရင်တမမနဲ့ စောင့်နေရတယ်။
ဒီနေရာမှာ သူ့ရဲ့ ဘိသိက်ခန်း စနစ်တကျ စီစဉ်ထားပုံကို အရင်ပြောပြပါရစေ။ ဘုရားမပင့်မီ ရှေးဦးစွာ ဗောဓိပင်နဲ့ ရွှေပလ္လင် အောင်မြင်တော်မူခန်း အကြောင်းကို တစ်ခါမှ မကြားဘူးတဲ့ စာတွေနဲ့ ရွတ်ဖတ် ပူဇော်သွားတယ်။ ဆိုတဲ့သီချင်းမှာလည်း “လဲ့လဲ့စိမ်းရောင် ဗောဓိညောင် အတောင်တစ်ရာ သာစွလေး” စတဲ့ ရွှေပလ္လင်အောင်ခြင်း ကြိုးသီချင်းကို အစအဆုံး ဆိုပါတော့တယ်။ ၎င်းကြိုးသီချင်းရဲ့ နောက်ပိုင်းအပိုဒ်တွေကို ကျနော်က ခပ်မေ့မေ့ ဖြစ်နေတာ။ သူက ဦးဆောင်ဆိုသွားတယ်။
အဲ့ဒီနောက် “ဘုရားရှင် သီတင်းသုံးဖို့ရာ ကျနော် ကျောင်းဆောက်ဦးမယ်” ဆိုပြီး ရွတ်သွားတဲ့ စာကလည်း ကောင်းလိုက်တာ။ ဆိုတဲ့သီချင်းမှာလဲ “ဝေဇယန်နဲ့ နှုန်းမခြား” ဆိုတဲ့ ကျောင်းတော်ကြီးကြိုးကို အစအဆုံး ဆိုသွားတယ်။ အဲ့ဒါကို ကျွန်တော်လည်း ရတော့ မြိုင်မြိုင်ဆိုင်ဆိုင် တီးပလိုက်တယ်။
အဲ့ဒီနောက် ဘုရားကန်တော့ခန်းမှာ “ဗြဟ္မာ လူ နတ် ဓာတ်တော်ကြိုး”ကို ဆိုပါတယ်။ အဲ့ဒါကိုတော့ ကျွန်တော့်မှာ ရဖို့ နေနေသာ။ ကြားပင် မကြားဘူးပါ။ ကံကောင်းသည်မှာ အကိုဆရာ စိန်ကျော်ဒင် ကြေးဝိုင်းအတွင်း ရှိနေလို့သာ ကျွန်တော် တစ်ယောက် ရုပ်ပျက်ဆင်းပျက် မဖြစ်ခြင်း ဖြစ်ပါတယ်။
စိန်ကျော်ဒင်ကလည်း ကျွန်တော်ခံရသော သီချင်းတိုင်းကို ကြေးဝိုင်းအတွင်းမှာ ဝါးခြမ်းပြားများ တစ်လက်မစီ ချိုးပြီး ဆိုင်ဝိုင်းပေါ် တင်ထားပေးတာကို သတိထားမိပါတယ်။
အဲ့ဒီနောက် အမိ+အဖ ကန်တော့ခန်းကို သူများနဲ့ မတူသည့်ဟန်ဖြင့် မိဘကျေးဇူးကို ကွင်းကွင်းကွက်ကွက်ပေါ်အောင် စကားပြေရော၊ သီတန်စာပေလင်္ကာတွေရော ရွတ်သွားပါတယ်။ ဆိုတဲ့သီချင်းက “ရေယမုံပတ်ပျိုး” အစအဆုံးဆိုတော့ ကျွန်တော် မရပါ။
ဝါးခြမ်းတပြား ဆိုင်ဝိုင်းပေါ် စိန်ကျော်ဒင် တင်ပြန်တယ်။ နားသသည့် အခန်းမှာ “အခါတော် ကျပါပေါ့ ရက်မြတ်ကယ် ရာဇာ”ဆိုတဲ့ နားထွင်းမင်္ဂလာဘွဲ့ ဆိုပြန်တယ်။ ထုံးစံအတိုင်း ကျွန်တော် လုံးဝမရပါ။ လူလည်း ရှက်တာမှ ထူပူနေပါပြီ။ ဆိုင်းဝိုင်းပေါ်မှာလည်း ဝါးခြမ်းပြား အတော် များနေပါပြီ။
ဒီလိုနဲ့ နတ်ပင့်ခန်း ရောက်သောအခါ စိန်ကျော်ဒင်က “မင်း…ထွက်ထွက်၊ ငါ ဝင်မယ်”ဆိုကာ ဝိုင်းထဲမှ ထွက်ခိုင်းပါတော့တယ်။ အကို မခိုင်းလည်း ကျနော်ကတော့ ထွက်တော့မှာ ဖြစ်ပါတယ်။ ဒါနဲ့ ဆိုင်းဝိုင်းထဲက ထွက်ပြီး မောင်းတန်းအောက် ငေါင်ငေါင်ကြီး ထိုင်နေမိတယ်။
သတိထားမိတာကတော့ စိန်ကျော်ဒင်နဲ့ ဘိသိက်ဆရာတို့ နှစ်ယောက် ကျ နော် မသိ မကြားဘူးတဲ့ နတ်ချင်းနဲ့ နတ်ချော့စာများကို ဟန်ချက်ညီညီ ပြီးသည့်အထိ ဆိုတီးသွားကြတာတော့ ကြားမိတယ်။ လူကလဲ ငူငေါင်နေတာ။ ဘယ်အချိန် ဘိသိက်ခန်း ပြီးတာလည်းတောင် မသိတော့ပါ။
အစ်ကိုစိန်ကျော်ဒင် အနားရောက်မှ သတိ ပြန်ဝင်တော့တယ်။ စိန်ကျော်ဒင်က “ဘယ်နှယ့်လဲ နိုင်ငံကျော်ကြီး၊ အတော်လေး နေသာထိုင်သာ ရှိသွားပလား”လို့ ခနဲ့၍ ပြောပါတော့တယ်။
ကျွန်တော် ဘာမျှ ပြန်မပြောနိုင်ပါ။ ပြောစရာ စကားလုံးလည်း မရှိ။ မချိပြုံးပင် မပြုံးနိုင်တော့ပါ။ ငေါင်နေမိပါတော့တယ်။ အဲ့ဒီမှာ အစ်ကိုစိန်ကျော်ဒင်က “ဒီမယ် ငမွတ်၊ တသက်လုံး မှတ်ထားလိုက်ပါ။ မြန်မာနိုင်ငံ အနှံ့အပြား တောအုံ ခြုံကြားတွေမှာလည်း ဒီလို ပညာရှင်တွေ အများကြီး ရှိနေတယ်ဆိုတာ မင်းရင်ထဲ စွဲအောင် မှတ်ထားလိုက်” ဟု ဆုံးမပါတယ်။
အဲ့အချိန် ဘိသိက်ဆရာက ကျွန်တော်တို့အနား ရောက်လာပြီး သူကစ၍ “ကိုင်း …ဆရာရေ၊ ကျေးဇူးတင်တယ်ဗျာ။ ကျနော့်ကို သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးမမေ့ပါဘူး”ဟု ပြောပါတယ်။ မျက်နှာကလည်း အရိုးခံ ရိုးရိုးသားသား ပြောနေခြင်း ဖြစ်ပါတယ်။

အဲ့အချိန်မှာပဲ အလှူ့ဒါယကာ + အလှူ့ဒါယိကာမတွေလည်း ရောက်လာပြီး ဆိုင်းကို ငွေချေတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြောပါတယ်။ အလှူ့အမက ဘိသိက်ဆရာကို “ဦးလေး ထမင်းစားရအောင်” ဟု ခေါ်ပါတယ်။ ဘိသိက်ဆရာက “အမလေးလေး … ငါ့တူမ အလှု ဘိသိက် မြှောက်လိုက်ရတာ ခုနစ်ရက်စာလောက် ထမင်းဝသွားပါပြီ ။ မစားတော့ပါဘူး” ဟု ပြောပါတယ်။
“ဒါဆိုလည်း ဒါလေး ကန်တော့တာတော့ လက်ခံပါ” ဆိုပြီး စာအိတ်လေးတအိတ် ပေးပါတယ်။ ဘိသိက်ဆရာက “အမလေး အမလေးးး မလုပ်လိုက်ပါနဲ့အေ။ ဦးလေးစေတနာကို နားလည်ပေးပါ” ဆိုပြီး ခါးခါးသီးသီး ငြင်းဆိုတောင်းပန်ပြီး ပြောပြောဆိုဆိုနဲ့ သူ့အထုပ်ကလေး ချိုင်းကြားညှပ်ကာ သူ့ဆိုက်ကားရှိရာ ထွက်သွားတယ်။ ခတ်ထားတဲ့ ကြိုးသော့ကို ဖွင့်တယ်။ အဲ့ဒီနောက် ကျွန်တော်တို့ဘက်ကို တချက်မှ လှည့်မကြည့်ဘဲ သူ့ဆိုက်ကားသူ အေးအေးဆေးဆေးနင်း၍ ထွက်သွားပါတော့တယ်။
ကျွန်တော်တို့တွေလည်း သူ့ဆိုက်ကားကိုပဲ မျက်စိတဆုံး ငေးမောကြည့်နေမိ ကြတယ်။ ဪ ဆရာစိန်ရယ် … ကျွန်တော့်ရင်ထဲမှာ သင်ခန်းစာတွေ၊ နောင်တတရားတွေ တသီတတန်းကြီးးးးး
အောင်မြင်မှု မာန်မာနများ ကင်းရှင်းနိုင်ကြပါစေ။
📝 ထပ်ဆင့်အကယ်ဒမီ စိန်မွတ္တား



