ဗဟုသုတ

ဘိသိက်ဆရာ ဆားတောင် သောင်း (ဘိသိက်ပြိုင် ၏ မူရင်းဝတ္ထု)

(ဘိသိက်ပြိုင် ၏ မူရင်းဝတ္ထု)

ကျွန်တော်တွေ့ဖူးသမျှ ဘိသိက်ဆရာထဲတွင် အရက်သောက်တတ်သူဆို၍ ဆားတောင်သောင်း (ဝါ) ဦးသောင်းတစ်ယောက်ပဲ တွေ့ဖူး၏။သူ့နာမည်က ဦးသောင်း စစ်ကိုင်းအနောက်ဘက် ဆားတောင်ရွာဇာတိဖြစ်သဖြင့် ဆားတောင်သောင်း ခေါ်ကြခြင်းဖြစ်၏။

ဆားတောင်သောင်းအရက်သောက်တက်သည်ဆိုရုံဖြင့် မလုံလောက်ပေ။ ဆားတောင်သည် အရက်၊ ထန်းရည်၊ စိမ်ရည်နှင့် တွေ့သမျှ အရက်အမျိုးမျိုးကို သောက်သဖြင့် သူအား အရက်သမား ခေါ်ခေါ် ထန်းရည်သမား ခေါ်ခေါ် ခေါ်နိုင်ကြပေသည်။ သူသည် တခါတခါသောက်တတ်သူမဟုတ်၊ အမြဲသောက်တတ်သူဖြစ်ပြီး အမြဲမမူးသူလဲဖြစ်၍ သူသာ အနီးအနားထိုင်နေလျှင် အရက်နံ့မနံတော့ဘဲ မုန်လာချဉ်ဖက်စော်သာ နံပေသည်။

အနည်းငယ် ဝသယောင်ရှိပြီ အရပ်အမောင်းကောင်းကာ အသားနီစပ်စပ် ခေါင်းက ခေါင်းတုံးဖြစ်သည်။ ပြုံးရွှင်ချိုမြသော မျက်နှာအမြဲရှိပြီး ငိုင်တိုင်တိုင် ရီဝေဝေ မျက်လုံးမျိုးမဟုတ်ပေ။ မျက်လုံးကွင်းကောင်းသည်။ အင်္ကျီအဝတ်အစားများကား ကြေမွ၍ ဖြစ်သလို နေဟန်ရှိပေသည်။ လုံးနေသော ခေါင်းအောက်ရှိ နဖူးတွင် ချွေးအမြဲရွှဲနေတတ်သည်။

ဆားတောင်သောင်းသည် နာမည်ကြီး ဘိသိက်ဆရာတစ်ဦး ဖြစ်သော်လည်း ဘိသိက်သွန်းချိန်မှ လွဲ၍ အခြားချိန်များတွင် ပညာအကြောင်း၊ အလုပ်အကြောင်းများ ပြောခဲပြီး ဘာမှ မတတ်သလို သူများပြောတာများကိုသာ လေးလေးစားစား နားထောင်တတ်သည်။ အညာဒေသ၏ ရှင်ပြုအလှူပွဲများတွင် ဆိုင်းနဲ့ ဘိသိက်မှာ အချီ အချ အပြိုင်အဆိုင် ပြောဆိုတီးမှုတ်ကြခြင်းများကို ပရိတ်သက်က နှစ်သက်သည်။ သို့သော် အချို့ဘိသိက်များမှာ ဆိုင်းကိုခိုင်းတာ များလွန်းတတ်ပြီး ပညာပြချင်တာမျိုး မကြာခဏ ကြုံရတတ်သည်။

ဆားတောင်သောင်းမှာ ဆိုင်းကိုဒုက္ခပေးသူ မဟုတ်ပေ။ ဆိုင်းအရာရောက်အောင့်ပြုလုပ်ပေးသူဖြစ်၏။ ဆားတောင်သောင်းနဲ့ တော်တော်များများ ကြုံဖူး၏။ သူ့ကို ခွင်ကွက်ကြိုက်တာ ၁၀၀ မှာ ၉၉ လှူလောက် ရှိပေသည်။ တစ်ပွဲမှာတော့ သူ့ကို မကြိုက်လိုက်ပေ။ သူ့ရွာက ပွဲဖြစ်၏ ဆားတောင်နှင့် စာသင်ရွာသည် တွဲလျက်လိုပင် ရှိ၏။ စာသင်ရွာအလှူတွင် ည ကျွန်တော်တီးတော့ ပရိသက်က ကြိုက်သည်။ နောက်နေ့ သူဘိသိက်သွင်းတော့ မကြိုက်။ သူကပြောသည်မှာ သူ့ရွာမို့ သူ့ကိုနားထောင်ဖန်များလွန်းသော ပရိသတ်က ပေါ့နေခြင်းဖြစ်သည်ဟု ပြော၏။ ဘိသိက်ပွဲသာ ပြီးသွားသည်။ ပရိသက်က ဣန္ဒြေ မရ။ သူနိုင်အောင် မထိန်းနိုင်တော့။

အညာဒေသ၏ အလှူများတွင် မန္တလေးအလှူများက ည ထမင်းကျွေး မပါတတ်။ အလှူနေ့တွင်ပင် လဖက်ရည် မုန့်(သိုမဟုတ်) ရေခဲမုန့်၊ ကိတ်မုန့်၊ ကျွေးလှူတာတွေ အများကြီးဖြစ်။ အချို့ အလှူများကတော့ ညရော မနက်ရော ထမင်းကောင်းကောင်းကြွေးရမှ ကျေနပ်ကြပေသည်။ အထူးသဖြင့် မန္တလေးပတ်ဝန်းကျင်နဲ့ အညာတောရွာများတွင် အလှူထမင်းကို ဂရုတစိုက် ကျွေးမွေးတက်သည်သာ များပေသည်။ အလှူအကြိုနေ့တွင် ဆိုင်းဝင်၏။ ဆိုင်းက ညတီးဖြင့် ဧည့်ခံကာ နောက်နေ့မနက်စောစော ဗြောရေကင်းများ တီးခြင်း၊ ပရိသတ်စည်ချိန် ဧည့်ခံခြင်းများ ပြုလုပ်၍ တီးမှုတ်သည်။

ဧည့်ကွဲတော့ ဘိသိက်သွင်းကြ၏။ ဘိသိက်သွင်းတော့ ဘိသိက်နားထောင်သူ၊ ဆိုင်းနားထောင်သူများဖြင့် မဏ္ဍပ်ပြည့် ဖြစ်ပေသည်။ ယခုအလှူမှာ မန္တလေးမြောက်ပြင် မတ္တရာနယ် တောရွာတစ်ရွာဖြစ်ပြီး ကျွန်တော့ဆိုင်းနဲ့ ဘိသိက်ဆရာ နှစ်ဦးပါခြင်းဖြစ်သည်။ အလှူလည်း အလှူကြီးဖြစ်ပြီး ဘိသိက်ဆရာနှစ်ဦးကို အပြိုင်ငှားထားကြခြင်း ဖြစ်သည်။

ဘိသိက်ဆရာနှစ်ဦးမှာ တစ်ဦးက ဆားတောင်သောင်းဖြစ်ပြီး ကျန်တစ်ဦးက ဆရာလှိုင်ဖြစ်ပေသည်။ ဘိသိက်ဆရာ နှစ်ဦးစလုံး ကျွန်တော့်ကို လာနှုတ်ဆက်ကြ၏။ ယခုလို ဘိသိက်ပြိုင် မဆိုထားနှင့်၊ဘိသိက်ဆရာရိုးရိုး နှစ်ယောက်ပါသည်ဆိုလျှင်ပင် ကျွန်တော်တို့က သတိထားပြီး တီးမှုတ်ရသည်။ တစ်ဦးက တေးထပ်ဆိုပြီး တစ်ဦးက ရတုဆိုလျှင် ဘယ်သူ့ကိုမျှ မျက်နှာမလိုက်ဘဲ တီးပေးသော်လည်း တီးကောင်းတာ ဆိုကောင်းတာ များ၏အပေါ်မှာ ပရိသတ်က ပိုကြိုက်သွားနိုင်သွားနိုင်၏။

ဒါကြောင့်လည်း အတူတူ ကောင်းမွန်စေရေး သတိချပ်၍ တီးမှုတ်ကြရပေသည်။ ဘိသိက်သွန်းရန် ဘိသိက်ဆရာ နှစ်ဦးလုံး မဏ္ဍပ်အလယ်တွင် ရောက်နေပြီး အလှူ့ဒါယကာ အလှူ့အမနှင့် ဆွေမျိုးမိဘများလည်း စုံလင်ပြီး၊ ပရိသတ်ကလည်း မဏ္ဍပ်မဆံ့အောင် စည်ကားနေပြီ။ ရှင်လောင်းနားထွင်းများလည်း စုံလင်နေပြီ၊ အားလုံး အဆင်သင့်ဖြစ်နေ၍ ဘိသိက်သွင်းနိုင်ရန် ကျွန်တော်က စည်တော်ယွန်း၍ ဆုံးလျှင် ဆရာလှိုင်က ဣန္ဒြေရစွာ အသံချဲ့စက်ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

ဘိသိက်ဆရာ ဆရာလှိုင်၏ ပုံသဏ္ဌာန်သည် အရပ်မြင့်ပြီး ညိုညိုသွယ်သွယ် မျက်လုံးများက စူးစူးရှရှရှိ၏။ မျက်နှာအသွင်သဏ္ဌာန်က အနည်းငယ်တင်းမာနေပြီး မာနဟန် မာန်သွင်းထားပုံ ပေါက်ပေသည်။ ဆရာလှိုင်သည် သိုရင်းအင်္ကျီ အဖြူကို ဝတ်ဆင်ထားပြီ။ သိုရင်းအင်္ကျီ အဖြူသည် သစ်လွင်တောက်ပကာ ကျက်သရေရှိလှပေသည်။

ခေါင်းတွင် မောင့်ကျက်သရေ ခေါင်းပေါင်း ဖက်ဖူးညွန့် အရောင်ကို ပေါင်းထားပြီး တက်ထရွန်ရှပ်အင်္ကျီအဖြူ စတစ်ကော်လာနှင့် ရွှေရောင် တောင်ရှည်ချိတ်ပုဆိုးကို သက်သက်ရပ်ရပ် ဝတ်ထားပြီး ခြေထောက်တွင် ခြေအိပ်အဖြူကို စွတ်ထားပေသည်။

ကောင်းမွန်သစ်လွင်သော အဝတ်အစားများနှင့် ဆရာလှိုင်သည် ဘိသိက်ခန်းမတွင် ကျက်သရေရှိလှပေသည်။ ဆရာလှိုင်သည် ဘိသိက်ခန်းစရန် ပဏာမပျိုးလိုက်သည်။ `ကျွန်တော်ကတော့ အများသိတဲ့ ကြွားမဝိပါဘူး၊ ဘိသိက်ပညာရှိ ဆရာလှိုင်ကိုးဗျ၊ ဆရာလှိုင်ဆိုတာ ပိုင်ပိုင်နိုင် အလုပ်စခန်းမှာဖြင့် အဟုတ်တန်း ပြည့်စုံတာမို့ မြို့ရောနယ်ပါ အားပေးခြင်းခံရသကိုးဗျ´ ဆရာလှိုင်၏အသံမှာ အသံချဲ့စက်ရှေ့တွင် လိုအပ်သည်ထက် အားသုံး၍ စတင်နေသည်ကို တွေ့ရသည်။ `အင်း… လောကီမင်္ဂလာ အဖြာဖြာ ရှိတဲ့အထဲက ဒီနေ့ဒီရက် ပြုကြတဲ့ မင်္ဂလာဟာဖြင့် ရှေးမင်းကောင်း မင်းမြတ်များ ဘိသိက်တော်သွင်း ဆက်လာတဲ့ အစဉ်အလာအတိုင်း သာသနာ့ဘောင်သို့ တက်လှမ်းကြမည့် ရှင်သာမဏေလောင်းများ၊ ရှင်လောင်းများအား လက်ယာရစ် ငွေခရုနဲ့ သပြေနုရွက်ဝါ မြေစာထည့်ပြီး ဦးထိပ်မှာ သွန်းလောင်းကြရတဲ့ မင်္ဂလာပေကိုး´… အဲဒီလို မင်္ဂလာပြုကြရတဲ့အခါမှာတော့ `မင်္ဂလံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံလို့ ဝိဂြိုဟ်က ဆိုထားသမျှ

`ပါပံ မကောင်းမှု ဟူသမျှတို့ကို၊ လုနာတိဆိန္ဒိ ပယ်ဖျက်ခုတ်ထွင် သုတ်သင်ရှင်းတတ်၏။ ဣတိ တသ္မာ ထိုသို့ ပယ်ဖျက်ခုတ်ထွင် သုတ်သင်ရှင်းလင်းတတ်သော သတ္တိကြောင့် မင်္ဂလံ မင်္ဂလာမည်တယ်ကိုးဗျ။

ဒီတော့ မကောင်းတာတွေ ပယ်ဖျက်တာ မင်္ဂလာပါပဲတဲ့။ ဒါကြောင့်လဲ မင်္ဂလာဖြည့်ပေးမယ့် ဘိသိက်ဆရာများ ကိုယ်တိုင်ကလည်း မကောင်းတာတွေ မပါဖို့၊ မလုပ်ခဲ့မိကြဖို့ အရေးကြီးတယ်ကိုးခင်ဗျ´ ဒီနေရာတွင် ဆရာလှိုင်က ခေတ္တနားလိုက်ကာ ပရိသတ်ကို အကဲခတ်သလို သိမ်းကျုံးကြည့်လိုက်ရင်းက အောက်နားတွင် အလှည့်မကျသေး၍ ထိုင်နေသော ဆားတောင်သောင်းတို့ဘက်ကိုလည်း တစ်ချက်ဝှေ့ကာ ကြည့်လိုက်ပြီးမှ…

ဘိသိက်ဆရာရယ်လို့ အမည်ခံပြီး မောင်ရှင်လောင်းများရဲ့ ဦးထုပ်ကို သီတာရေစင် သွန်းလောင်းဖျန်းပေးကြရမည့် ပုဂ္ဂိုလ်များဟာဖြင့် ကံငါးပါးထဲက သုရာမေရယကံဆိုတဲ့ သောက်စား၊မူးယစ်ခြင်းဟာဖြင့် ဘိသိက်ဆရာများနှင့် လုံးဝမအပ်စပ်ပါဘူး။ အဲဒီလို သောက်စားမူးယစ်တက်တဲ့ သူများဟာလည်း ဘိသိက်မသွင်းထိုက်၊ မမြှောက်ထိုက်တဲ့ ပုဂ္ဂိုလ်များသာ ဖြစ်ပေတယ်ခင်ဗျာ´ ဤနေရာတွင် ပရိသက်ကြီးမှာ လှုပ်လှုပ်ရွရွ၊ လှုပ်လှုပ်သဲ ဖြစ်လာကြကုန်သည်။ မဖြစ်ဘဲနေပါတော့မလား။

ဘိသိက်ဆရာ ဆားတောင်သောင်း အရက်သောက်တတ်သည်ကို ကလေး လူကြီးလောက် သိနေပြီ ဖြစ်သဖြင့် ဆရာလှိုင်က အရက်သောက်တတ်သူများ ဘိသိက်မသွင်းထိုက်ဟု ပြေပါနေပြီ မဟုတ်ပါလား။ အပြောခံရသော ဆားတောင်သောင်းကမူ ပါးစပ်တွင် ဆေးပြင်းလိပ်ကိုခဲလျက် နားထောင်ကောင်းနေဟန်ရှိသည် ရှိနေပေသည်… `အဲဒါကြောင့် ကျွန်တ်ာဆရာလှိုင်မှာဖြင့် လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗစရိယမိနှင့်ဖဆိုတာလို ဘိသိက်ပညာဖြင့် အသက်မွေးတော့မည် ဆိုကတည်းက မိဘများက ကံငါးပါးလုံအောင် ထိန်းသိမ်းပါလို့ ညွှန်ကြားလိုက်တဲ့ ဆုံးမလိုက်တဲ့အတိုင်း ငါးပါးသောကံ မဖောက်ပြန်ရအောင် ထိန်းသိမ်းစောင့်ရှောက်လာရပါတယ်ခင်ဗျာ´ ဆရာလှိုင်သည် ဆားတောင်သောင်း အရက်သောက်တတ်သည်ကို မိမိရရ ဆုပ်ကိုင်ကာ ပရိသတ်ကြီးရှေ့တွင် တင်ပြနေခြင်းဖြစ်သည်။ ဆရာလှိုင်သည် အရက်သောက်ခြင်း၏ မကောင်းကျိုးများကို ဥပမာများဖြင့် တင်ပြသည်။

မောင်ရှင်လောင်းများ၊ နားထွင်းများ၊ ခြေမန်းကွင်းစွပ်ရာတွင် မန္တန်များ ရွတ်ဖက်ပြီးမှ စွပ်ကြရမည်။ ဒါမှ မောင်ရှင်လောင်းများ ဘေးရန်အန္တရယ်ကင်းရှင်းမည်၊ အရက်သောက်သူ ပါးစပ်က မည်မျှရွတ်ဖတ်နေစေကာမူ အချည်းနှီး၊ အကျိုးမပြီး၊ အကျိုးမဲ့သာလျှင် ဖြစ်ခြေသည်ဟု ထောက်ပြထားသည်။ ပရိသတ်ကြီးသည် ဆရာလှိုင်ပြောသည်များကို သဘောကျစွာဖြင့် လက်ခံလာကြတော့သည်။ ခေါင်းတစ်ညိတ်ညိတ် ခေါင်းတဆတ်ဆတ်များဖြင့် လေးလေးစားစား နားထောင်လာကြသည်။

ဆရာလှိုင်သည် စကားပြောရာတွင် အရှိန်ရလာသည်။ သူ့ကို ပရိသတ်က အားပေးမှန်း၊ သူပြောတာလက်ခံမှန်း သိလာသည်။ ထို့ကြောင့်လည်း အရက်သောက်တတ်သူများ ဘိသိက်ဆရာ ဖြစ်လာပါက အလွန်ကောင်းမွန်သော စားစရာ ခဲဖွယ် ဘောဇဉ်များထဲတွင် မစင်တစ်ပဲသား ကျဘိသကဲ့သို့ စားသုံးရန်မဖြစ်တော့ကြောင်း စသည်ကို အကိုးအကားများဖြင့် တင်ပြသည်။

နာရီဝက်ခန့် ကောင်းကောင်း ပြောသွားပြီး ပရိသက်ကြီးကလည်း ဆရာလှိုင်အား နှစ်သက်သွားကြပြီ။ ဆရာလှိုင်၏ ပုံသဏ္ဌန်သည်လည်း မဏ္ဍပ်အလယ်တွင် ကျက်သရေရှိသော ဝတ်စားတန်ဆာများဖြင့် တကယ်ပင် တင့်တယ်နေပေသည်။ နောက်ဆုံး ဆရာလှိုင်သည် မကောင်းတာတွေ ပယ်မှ မင်္ဂလာပြည့်မည်။

ထို့ကြောင့် မကောင်းတာ လုပ်သူများကိုလည်း ဝိုင်းပယ်ကြရမည်။ တစ်နည်း အရက်သောက်သူများ ဘိသိက်မြှောက်ရန် မသင့်ဟု စကားကို အဆုံးသက်လိုက်ပြီး ဘိသိက်မင်္ဂလာ အခမ်းအနား ဖွင့်ရန် စာတစ်ပုဒ် ရွတ်ဆိုသည်။

သူရွတ်ဆိုသော စာနောက်ဆုံးတွင်- `တိတ်နိမိတ်ယဉ် ကဗျာစာတန်းရယ်နဲ့၊ ဟိတ်တံဆိပ်မင်္ဂလာ မနွမ်းရအောင်၊ ကိုင်း… ရွာစား၊ဘိသိက်မင်္ဂလာ အခမ်းဖွင့်…´ ကျွန်တော်သည် လေပြည်ထိုးကို ကောက်ကာတီးလိုက်သည်။ ထိုအချိန်တွင် ဆရာလှိုင်သည် ဖြည်းညင်းစွာ ထိုင်ချလိုက်သည်ကို တွေ့မြင်လိုက်ရသည်။

သူတို့ ဘိသိက် အပြိုင်အဆိုင် ဆိုသော်လည်း ကျွန်တော့် တာဝန်က ဆိုင်းကိုကြိုက်အောင် ဂရုစိုက်တီးနေရသည်။ ကိုယ့်တာဝန်ကို ပေါ့၍မဖြစ်ပေ။ ဤလိုပွဲမျိုးမှာ ထင်သလိုမဖြစ်တတ်။ ဘိသိက်ဆရာ နှစ်ဦးလုံးက အနိုင်ရပြီး ဆိုင်းက ကြားညပ်ကာ ရှုံးသွားတတ်၏။ ထိုသို့မဟုတ်ဘဲ သူတို့နှစ်ဦးလုံး သူမသာ ကိုယ်မသာ အခြေနေမျိုးတွင် ဆိုင်းက အနိုင်ရသွားသည်လည်း ရှိတတ်၏။

ထို့ကြောင့် သူတို့နှစ်ဦး အရှုံးအနိုင်က ကိစ္စမရှိ၊ မိမိအဖွဲ့ မရှုံးဖို့က ပဓာနကျနေပေသည်။ ကျွန်တော် ထိုးသော လေပြည်ထိုး တစ်ဝက်လောက်တွင် ဆားတောင်သောင်း ဘိသိက် အဝတ်အစားများ လဲလှယ်နေသည်ကို မြင်လိုက်ရ၏။

ကျွန်တော်တို့ စိတ်တိုင်းကျ တီးနေသော လေပြည်ထိုးသည် ဆယ်မိနစ်ခန့်ကြာသည်။ လေပြည်ထိုး အပြီးတွင် ဆိုင်းသံများကို တေတျာသတ်၍ ရပ်ပစ်လိုက်ကြသည်။ ဆိုင်းသံများဆုံး၍ ငြိမ်သက်သွားသောအခါတွင် ဆားတောင်သောင်းသည် မတ်တက်ရပ်လိုက်၏။

ကျွန်တော် ဆားတောင်သောင်းကို သေသေချာချာ လှမ်းကြည့်မိလိုက်ရာ များစွာပင် စိတ်ပျက်သွားမိတော့၏။ ခေါင်းပေါ်က မောင့်ကျက်သရေ ခေါင်းပေါင်းသည် ချွေးစွန်းအကွက်ကြီးဖြင့် နဖူးထိပ်အလယ်တွင် ထင်ထင်ရှားရှားကြီး မြင်နေရ၏။ အတွင်းက ရှပ်အင်္ကျီမှာ စောစောကတည်းက ဝတ်ထားသော ရှပ်အင်္ကျီအနွမ်း အဖြူဖြစ်၏။ သိုရင်းအင်္ကျီမှာ နိုင်လွန်အပါးကို ချုပ်ထားပြီး ဟောင်းလွန်းနေ၏ အထူးသဖြင့် ကြေမွနေ၏။

ဘန်ကောက် တောင်ရှည်ပုဆိုး ပန်းရောင်မှာ အလွန်နွမ်းပြီး အရောင်အဆင်းပင် မရှိတော့သည့်ထဲတွင် ကြေမွနေသော သိုရင်းအင်္ကျီလက်ကို ဆွဲချ၍ အတွန့်ကြေပြေအောင် သူ့ဟာသူ လုပ်နေပေသည်။ စောစောတုန်းက ဆရာလှိုင်သည် သူ့အား တစ်ခွန်းမျှ အကောင်းပြော မသွားပေ။ အရက်သမားဟု သိသိသာသာကြီး နှိမ့်ချသွားပြီးဖြစ်၏။

ထို့ကြောင့် သူက ဘယ်လို ပြန်ချေပလိုက်မှာလဲဟု ပရိသတ်က စောင့်နားထောင်နေ၏။ ဆားတောင်သောင်းသည် အသံချဲ့စက်ရှေ့တွင် ချောင်းတစ်ချက်မူ ဟန့်လိုက်ပြီး… `နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿဿ ဟု သုံးကြိမ်ရွတ်လိုက်ပြီးမှ `ဗုဒ္ဓ ဂုဏော အနန္တော၊ ဓမ္မ ဂုဏော အနန္တော၊ သံဃ ဂုဏော အနန္တော၊ မာတာပိတု ဂုဏော အနန္တော၊ အာစရိယ ဂုဏော အနန္တော၊ အနန္တော အနန္တ ငါးကို ဘုရားတပည့်တော် ရိုသေစွာ ရှိခိုးကန်တော့လိုက်ပါ၏ အရှင်ဘုရား…´ဟု ဆိုပြီး ဘုရားစင်ဘက်သို့ လှည့်ကာ မတ်တတ်ရပ်ရင်းက လက်အုပ်ချီ ကန်တော့လိုက်လေသည်။ ကန်တော့ပြီးပြန်၍ ကိုယ်ကို မတ်တတ်ရပ်ရင်းက သူ့မျက်နှာကို ပြုံးလိုက်လေသည်။

သူ့မျက်နှာကို ပြုံးပြီး တော်တော်နှင့် စကားကို ဆက်မပြောသေး၊ ခေါင်းတဆတ်ဆတ်နဲ့ ညိတ်ကာ ပရိသတ်ကို နှုပ်ဆက်နေသလို စောစောက ဆရာလှိုင်ပြောတာ ထောက်ခံပြနေသလို လုပ်နေပေသည်။ ပရိသတ်ကလည်း သူဘာပြောမလဲ အထူး အာရုံစိုက်လာကြပြီ။

`ဟဲ…ဟဲ ဒီနေ့တော့ ဘိသိက်ပြိုင်ဆိုပြီး အလှူထဲပြောနေကြတာ ဘယ်ဘိသိက်ပြိုင် ဟုတ်လို့တုန်း၊ ဆားတောင်သောင်းက ဆရာလှိုင်ကို နားထောင်ရတဲ့နေ့ပဲ…´ ဟု သူက အစပျိုးလိုက်သည်။

ကျက်သရေရှိလိုက်တာ ဆရာလှိုင်ပြောသွားတာတွေ မင်္ဂလာရှိလိုက်တာ၊ မကောင်းတာတွေ ပယ်တာမင်္ဂလာ၊ ကောင်းတာတွေလုပ်တာ မင်္ဂလာ၊ ကျေးဇူးတင်လိုက်တာ၊ မင်္ဂလာအခမ်းနားမှာ ဆရာလှိုင်က ကောင်းမြတ်တဲ့ အစဉ်အလာ မင်္ဂလာစကားများ ပြောကြားသွားတာ၊ မောင်သောင်းဖြင့် ပီတိဖြစ်လို့ မဆုံးပါဘူး။

ဒါကြောင့်လည်း ဘိသိက်ပြိုင် ဘိသိက်ပြိုင်လို့ ပြောနေကြတာ ဒီနေ့ဟာဖြင့် ဘိသိက်ပြိုင် မဟုတ်ဘဲနဲ့ ဆားတောင်သောင်းက ဆရာလှိုင်ကို နားထောင်ရတဲ့နေ့ မင်္ဂလာနေ့ကြီးပါပဲ ခင်ဗျာ´ ပရိသတ်ကြီးမှာ `ဟာ ခနဲ´ ဖြစ်သွားပြီး အာမေဍိတ်သံများ ထွက်လာကြသည်။

ဆားတောင်သောင်းဘက်က အထင်ကြီးနေသူများလည်း မျက်နှာကို အောက်သို့ ငုံ့ကြရတော့သည်။ ဆရာလှိုင်ကား ခေါင်းကလေးမော့၍ နားထောင်နေသည်။ ဆားတောင်သောင်းက ဆက်လိုက်ပြန်သည်။ `ဒါကြောင့် ဒီနေ့ အလှူတော်မင်္ဂလာရဲ့ မင်္ဂလာဘိသိက်တော် အချိန်ကြီးမှာ အလွန်အင်မတန် ကြားနာရခဲတဲ့ မင်္ဂလာကျက်သရေရှိသော စကားများကို ဆရာလှိုင်က ပြည့်ပြည့်စုံစုံ မိန့်ဆိုသွားခြင်းများဟာ အလှူတော်မှာရော၊ ပရိသတ်ကြီးမှာရော ဆိုင်းအဖွဲ့နှင့်တကွ ကျွန်တော် ဘိသိက်ဆရာ မောင်သောင်းပါ အလွန်ပင် မင်္ဂလာများ ပြည့်စုံရခြင်းကြောင့် ဆရာလှိုင်အား မင်္ဂလာအပါင်းနှင့် ပြည့်စုံသူ မြန်မာပညာရှိ ပဏ္ဍိတဆရာကဝိ တစ်ဆူဖြစ်ကြောင်း မောင်သောင်းက ကြေညာမောင်း ခတ်လိုက်ရပါတယ် ခင်ဗျား´ ပရိသတ်များမှာ အတော်ကလေး ခွကျကုန်၏။

စောစောက ဆရာလှိုင်က ဆားတောင်သောင်း ကောင်းကွက်တစ်ခုမျှမပြော နှိမ့်ချသွား၏။ နားဝင်အောင် ပြောနိုင်၏။ ထို့ကြောင့် ဆားတောင်သောင်းက သူ့အလှည့်တွင် ပြန်လည်၍ ပြိုင်ဆိုင်ပြောမည်၊ ချေပမည် ထင်ကြ၏။ ယခုမူ သူတို့ ထင်သလို မဟုတ်၊ ဆားတောင်သောင်းက ဆရာလှိုင်အား ချီးမွမ်းနေသည်။ ဒါကြောင့်လည်း ဆားတောင်သောင်းအား ပရိသတ်က နည်းနည်း သနားလာကြသည်။

နောက် ဆားတောင်သောင်းက ဆက်လိုက်ပြန်သည်။ `ပရိသတ်တော် မင်းများခင်ဗျာ… ကျွန်တော် မောင်သောင်းဟာဖြင့် ဘိသိက်ပညာ တတ်လို့ မဟုတ်ပါဘူး။ ဝါသနာ ပါလွန်းလို့ လုပ်လာတဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်နေတာက စစ်ကိုင်းအနောက်က ဆားတောင်မ ငါးရွာ၊ ဟို ဆားတောင်သူ အောင်ဖြူဆိုတဲ့ ဇာတ်ထုပ်ကြားဖူးကြမှာပေါ့ခင်ဗျာ။ အဲဒီ ဆားတောင်မငါးရွာက တောဘိသိက်မျှသာ ဖြစ်ပါတယ်။ `တောဘိသိက် တောသားဆိုတော့ အပြောမှားရင်လည်း ခွင့်လွှတ်ကြရန် တောင်းပန်ပါတယ်။

ကျွန်တော်ဟာ တောင်သူ တစ်ယောက်ပါ။ ဝါသနာ ပါလွန်းလို့၊ မနေနိုင်လွန်းလို့၊ ဘိသိက်မြှောက်တဲ့အလုပ်ကို လုပ်နေခြင်းပဲ ဖြစ်ပါတယ်။ ကျွန်တော့်ဖခင် ကွယ်လွန်သွားတဲ့နောက်မှာ ကျွန်တော်ဟာ တောင်သူအလုပ်ကို ထွန်ရှဉ်းဆယ်စီးနဲ့ ဦးစီးလုပ်ကိုင်နေတဲ့ တောင်သူကြီးဖြစ်ပါတယ် ခင်ဗျာ´

ပရိသတ်က အံ့အားသင့်သွားကြသည် ထွန်ရှဉ်းဆယ်စီးဆိုသော စကားရပ်ကို သဘောကြသွားခြင်းပင် ဖြစ်၏။ ထွန်ရှဉ်းဆယ်စီး လုပ်ရသော မြေသည် ဧက တစ်ရာကျော်ပိုင်မှ ဖြစ်မည်။ ဧက တစ်ရာကျော် ပိုင်သောသူသည် လူ့လောက၏ အရက်သမား၊ ကစားသမား မဟုတ်။ ဆယ်ဧကလောက် ပိုင်သောသူပင် မနည်းစည်းကမ်းကျအောင် လုပ်ရ၏။ သူသည် တောသား လူရိုးလူကောင်း တစ်ယောက်ဖြစ်ကြောင်း တာဝန်တွေက ပြနေသည်။

ဆားတောင်သောင်းက ဆက်လိုက်ပြန်၏။ ဒါပေမဲ့ ခင်ဗျာ ကျွန်တော့်မှာ တောင်သူအလုပ်ထက် ဘိသိက်အလုပ်ကို ဝါသနာ ပါတော့ ဘိသိက်သွန်းရ၊ ဘိသိက်မြှောက်ရဆို ပြီးရောဆိုပြီး လိုက်လာခဲ့တာ။ အလို…ဘာလိုလိုနဲ့ မဏ္ဍပ်ထဲတောင် ရောက်နေပါပေါ့လား´ အင်း…ဒီလို ဘိသိက်သွင်းပြီး အိမ်ပြန်သွားပြီလား ဆိုမှဖြင့် အိမ်ရောက်လို့ လွယ်အိတ်ကလေးလည်း ချလိုက်ရော ကျွန်တော့် မွေးသမိခင်က ကျွန်တော့်ကို `လာစမ်း၊ လာစမ်း… လူလေး မောင်သောင်းဆိုပြီး ရင်ဘတ်စမ်း၊ ဘာဖိနဲ့ အံမာလေး… ငါ့သား မောလိုက်တာ ဘုရား၊ ဘုရား၊ ဘိသိက်ဆရာလုပ်ပြီး ဘယ်လောက်များ ဟောခဲ့ ပြောခဲ့တုန်း။ အူတွေ အသည်းတွေ နာပါ့မယ် ငါ့သားရယ်။ အဆုတ်တွေ၊နှလုံးတွေမောလို့ ကွဲပါ့မယ် ငါ့သားရယ်။ အမေတို့မှာ ဘာပူစရာရှိတုန်း၊တောင်သူအလုပ် မင်းဝါသနာမပါရင် တစ်ယောက်ယောက် ဦးစီးထားလိုက် ပြီးတာပဲ။ ဘိသိက်အလုပ်ကတော့ ငါ့သား အမောဆို့ပြီး ဒုက္ခဖြစ်ပါ့မယ်လို့ အမိမေတ္တာနဲ့ တားသဗျ´ `အင်း… စဉ်းစားကြည့်တော့ အမေများ ဘယ်လောက် သနားစရာကောင်းသလဲ။

လူတစ်ယောက်ရယ်လို့ ဖြစ်လာရင် မေတ္တာအများဆုံး ပေးနိုင်တဲ့သူကတော့ အမေသာလျှင် ဖြစ်ပါတယ်။ အဲဒီလို ကြီးမားတဲ့ အမိမေတ္တာ ရင်ခွင်မှာ ခိုလှုံရတဲ့ သားသမီးများဟာ လိမ္မာယဉ်ကျေး လာကြတယ် မဟုတ်လား။ `အင်း… ခုတော့ ကျွန်တော့်မှာ မွေးမိခင် ကွယ်လွန်သွားပြန်တော့ အမေ့နေရာမှာ လူသားတစ်ဦး ဝင်လာပါတော့တယ် ခင်ဗျာ။

`အင်း… အဲဒီ သူကတော့ တခြားမှမဟုတ်ဘဲ ကျွန်တော့်ရဲ့ အရေးပိုင်ကိုးခင်ဗျ။ အရေးပိုင်ဆိုတာ ကျွန်တော် မိန်းမရတာကို ပြောတာ။ ကျွန်တော်အရေးတွေ သူက အကုန်ပိုင်လို့ အရေးပိုင်လို့ ခေါ်တာ။´ (ပရိသက်က ဝေါခနဲ့ ပွဲကျသွားသည်) အင်း… ခုလို ဘိသိက်သွင်းရာက အိမ်ပြန်၊ အိမ်ရောက်တော့ လွယ်အိတ်ကလေး ချလိုက်တယ်ဆိုရင်ပဲ အရေးပိုင်က မေးသဗျ။(မိန်းမတွေမေးတဲ့ လေသံမျိုးနဲ့ မေးပြသည်) `ကိုသောင်း… တဲ့၊

နောက်ထပ် တော့်ကို ပွဲငှားလိုက်သေးလားတဲ့ `အေးပါကွာ၊ ခုတော့ မငှားလိုက်သေးဘူး။ နောက်ပွဲရှိရင် ငှားမယ်လို့တော့ ပြောပါတယ်´ဘယ်ငှားပါ့မလဲ၊

တော်က သီချင်းမှ မဆိုတတ်တဲ့ ဟာကိုး…တဲ့ဗျာ။ အင်း… ဒီတော့ ကျွန်တော်ကလဲ အရေးပိုင် ကြောက်ရတဲ့သူဖြစ်တော့ အိမ်ပြန်ရောက်ရင် ညာမပြောရလေအောင် သီချင်းကလေး ခွန်းထောက်ကလေး တစ်ပုဒ်တော့ ဆိုပြရဦးမှာပဲ…ဟု ပြောပြောဆိုဆို ဆားတောင်သောင်းက သူ့ သံဝါချိုဖြင့် အော်၍ဆိုလိုက်သည်။

`မိုက်မလင်းနိုင်ဘူး´ အသံရောက်များမှာ လေးပေါက် သုံးပေါက်မှ ခြောက်ပေါက်အသံဖြစ်သည်။ အလွန် အသံရ၍ ဆိုနိုင်သော မင်းသားများ၏ အသံရောက် ဖြစ်သည်။ ဆားတောင်သောင်း အသံမှာ ဓမ္မကထိက ဆရာကြီး ဦးလှသိန်းအသံ ပုံသဏ္ဌာန်မျိုးဖြစ်၏။ ဆားတောင်သောင်းကား သဘင်ပညာရှင် တစ်ဦးဖြစ်၍ ဆိုချင်တိုင်း ဆိုရနေသောကြောင့် သူ့အသံမှာ ပို၍ကောင်းသလား ထင်မှတ်ရပေသည်။ ဆားတောင်သောင်း ဆိုလိုက်သော အသံကြောင့် ပရိသတ်မှာ ဝေါဝေါ သဲသဲ ပွဲကျနေ၏။

ဆားတောင်သောင်းကလည်း အလွန်အကင်းပါး၏။ သူဆိုလိုက်တာ ပွဲကျမှန်းသိ၍ ခေတ္တမျှ အငြိမ်ပေးလိုက်၏။ ပြီးမှ ဆက်ဆိုသည်။ `မိုက်မလင်းနိုင်ဘူး´ `အမိုက်တွေ မလင်းနိုင်ပါဘူး ဘုရား´သူ့ သံဝါချိုက ပတ်စာပုံပေါ်တွင် အသံနေ အသံထားများ အားကောင်းစွာဖြင့် ဆိုပြနေသည်။

ကျွန်တော်သည် သတိရ၍ ဆရာလှိုင်ကို ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။ ဆရာလှိုင်သည် ဆားတောင်သောင်း၏ အလှည့်နှင့် အပြောများကို နားထောင်ဖူးဟန် မရှိပေ။ သူသည် အလွန် အံ့ဩသော အမူရာ မျက်နှာငယ်လေးဖြင့် ဆားတောင်သောင်းအား မော့၍ကြည့်နေပေသည်။

ပရိသတ်သည် ဆရာလှိုင်အား မေ့သွားပြီး။ ဆားတောင်သောင်း၏ အသံသည် အလွန်အဆီပါ၏။ ခြောက်ကပ်ကပ်အသံမျိုး မဟုတ်ပေ။ `မိုက်မလင်းနိုင်ဘူး၊ မိုက်ခင်း ညှာဆီ၊ ခါတော်မီ ပျော်မမေ့နိုင်ဘူး၊ သည်နေ့တွင် နေကုန် မောပြန်ရ၊ အတောမသတ်နိုင်တဲ့ ရဟတ်ဗွေ…´ ဆားတောင်သောင်း၏ အံ့ဩစရာ တစ်ချက်ကား ဆိုင်းက အသံမပေးရဘဲ သူပြောဟောနေရာက ရုတ်တရက် ကောက်ကာငင်ကာ ဆိုလိုက်သည်တွင် အသံများကိုက်၍ ဘောင်ဝင်နေသည်မှာ ချီးကျူးဖွယ်ရာပင် ဖြစ်ပါသည်။

ဆားတောင်သောင်းက `မိုက်မလင်းနိုင်ဘူး…´ကို လောကုတ္တရာစာများဖြင့် ပြန်လည်ရှင်းပြ၏။ ကာမဝဋ်၊ ဝိပါကဝဋ်၊ ကိလေသဝဋ်များဖြင့် ပဋိစ္စ သမုပ္ပာဒ်လည်ပုံ၊ သံသရာလည်ပုံများကို ချားရဟတ်များနှယ် ဥပမာပေး၍ ဟောပြောသွား၏။ လောကကုတ္တရာစာပေများကို မြင်းကောင်းများ စိုင်းဘိသကဲ့သို့ ဒိုးဒိုးဒေါက်ဒေါက် အထစ်အငေါ့မရှိဘဲ ရှင်းလင်းပြသသွားသည်။

အဖိုးထိုက်တန်သော စေတနာ စိတ်ထားများ အကြောင်းကိုလည်း ရှင်းလင်းရင်းက အချို့နေရာများတွင် စကားပြောရာမှ အသံများ ထည့်ပြောသွားသည်။ အလှူတစ်လှူတွင် ဆိုင်းဖြစ်စေ၊ ဘိသိက်ဖြစ်စေ အရွယ်သုံးပါး ကြိုက်ရန်မှာ သိပ်လွယ်ကူသော အလုပ်မဟုတ်ပေ။ လူငယ်လူရွယ် အပျိုလူပျိုများက ကြိုက်ရခြင်း၊ လူလက်ပိုင်းက ကြိုက်ရခြင်း၊ လူကြီးပိုင်းများက ကြိုက်ရခြင်းဟူ၍ အကြိုက်သုံးပါးညီရန်မှာ အတော်လေး ခဲယဉ်းလှပေသည်။

ဆားတောင်သောင်းသည် မိုက်မလင်းနိုင်ဘူးကို အသံသုံး၍ အဆိုကောင်းကောင်းဖြင့် လူငယ်လူလတ်ကြိုက် လုပ်ပြသွားသည်။ လူကြီးကြိုက်ဖြစ်သော လောကုတ္တရာ စကားများကို မိုက်မလင်းနိုင်ဘူး ဓမ္မလင်္ကာကဗျာမှ ထုပ်နုတ်ပြောသွားရာ ပရိသတ်ကြီးသည် ငြိမ်သက် နားထောင်နေကြတာ တုတ်တုတ်မျှ မလှုပ်။ စပြောသည့် အချိန်စပြီး ယခုအချိန်ထိ နာရီဝက်ကျော်ကျော်ရှိပြီ။

သူက လောကီ စကားများဘက်သို့ တဖန်ပြန်လှည့်လိုက်သည်။ `ပရိသတ်ကြီးတို့… မရှိတာထက် မသိတာခက်တဲ့။ ဒါကြောင့် လောကုတ္တရာမှာဖြစ်ဖြစ်၊ လောကီမှာဖြစ်ဖြစ် သိအောင်လုပ်ဖို့က ပထမ အရေးကြီးပါတယ်။ ဟော… ကြည့်လေ ကျွန်တော် မောင်သောင်း၊ မသိတာ ပြောရဦးမယ်။ ကျုပ်တို့ တောသားဘဝဆိုတော့ ငယ်စဉ် ရှင်လူထွက်ကြီးကတည်းက ခေါင်းတုံးထားလာတာ ဘိသိက်ဆရာရယ်လို့ ဖြစ်ပြီး… ဘိသိက်ပွဲလေးတွေ အတော်လိုက်ရတော့ လူကနည်းနည်း ဆန်းချင်လာတယ်။

ဘယ်လိုဆန်းချင်လာသလဲဆိုတော့ ကိုယ့်ခေါင်းကို မှန်ထဲ ကြည့်လိုက်တဲ့အခါ ငါ ခေါင်းတုံးကြီးနဲ့ ပေါ့လေ။ ဒါနဲ့ ဘိုကေထားလိုက်ပြန်ရင်လည်း ချက်ချင်း ကူးတာပြောင်းတာ လူတွေသိ ရှက်စရာကြီး။ အဲဒီတော့ ခေါင်းတုံး ဆံထောက် တိုတိုလေး စထားမယ်။ ခေါင်းတုံးဆံတောက်ကမှတဆင့် ဘိုကေထားမယ်ပေါ့လေ။ ဒါနဲ့ မူလတုန်းက ထားခဲ့တဲ့ ခေါင်းတုံးကို ရှည်ရှည်လေး မရိတ်ပဲထားလိုက်တယ်။ ကျွန်တော်တို့ မြန်မာများဟာ ဦးခေါင်းကို အလွန်အလေးမြတ် ပြုကြတယ်။ ရှေးတုန်းက ခုလိုမဟုတ်ဘူး။ ယောက်ျားတွေ ဆံပင်သျှောင်ထုံးတွေနဲ့ အလွန် ကျက်သရေရှိတာ။

အဲဒါ… တစ်ယောက်ရဲ့ သျှောင်ထုံးကို တစ်ယောက်က လှမ်းဆွဲလိုက်လို့ သျှောင်ဆွဲခံရတဲ့သူက မကျေနပ်လို့ လွှတ်ရုံးတက်ရင် ဓမ္မသတ်က ဘာဆိုထားသလဲဆိုတော့ ရွှေစင်တစ်မက် ငွေငါးကျပ်ပေးလျော်ရမယ်လို့ ဆိုထားတယ်။ ခုတော့ မောင်သောင်း လူပျိုလုပ်ချင်တာနဲ့ ဆံပင်ညှပ်ဆိုင်သွားတော့ ဆံပင်ကို ကိုင်ရုံတင်မကဘူး လှီးဟယ်၊ ဖြတ်ဟယ်၊ ရိတ်ဟယ်နဲ့ မွှေချင်သလိုမွှေ၊ ကိုက်ချင်သလိုကိုက်ပြီး သူသွင်းပေးလိုက်တဲ့ ခေါင်းပုံကလေး မှန်ထဲမှာကြည့်၊ ကျေနပ်ပြီး ဆင်းလည်းလာရော `ရော့ဗျာ… နှစ်ကျပ်ဆို ကိုယ်ကပေးခဲ့ရတယ်ဗျ။ အင်း… အိမ်ရောက်တော့ မိန်းမက ခေါင်းကို သေသချာကြည့်ပြီး ကိုသောင်းက ဒီလိုဆိုတော့လည်း အချောသားတဲ့ဗျ… ဒါနဲ့ ဆံပင်ညှပ်ဆရာကို ကိုယ်ကပြန် ကျေနပ်လိုက်ရတာပေါ့လေ။´

မိန်းမများ အလွန်ပရိယာယ် မူယာမာယာ များတယ်။ ဒီရွာကမိန်းမတွေကို ပြောတာမဟုတ်ပါဘူး။ မတ္တရာက မိန်းမတွေကို ပြောတာ။ ဟာ… မဟုတ်သေးဘူး။ မတ္တရာကလည်း လာမှာပဲ တောပုက မိန်းမတွေပြောတာ။ အင်း… တောပုကလည်း လာမှာပဲ၊ တောင်ပြုံးက မိန်းမတွေပြောတာ။ ဟာ… တောင်ပြုံးကလည်း လာမှာပဲ၊ လယ်ကောင်းကြီးက မိန်းမတွေကို ပြောတာဗျို့။ ဟောဗျ… အလှူက အကြီးကြီး။ လယ်ကောင်းကြီးကလည်း တစ်ရွာလုံး လာမှာပဲ။ ဝသုနြ္ဒကိုပြောတာ၊ ဝသုနြေ္ဒမှလည်း လာမှာပဲ။ ခုမှတော့ မထူးတော့ပါဘူး။ မျှတသာ ခံကြပေတော့ဗျို့…´ ပရိသက်က တဝေါဝေါ ပွဲကျနေသည်။

`အင်း…မိန်းမများ မာယာများတယ်ဆိုတာ ကျွန်တော့်အိမ်က မိန်းမကို ပြောတာပါဗျာ။ ဟော… ကြည့်လေ… ကျွန်တော် ဘိသိက်ပွဲက ပြန်လို့ အိမ်လည်းရောက်ရော၊ ဘယ်လို ပြောတယ်မှတ်သလဲ။`ကိုသောင်း…တဲ့။ ထမင်းအရင်စားမလား။ ရေအရင်ချိုးမလား…တဲ့´ `အေးကွာ…။မင်းအဆင်ပြေတာပြောတာ အဝှာပြုတာပေါ့´ `ကျုပ်က တော်ပြန်လာရင် မောပန်းလာပြီ ရေအရင်ချိုးမှာ သိတယ်။

ဒါပေမဲ့လေ တော့်သမီးလေးက လက်က ချလို့မရတော့…´ `ဟေ…ကိစ္စမရှိပါဘူး မိန်းမ၊ ငါ သွားထမ်းမှာပေါ့။´ `ကျုပ်တို့ဆီမှာတော့ ရေရောင်းတဲ့လူ မရှိဘူး။ ကိုယ်ဟာကို ထမ်းရ၊ခပ်ကြရတယ်။ ဒါနဲ့ ကျုပ်လည်း အဝတ်အစားလဲ၊ ခါးတောင်းမြှောင်အောင် ကျိုက်ပြီး ရေပုံးနှစ်လုံး၊ ထမ်းပိုးနဲ့ ရွာအပြင်ထွက်လာ၊

ကိုယ်က သီချင်းဆို ဝါသနာပါတော့… ရာဇဂြိုဟ် သာကေတ ဗရာဏတက္ကသိုလ်´ ဘေတိုးပုံ… ဆားတောင်သောင်းသည် ဗုံထောက် တစ်ပုဒ်ကို အားရပါးရ အော်၍ ဆိုလိုက်ခြင်းဖြစ်ပါသည်။ ဗုံထောက်သံမှာ ဆိုင်းအတီးနှင့် အဆိုပါက အလွန်မြိုင်သည့် ပျော်သည့် သီချင်းမျိုးဖြစ်ပါသည်။

သီဆိုသူက အသံကောင်းပါက အဆိုကောင်းပါက သူ၏စွမ်းအား ရှိသလောက် ပြခွင့်ရသော သီချင်းအမျိုးအစားလည်း ဖြစ်ပါသည်။ သူ၏ ဗုံထောက်ကို ကျွန်တော်တို့ ဆိုင်းကလည်း လျှင်မြန်ဖျတ်လတ်စွာ ဖြည့်စွက် တီးပေးနေကြပါသည်။ ဆားတောင်သောင်းသည် ဗုံထောက် ငါးပုဒ်လောက်ကို ဆိုတီး ဆိုတီး အပြန်ပြန် အလှန်လှန်ပြီးမှ ရပ်ပစ်လိုက်ပါသည်။

ပြီးတော့မှ သူက…

`အဲသလောက်ကို ဆိုမှ ရေတွင်းကို ရောက်တာဗျာ ရွာနဲ့ ရေတွင်းက အဝေးကြီး´ ပရိသတ်က အလွန်ပင် ပွဲကျနေပါသည်။ သူ့အသံနဲ့ သူ့အဆိုသည် ပရိသတ်ကို ကောင်းကောင်းကြီး ဖမ်းစားနိုင်ပါ၏။ သူ၏ ကွင်းဆက်ကောင်းသော စကားများကိုလည်း ပရိသတ်က ထပ်ခါထပ်ခါ ကြားချင်နေကြပါသည်။

`မိန်းမများ အလွန်ပရိယာယ် မာယာများတာလားဗျာ။ ဟော… ကြည့်လေ အခုလည်း ကြည့်လေ… ဘာပြောတယ် မှတ်လလဲ…ကိုသောင်း၊ တော် ဒီလို ရေခပ်တာ ကျုပ်မကြည့်ရက်နိုင်ဘူးတော့…တဲ့။ တော်ပါတော့ ပြောမှပေါ့ အိမ်မှာရှိတဲ့ စဉ့်အိုးတွေ၊ရေအိုးတွေ အကုန်ပြည့်လို့ ထည့်စရာမရှိတော့ ကျုပ် ထမ်းလာတဲ့ ရေပုံးနှစ်ပုံးက ဒီတိုင်း တည်ထားရတဲ့ဘဝ ရောက်နေမှကိုးဗျ။

ပြီးတော့မှ ကိုသောင်း…တဲ့၊ထမင်းစားရအောင် ကျုပ်က ဟင်းကောင်းကောင်းလေး ချက်ချင်ပါတယ်။ တော့်သားလေးက လက်ပေါ်က ချမရလို့ အဲ…ရှိတာလေးနဲ့ပဲ စားတော့လို့ ပြောသဗျ။ အဲဒါ… ဘာဟင်းမှတ်တုန်း။ မှတ်ထားကြ ကာလာသားတို့၊ လောကမှာ အပျင်းဆုံး မိန်းမများ ချင်တဲ့ဟင်း …အဲဒါ ဘာဟင်းလဲ၊ ဘဲဥကြော်´ အင်း..မိန်းမတွေများ ပရိယာယ် မာယာ အလွန်များတာကလား။ အဲ…အဲ ဒီရွာက မိန်းမတွေ ပြောတာမဟုတ်ပါဘူး။ အဲ… ကျွန်တော်လည်း ထမင်းစားပြီးရော သူ့မှာ အပြစ်ကလေး ရှိနေလေတော့ ကျွန်တော့်ကို လေချိုသွေးသဗျ။ ကိုသောင်း… တဲ့ တော် ဘိသိက်သွားသွားနေတုန်း မြို့က စျေးရောင်း လာကြတယ်တော့။ သူတို့မှာ ပါလာတာက ကျုပ်တို့ ချွေးခံအင်္ကျီလိုတော့ ပလာစီဆိုလား ဘားလား မခေါ်တတ်ပါဘူး။

အဲဒါကို သူကြီးနှမ မြတင်က ဝယ်တယ်တော့။ ကျုပ်ကလည်း ဘိသိက်ဆရာကတော် မဟုတ်လားတော်။ ဘာကြောင့် မဝတ်နိုင်ရမှာတုံး။ အဲ…အဲ တစ်ထည်တည်း ဝယ်ပြန်ရင်လည်း ဒီကောင်မ တို့ဝယ်တာ လိုက်တုပဝယ်တာ၊ တကယ်လည်းမတက်နိုင်ဘဲနဲ့လို့ အပြောမခံရအောင်လို့ ကျုပ်နှစ်ထည် ဝယ်လိုက်တယ်။ တစ်ထည် ၇၅ ကျပ်တော့။ နှစ်ထည်ဆိုတော့ ၁၅၀ ပေါ့တော် နော် ကိုသောင်း။´

အင်း…ခက်တယ်၊ ခက်တယ် သူတို့ဝတ်တာသာပြောရ၊ ကျုပ်တို့ယောက်ျားတွေ မျက်လုံးကလည်း သူတို့ဆီ…ချက်ချင်းလိုက်ကြည့်ချင်ကြတော့ ဝေါခနဲ ဝေါခနဲ ပရိသတ်မှာ ရယ်ဆိုရယ်၊ ရပ်ဆိုရပ်၊ သူ့စကားနဲ့ သူ့အသံများ၊ သူ့သီချင်းများ၊သူ့ဟန်များကို အလွန်အားရ ကျေနပ်နေကြပါတယ်။ ဆားတောင်သောင်းသည် ရယ်ရန်၊ မှတ်ရန်၊ ဥပမာ အလွန်ပေါသည်။ အောက်နားတွင် ထိုင်နေသော ဆရာလှိုင်သည် ဆားတောင်သောင်း ပြောသမျှ လိုက်နားထောင်သည်။

ရယ်စရာရှိက ပရိသတ်နဲ့အတူ လိုက်ရယ်နေသည်။ သူသည် အလွန်အံ့ဩစွာဖြင့် ဆားတောင်သောင်းအား ငေးမောကြည့်ဟန်များ မကြာခဏ လှမ်းမြင်နေရသည်။ ဆားတောင်သောင်း၏ ပထမအခန်းအပြီး ဆရာလှိုင် အလှည့် ဖြစ်၏။

ကျွန်တော်တို့ ဆိုင်းကတီးပြီးလျှင် ဆရာလှိုင်ထဖို့ အလှည့်ဖြစ်၏။ သို့သော် ဆရာလှိုင်က မထချင်တော့။ သူလည်း ဆားတောင်သောင်းကို ဆက်နားထောင်ချင်နေ၏ ပရိသတ်ကလည်း နောက်အခန်းတွေ ဆရာလှိုင်ပြောတာပေါ့။ ခုတော့ ဆားတောင်သောင်းပဲ ဆက်ပြောပါဦးဟု အသံကြားနှင့် ပြောသူက ပြော၏။ နောက်ဆုံး ဆရာလှိုင်ကပင် တောင်းပန်၏။ ဆရာပဲ ထပါဟု ပြော၏။ ဒုတိယ အကြိမ်တွင် ဆားတောင်သောင်းသည် ဘိသိက်တော် မင်္ဂလာအကြောင်းများကို တစ်ခုပြီး တစ်ခု တစ်ခန်းပြီး တစ်ခန်း ရှင်းပြသွားသည်။ သည်လိုနဲ့ နောက်ထပ် ဆရာလှိုင် မထဖြစ်တော့။

ဆားတောင်သောင်း တစ်ယောက်တည်း တစ်ခန်းပြီး တစ်ခန်း၊ ဆက်ကာ ဆက်ကာအလုပ်လုပ် သွားတော့သည်။ ဆရာလှိုင်သည် အောက်နားကနေ၍ ဆားတောင်သောင်းက ရှင်လောင်းများ ရေစင်ဖျန်းရန်အတွက် ခရုထဲသို့ သပြေပန်း၊ မြေစာနဲ့ ရေများထည့်ပေးချင်း၊ မောင်ရှင်လောင်း နားထွင်းများ ချည်မန်းကွင်းစွပ်ရန် အပ်ချည်လုံးများမှ အပ်ချည်များကို ကြိုးကျစ်ကာ ချည်မန်းကွင်းဖြစ်အောင် လုပ်ပေးခြင်း စသည့် ဆားတောင်သောင်း၏ ဝေယျာဝစ္စများကို အောက်ထိုင်ရင်း ကူညီညာ လုပ်ပေးနေသည်ကို မြင်နေရပါသည်။ နောက်ဆုံး ဘိသိက်ခန်း ပြီးသွားပါပြီ။ ဆားတောင်သောင်း၏ ဘိသိက်ပွဲသိမ်းလင်္ကာ အပြီးတွင် ကျွန်တော်တို့ ဆိုင်းအဖွဲ့က ဗြောတီးလိုက်ကြပေသည်။

ဆားတောင်သောင်းရော၊ ဆရာလှိုင်ပါ ကျွန်တော်တို့ ဆိုင်းနားတွင် လာကြသည်။ လွယ်အိပ်များ ကိုယ်စီကိုင်ကာ အဝတ်စားများ လဲကြရန်ဖြစ်သည်။ ဆရာလှိုင်သည် အဝတ်စားမလဲသေး၊ ဘိသိက်အဝတ်စားများနှင့်ပင် ဆားတောင်သောင်းနား ရိုသေကျိုးနွံစွာဖြင့် ဦးချကန်တော့နေသည်ကို တွေ့မြင်နေရသည်။

ဆားတောင်သောင်း၏ ပါးစပ်မှလည်း… ဟာ ဆရာလှိုင်၊ ခင်ဗျာဟာ ပညာရှိတစ်ဦးမျှသာ မဟုတ်တော့ဘူး… ပညာရှိ သူတော်ကောင်းပဲ… ပညာရှိ သူတော်ကောင်းဆိုတာ အလွန်ရှားပါတယ်ဗျာ´ဟူ၍ ပြောလေသည်။ ဆရာလှိုင်သည် ဆားတောင်သောင်း၏ တပည့်အဖြစ် ခံယူလိုက်လေပြီ။

ရွာစား စိန်တင်ဟန်

(၁၉၈၇)ခုနှစ် သြဂုတ်လထုတ် သဘင်မဂ္ဂဇင်းတွင် ပါရှိခဲ့သော ရွာစား စိန်တင်ဟန်၏ ကိုယ်တွေ့ဆောင်းပါး။

#ThuraHtayaung/ Lay Myint