အသိပညာ

မိဘကို ပြန်ပြောရင် ငရဲကြီး၊ မကြီးဆိုတဲ့မေးခွန်းရဲ့ အဖြေနဲ့ မိဘကျေးဇူး အကျေဆပ်နည်း

မိဘကို ပြန်ပြောရင် ငရဲကြီး၊ မကြီးဆိုတဲ့မေးခွန်းရဲ့ အဖြေနဲ့ မိဘကျေးဇူး အကျေဆပ်နည်း

မိဘကိုပြန်ပြောခွင့်ရှိတယ် မိဘကျေးဇူးကို အနှစ်ချုပ်လိုက်ရင် သုံးချက်ပဲရှိတယ်။

၁။ ပေါသကာ – နို့ချိုတိုက်ကျွေး မွေးမြူတယ်။

၂။ အာပါဒကာ – လူလားမြောက်အောင် စောင့်ရှောက်တယ်။

၃။ ဣမဿ လောကဿ ဒဿေတာရော – ဒီလောကကြီးကို မြင်ခွင့်ပေးတယ်။ (ဝါ) လူအဖြစ် မွေးပေးတယ်။ (ဝါ) ဘဝသစ်ကိုပေးတယ်။ ပေါသကာနဲ့ အာပါဒကာကို ပြန်လည်ကျွေးမွေးပြုစု လုပ်ကျွေးခြင်းနဲ့ ကျေအောင်ဆပ်ရတယ်။ မိဘကို ကိုယ်က ပြန်မွေးထုတ်လို့မှ မရပဲ။

ဒီအချက်ကြောင့်ပဲ မိဘကျေးဇူးကို ကျေအောင်ဆပ်ဖို့ ခက်တာဖြစ်တယ်။ ​မိဘကို ပြန်မွေးထုတ်ပေးလို့မရပေမယ့် မိဘမသေခင်မှာပဲ ဘဝသစ်တစ်ခုရသွားအောင်တော့ ပြန်လုပ်ပေးလို့ရတယ်။

မလိမ္မာတဲ့မိဘကို လိမ္မာသွားအောင် သားသမီးက လမ်းညွှန်ပေးရမယ်။ ကံ ကံ၏အကျိုးကို မယုံကြည်တဲ့ မိဘကို ယုံကြည်အောင်၊ ကိုယ်ကျင့်တရားမကောင်းတဲ့ မိဘကို ကိုယ်ကျင့်တရားကောင်းအောင်၊ စေးနှဲတွန့်တိုတဲ့ မိဘကို ပေးကမ်းစွန့်ကြဲတတ်အောင်၊ ပညာမရှိတဲ့ မိဘကို ပညာရှိအောင် သားသမီးက လမ်းညွှန်ပေးရမယ်။

မလိမ္မာတဲ့သူက လိမ္မာသူဖြစ်သွားရင် ဘဝသစ်တစ်ခုကို ရရှိသွားတာပဲ ဖြစ်တယ်။ အဲဒီလိုဆိုရင် မိဘကျေးဇူး ကြေအောင်ဆပ်ရာရောက်တယ်။ မလိမ္မာတဲ့ မိဘကို လိမ္မာအောင် လမ်းညွှန်ပေးတဲ့အခါမှာ ဆဲဆို ရိုက်နှက်ခြင်း အစာဖြတ်ခြင်း စသည်တို့ကိုတော့ မပြုလုပ်ရဘူး။

မွေးမွေးပြီးချင်း ကလေးကို စွန့်ပစ်သွားတဲ့ မိဘတွေက သားသမီးအပေါ်မှာ ပေါသကာ အာပါဒကာ ကျေးဇူးမရှိဘူး။ မွေးဖွားပေးတဲ့ မွေးကျေးဇူးသာရှိတယ်။ သားသမီးကို မိဘကို ပြန်ပြောခွင့်မရှိဘူးလို့ ဘုရားမဟောဘူး။ မလိမ္မာရင် လိမ္မာအောင် လမ်းညွှန်ပေးရမယ်လို့တောင် ဘုရားက ဟောခဲ့တယ်။

ပြန်ပြောခွင့် မရှိတာမဟုတ်ဘူး။ ကြမ်းတမ်းရိုင်းပျစွာ ဆဲဆိုအော်ဟစ်ခွင့်မရှိခြင်းသာ ဖြစ်တယ်။ မိဘကလည်း သားသမီးတွေကို ကြမ်းတမ်းရိုင်းပျစွာ ဆဲဆိုအော်ဟစ်ခွင့် မရှိဘူး။

မိဘက သားသမီးကိုဆဲတာက နစ်နာစေလိုစိတ်မရှိလို့ ဖရုသဝါစာမဖြစ်ဘူးလို့ ပြောကြပေမယ့် ဒီဘက်ခေတ် ဖြစ်ပျက်နေတဲ့ မျက်မြင်သက်သေတွေအရ နစ်နာစေလိုစိတ်မရှိဘူးဆိုတာ မိဘတိုင်းတော့ မဟုတ်နိုင်ဘူး။ မိဘနဲ့ သားသမီး အပြန်အလှန် စောင့်ရှောက်ကြရင်း ချစ်ခြင်းမေတ္တာများ တိုးပွားကြပါစေ။

Ashin_Khema_Nanda