ဗဟုသုတ

“ မြင်းကျားလို လူစား​တွေ များလာတဲ့ခေတ် ”

“မြင်းကျားလို လူစား​တွေ များလာတဲ့ခေတ်”

ပျင်းပျင်းရှိတာနဲ့ TV မှာ NGC Wild လိုင်းဖွင့်ပြီး တိရိစ္ဆာန်တွေ အမဲလိုက်တာ ကြည့်နေလိုက်တယ်။

ခြင်္သေ့တစ်ကောင်က မြင်းကျားတစ်အုပ်ကို အမဲလိုက်နေတာ။ မြင်းကျားတွေ ပြေးတယ်။ လှည့်ပတ်ပြေးကြတယ်။ ဝရုန်းသုန်းကားပေါ့။

ဖုန်တွေတထောင်းထောင်းထအောင် အသက်ဘေးကလွတ်ဖို့ ရှိသမျှ အားကုန်ထုတ်ပြီး ပြေးကြတာ။

ဒါပေမဲ့ သူတို့ထက် ပိုသန်မာတဲ့ ခြင်္သေ့ကြီးက နောက်ဆုံးတော့လည်း မြင်းကျားတစ်ကောင်ကို လွှားခနဲ ခုန်အုပ်ပြီး နေရာမှာတင် ကိုက်စားလိုက်တယ်။

ခြင်္သေ့က မြင်းကျားတစ်ကောင်ကိုလည်း မိသွားရော ခုနက ပြေးလွှားနေကြတဲ့ မြင်းကျားတွေ ချက်ခြင်းရပ်ပြီး အဲ့ဒီနားမှာပဲ ပုံမှန်အတိုင်း မြက်ပြန်စားနေတော့တာပဲ။ ခုနက ပြေးလွှားနေကြတာ သူတို့မဟုတ်တဲ့အတိုင်း။

သူတို့မျိုးနွယ်တစ်ကောင်ကို သူတို့အနားတင် ခြင်္သေ့ကြီးက စားနေတာကို အမြီးလေးတခါခါနဲ့ အေးအေးလူလူနေနိုင်ကြတယ်။

နေနိုင်မှာပေါ့၊ တိရစ္ဆာန်ကိုး။ သူတို့လွတ်သွားဖို့ပဲ အားထုတ်တယ်လေ။

TV ကြည့်နေရင်းနဲ့ ကိုယ်တွေ လူ့ဘောင် အသိုင်းအဝိုင်းထဲမှာလည်း ဒီမြင်းကျားစရိုက်မျိုးနဲ့ လူတွေ ရှိနေပါလားလို့ အတွေးဝင်လာပြီး မချိပြုံး ပြုံးမိတယ်။

“ဟိုကောင်တော့ ကားခနဲပဲဟေ့၊ ဟဟ ဒီကောင် ဒီလိုဖြစ်တော့မှာ ကျုပ်က ကြိုသိသားပဲ။ ထားလိုက် ဟေ့လူ သွားဝင်မပါနဲ့နော်၊ ကိုယ့်အပူ မပါဘူးဗျ။ ကိုယ့်ဟာကို နေတတ်သလိုလေးသာနေ”

ဒီစကားမျိုးတွေ ပတ်ဝန်းကျင်မှာ မကြာခဏကြားလာရတယ်။

ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစုအရေးမှ မဟုတ်ရင် သူများဘေးဒုက္ခရောက်နေတာကို အေးရာအေးကြောင်း ကြည့်နေနိုင်ကြတဲ့ လူတွေ လူတွေ။

ကြားဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။

တောထဲမှာ လူနှစ်ယောက်ကို ဆင်ရိုင်းကြီးက လိုက်တယ်ပေါ့။

လူနှစ်ယောက်က ထွက်ပြေးရတာပေါ့။ လူတစ်ယောက်က ပြောတယ်။

“ငါတို့ ဆင်ရိုင်းထက် ပိုအပြေးသန်နိုင်ပါ့မလား”

ဟိုလူက ဖြေတယ်။ “ဆင်ရိုင်းထက်တော့ မသိဘူး။ ငါ မင်းထက်တော့ ပိုအပြေးသန်တယ်”တဲ့။ သိပ်ကြောက်စရာကောင်းတဲ့ပုံပြင်ပါ။

မင်းထက်တော့ ငါ ပိုအပြေးသန်တယ်။ မင်းသေချင် သေပါစေ၊ ငါလွတ်ဖို့သာ အဓိကဆိုတဲ့ Mind set မျိုးကို (ဝမ်းနည်းဖွယ် ကောင်းတာက) လူငယ် တစ်ချို့ဆီမှာပါ အမြစ်တွယ်စ ပြုလာတာကို တွေ့လာရပါတယ်။

သက်ငယ်မုဒိန်းမှုတွေ၊ လူငယ်နဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ၊ အစားအစာနဲ့ ဓာတုဆေးဝါးဆိုင်ရာရောဂါတွေ၊ ကျွန်တော်တို့နိုင်ငံထဲက ပြည်တွင်းစစ်တွေ၊ နိမ့်ကျနေဆဲ ပညာရေး ကျန်းမာရေး စနစ်တွေ၊ ကိုယ့်ဆီ ကိုယ့်မိသားစုဆီ တိုက်ရိုက်မထိခိုက်သေးဘူးဆိုပြီး ကျွန်တော်တို့ အေးအေးလူလူ လုပ်နေကြတယ်။

မနက် အိပ်ရာနိုး Breakfast စားပြီးရင် ငါ့ဆိုင်လေး ဈေးရောင်းကောင်းဖို့၊ ငါ့ကုမ္ပဏီလေး အဆင်ပြေဖို့၊ ရုံးမှာ ငါရာထူးတက်ဖို့၊ ငါ့အလုပ်မှာ လခကောင်းကောင်း ရဖို့၊ ငါ ငါ ငါ ငါအဆင်ပြေဖို့အတွက်ပဲ ရှင်သန်နေကြသူတွေ။

သူများတွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်ဘူးလို့ ခံယူထားတဲ့လူတွေ ခုနောက်ပိုင်းမှာ အရမ်းကို များလာတယ်။

ဟိုးယခင် မဆလခေတ်က သိပ်တွင်ကျယ်တဲ့ စကားတစ်လုံး ရှိခဲ့တယ်။

“ဦးရာလူ”တဲ့။ (အဲ့ဒီ စကားလုံးကို ယခု လက်ရှိ အချိန်အထိ ကျွန်တော်မုန်းတယ်) ဦးရာလူ၊ ဦးတဲ့သူ ရမယ်၊ နောက်ကျရင် မရဘူး။

အဲ့ဒီအချိန်က အစစအရာရာ ရှားပါးတဲ့ခေတ် ဆိုတော့ လူတွေဟာ ဦးရာလူစနစ်ကြောင့် ကုန်တိုက်တွေမှာ သူများထက် ကိုယ်ဦးအောင် တန်းစီပြီး ဈေးဝယ်ရတယ်။

နောက်ကျခဲ့ရင် မရတော့ဘူး။ သူများ ရသွားလိမ့်မယ်။

ကိုယ်က သူ့ထက်ဦးမှကို ရမယ်ဆိုတဲ့ အရိုးစွဲစိတ်ဓာတ်နဲ့ ကြီးပြင်း လာရလို့များ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ပင်ကိုယ်က သိမ်မွေ့ပါလျက်နဲ့ ကိုယ်ချင်းစာတရားတွေ ပါးပါးလာကြပြီး ကျွန်တော်တို့ မျိုးဆက်လည်းရောက်ရော မြင်းကျားလို လူမျိုးတွေ များပြားလာရသလားရယ်လို့ တခါတခါ လျှောက်တွေးမိတယ်။

တိရစ္ဆာန်လိုမျိုး အရိုင်းစိတ်တွေ စိုးမိုး အားကောင်းလာတဲ့ခေတ် ဆိုတော့ ကားချင်း ပွတ်မိရုံနဲ့လည်း သံတုတ်ကိုင်ပြီး ရိုက်ကြ နှက်ကြ၊ လူချင်းစကားများရုံလောက်နဲ့လည်း သတ်ကြ ဖြတ်ကြနဲ့ပေါ့။

ပလက်ဖောင်း ကျဉ်းကျဉ်းလေးထဲ လမ်းလျှောက်လာရင်း ထိပ်တိုက်တွေ့တဲ့အခါ ရှောင်ပေးဖို့တောင် ခဲယဉ်းလာတဲ့အထိ လူတချို့ အတ္တကြီးလာကြတယ်။

ကမ္ဘာတောင် မီးမလောင်သေးပါဘဲနဲ့ မိတ်ဆွေရင်းတွေ အချင်းချင်း ချနင်းဖို့ ဝန်မလေးကြတော့ဘူး။

လူနဲ့ တိရစ္ဆာန်ကြားက ခြားနားချက်တွေ တဖြည်းဖြည်း ကျဉ်းမြောင်း လာတာ တွေးကြည့်ရင် သိပ်ကြောက်ဖို့ ကောင်းပါတယ်။

ကိုယ့်ရင်ထဲမှာလည်း တိရစ္ဆာန်တစ်ကောင် အကောင်ပေါက်နေပြီလားလို့ ကိုယ့်စိတ်ကိုယ် မကြာခဏ ပြန်ဆန်းစစ်ကြည့်မိတယ်။

တိရစ္ဆာန်နဲ့လူ ခြားနားချက်ကို ဘယ်စံ၊ ဘယ်ပေတံနဲ့ ခင်ဗျားက တိုင်းမှာလဲလို့လာမေးရင် ကျွန်တော်ကတော့ ကိုယ်ချင်းစာတရား ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းချင်ပါတယ်။

“ကိုယ်ရဲ့ ကာယကံ ဝစီကံ မနောကံတည်း ဟူသော အကြောင်းတရားတွေဟာ သူတပါးအပေါ်မှာ ထိခိုက်နစ်နာ သွားစေနိုင်သလား”ဆိုတဲ့ ခံစားချက်နဲ့ “သူ့နေရာမှာ ကိုယ်သာဆိုရင် ကိုယ်ဘယ်လို ခံစားရလိမ့်မလဲ” ဆိုတဲ့ စိတ်မျိုးနဲ့ပါ။

လူပီသဖို့ဆိုတာ သိပ်အများကြီး မလိုပါဘူး။

ကိုယ်ချင်းစာတတ်ဖို့လေးပါပဲ။ အဲ့စိတ်ဓါတ်လေး မရှိရင်တော့ အင်္ကျီဝတ်ထားပြီး အမြီးတနှံ့နှံ့နဲ့သွားနေတဲ့ မြင်းကျားတစ်ကောင်မျှသာ။

#Lin_Maw

𝑪𝒓𝒆𝒅𝒊𝒕 𝑻𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑼𝒑𝒍𝒐𝒂𝒅𝒆𝒓