ၾကားသိရသမွ်

မြန်မာစာချစ်မြတ်နိုးသူတွေကို ဒေါသထွက်စေခဲ့တဲ့ စကစ တက္ကသိုလ်ဝင်တန်း မြန်မာစာ မေးခွန်

၈ တန်းမေးခွန်းလား ၁၀ တန်း မေးခွန်းလား မသဲကွဲတဲ့ စကစရဲ့ တက္ကသိုလ်ဝင်တန်း မြန်မာစာ မေးခွန်း

ယနေ့မှာ စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင် ပြုလုပ်ခဲ့ပါတယ်။ စာတွေများပြားလှတဲ့ တက္ကသိုလ်ဝင်တန်းဟာ ပုံမှန် စာသင်ချိန် တနှစ်ရရင်တောင် သင်ရိုးညွှန်းတမ်းကုန်အောင် သင်ကြားဖို့ အခက်အခဲ ရှိတဲ့ အချိန်မှာ စကစရဲ့ ၃ လ အမြန်ဖြတ် စာသင်ချိန်နဲ့ ဘယ်လိုမှ မလောက်နိုင်ပါဘူး။

ကျောင်းတွေ မဖြစ်မနေ ဖွင့်ရမယ်ဆိုတဲ့ အမိန့်နဲ့ ဖွင့်ခဲ့ပေမယ်လည်း ဖေဖော်ဝါရီလမှာ မြန်မာပြည် ကိုဗစ် စတုတ္ထလှိုင်းကြောင့် ကျောင်းတက်တဲ့ ဆရာမနဲ့ ကျောင်းသားတချို့ ကူးစက်မှု ခံခဲ့ရပါတယ်။

တချို့ကျောင်းတွေမှာလည်း ကျောင်းတက်တဲ့ စာရင်းသာ စာရွက်ပေါ်ရှိပြီး မြေပြင်မှာတော့ ဘယ်သူမှ မရှိတဲ့ အဖြစ်တွေ ရှိခဲ့ပါတယ်။

အဲဒါတွေကြောင့် သင်ရိုးညွှန်းတမ်းမှာပါတဲ့ အခန်းတွေ ဖြုတ်ပြီး သင်တာတောင် ဘယ်လိုမှ မပြီးတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ်။

၃ လပြတ်ဆိုတဲ့ စကားအတိုင်း မေးခွန်းကလည်း အတော့်ကို လွယ်ကူတဲ့ မေးခွန်း ဖြစ်နေတာ တွေ့ရပါတယ်။

တက္ကသိုလ်ဝင်တန်းကို သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမ တချို့ကတော့ ဒီလောက် လွယ်လွန်းတဲ့ မေးခွန်းဟာ ၈ တန်း မေးခွန်းလား၊ ၁၀ တန်း မေးခွန်းလား မသဲကွဲဘူးလို့ ပြောနေကြပါတယ်။

မေးခွန်းတနေရာမှာတော့ ဆရာဇော်ဂျီလို့ မရေးဘဲ ဇော်ဂျီလို့ပဲ ရေးထားတာကြောင့် မြန်မာစာ မြတ်နိုးသူတွေ မခံမရပ်နိုင် ဖြစ်နေကြပါတယ်။

မနက်ဖြန် အင်္ဂလိပ်စာ မေးခွန်းမှာလည်း အရင်တခေါက်က အစမ်းစာမေးပွဲလို အူကြောင်ကျား မေးခွန်းတွေ ပါလာမှာလားဆိုတာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

စကစရဲ့ သုံးလပြတ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက်နေ့မှ စတင်ပြီး ဧပြီလ ၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ယခုနှစ်မှာ ဖြေဆိုသူ သုံးသိန်းကျော် ရှိပြီး ၂၀၂၀ ခုနှစ်က ဖြေဆိုသူ ကိုးသိန်းကျော် ပမာဏရဲ့ သုံးပုံ တပုံသာ ရှိပါတယ်။