ၾကားသိရသမွ်

စာအရှည်ကြီးရေးပြီး အသိပေးပြောကြားလိုက်တဲ့ မပန်ဆယ်လို

ဒီကာလမှာ ကိုယ့်ကို တော်လှန်ရေးနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်းမှ သိလာကြသူတွေ အများကြီး ရှိလာတယ်။ ကိုယ့်ရဲ့ တော်လှန်ရေးအတွက် Funding ရှာဖွေပေးတာ၊ ဘွန်းရောင်းပေးတာ၊ လှုံ့ဆော်ပေးတာ၊ စိတ်ဓါတ်မြှင့်တင်ရေးစာတွေ ရေးတာ စတာတွေအတွက် အသိအမှတ်ပြုမှုတွေ ပေးကြတယ်။ ချစ်ခင်ကြတယ်။ တလေးတစား ဆက်ဆံပေးကြတယ်။ ချီးကျူးကြတယ်။
တည့်တည့်ပြောရရင် အရင်ကထက် လူချစ်လူခင်ပေါလာတယ်။ အရင်က ဖောင်းထုခဲ့ကြသူတွေတောင် အသံတိတ်ပေးကြတယ်။ နိုင်ငံအတွက် လုပ်ပေးနေတာတွေ လေးစားကြောင်း၊ အားကိုးကြောင်းတွေ အမြဲလိုလို ကြားလာရတယ်။

ဒီအထိ ဖတ်လာမိရင် ဒီမိန်းမ ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်နေတယ် တွေးမိရင်လည်း တွေးမိကြမှာပါ။ ပြောချင်တာက အခုမှ လာမှာပါ။
ကိုယ်က ရိုးသားချင်တယ်။ အထင်ကြီးမှုကို တည်ဆောက်ချင်တာထက် ရိုးရိုးသားသား ကိုယ့်အရှိတရားအတိုင်း ပြသချင်တယ်။ ဒီလိုစကားတွေ ကြားရတိုင်း ကိုယ်အမြဲတွေးမိတာက ငါက ဒါတွေနဲ့ ထိုက်တန်ပြီလားဆိုတာပါပဲ။

ကိုယ်က တိုင်းပြည်အတွက် ပေးဆပ်မယ်၊ နိုင်ငံကြီးကို ကယ်တယ်ဆိုတဲ့စိတ်နဲ့ ဝရမ်းပြေးဖြစ်ခဲ့တာ မဟုတ်ဘူး။ ဆုံးရှုံးမယ် သိလျက်နဲ့ ပေးဆပ်ရင်းနှီးခဲ့တာ မဟုတ်ဘူး။

မတရားတာကြီးတော့ ငုံ့မခံဘူးကွဆိုတဲ့ စိတ်တစ်ခုပဲ ရှိခဲ့တာ။ ဒါတွေလုပ်ရင် ဒီလိုတွေ ဖြစ်မယ်၊ ဒီလိုတွေ ဆုံးရှုံးမယ်၊ ဒီလိုတွေ ဒုက္ခရောက်မယ်ဆိုတာ ကြိုသိခွင့်ရမယ့် တန်ခိုးသာ ရှိခဲ့ရင် ကိုယ်လုပ်ဖြစ်ခဲ့မလား တွေးမိတယ်။ အမှန်အတိုင်းဝန်ခံရရင် မသေချာပါဘူး။ လုပ်နေရင်းနဲ့ပဲ ကြုံတွေ့ဖြတ်သန်းရတဲ့အခါ ရိုးရိုးရှင်းရှင်းပဲ ဆိုးတာရော ကောင်းတာရော လက်ခံယူလိုက်ခြင်း သက်သက်ပဲ။

အခုလို တော်လှန်ရေးအတွက် တတ်နိုင်ရာနေရာက အတတ်နိုင်ဆုံး အလုပ်လုပ်ဖြစ်တယ်ဆိုတာကလည်း နိုင်ငံကို ချစ်လွန်းလှလို့၊ သူရဲကောင်းဆန်လွန်းလို့လည်း မဟုတ်ဘူး။ တော်လှန်ရေးဆိုတာ လက်ဆင့်ကမ်းပြေးပွဲလိုပဲ။ လက်ထဲရောက်လာတဲ့ ခေတ်ရဲ့ တာဝန်ကို လက်ဆင့်ကမ်း ပြေးပွဲဝင်ရတာပဲ။

အရိုးသားဆုံး ဝန်ခံရရင် ဘာလို့ ဒီလောက် အားထုတ်ဖြစ်လဲဆိုတော့ စစ်ခွေးတွေကို မုန်းလို့ပါ။ ဒီကောင်တွေကို မုန်းလွန်းလှလို့ပါ။ ဒီလောက်ပါပဲ။ ဘာကြီးကြီးကျယ်ကျယ်မှ မဟုတ်လှပါဘူး။

တော်လှန်ရေးအတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ပြည်သူတွေအတွက် ဘာညာ လူအထင်ကြီးအောင် လျှောက်ပြောမနေချင်ဘူး။ ကိုယ့်ထက်ပိုပြီး ရင်းနှီးပေးဆပ်ကြရသူတွေ၊ အလုပ်လုပ်နေကြရသူတွေအတွက် ဒီလိုတွေ ကြွယ်ရမှာ ရှက်စရာကောင်းတယ်။

ကိုယ့်ကို အခုကာလမှ တော်လှန်ရေးနဲ့ တွဲပြီး သိလာကြသူတွေ၊ အထင်ကြီးမှု တစုံတရာနဲ့ စသိလာသူတွေအတွက် ကိုယ်ဖိအားဝင်ရတာက ကိုယ်က ဘယ်လိုလူဆိုတာ မသိမှာကို စိုးတာပါပဲ။ ကိုယ်က မြင့်မြတ် ပေးဆပ် ရဲရင့်လွန်းလှတဲ့ ပုဂ္ဂိုလ်ထူးကြီး မဟုတ်ဘူး။ သာမန်ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့ အမှန်၊အမှားတွေနဲ့ ရောထွေးလုံးပတ်နေတဲ့ သာမန်မိန်းမတစ်ယောက်ပဲ။ ပိုတာဆိုလို့ တော်တော်လေး စောက်ကြောတင်းပြီး တော်တော်လေး ရိုင်းစိုင်းတဲ့ ပုံစံရှိတဲ့ မိန်းမတစ်ယောက်ပဲ။

ကိုယ်ပြောချင်တာတွေပြောတယ်။ ကိုယ်မှန်တယ်ထင်ရင် ဘယ်မျက်ခွက်မှ မထောက် ပြောတတ်တယ်။ ကိုယ်မမှားဘူးထင်ရင် ဘယ်တရားနဲ့မှ နားချမရတဲ့ ခေါင်းမာမာ Typeမျိုး။ နံရံကို ခေါင်းနဲ့ဆောင့်လို့ ခေါင်းကွဲမယ်ဆိုရင် ခေါင်းနဲ့လည်း တိုက်မယ်၊ တူနဲ့လည်း ဝင်ထုမယ်ဆိုတဲ့ အစားမျိုး။ လူမုန်းတာကို ဝမ်းချုပ်သလောက်တောင် စိတ်အနှောက်အယှက် ဖြစ်တတ်တဲ့ကောင်မျိုး မဟုတ်တော့ ကိုယ်က လူမုန်းများပါတယ်။

အခုဆိုရင် တော်လှန်ရေး လိုအပ်ချက်အရ မြန်မာဝတ်စုံတကားကားနဲ့ လူတွေကို ယဉ်ကျေးပျူဌာစွာ နေထိုင်ရတဲ့အခါ ကိုယ့်ကို ဒီလိုမိန်းကလေးမျိုးလို့ မြင်တာ အသားသေသွားမှာ ကိုယ်စိုးရိမ်ပါတယ်။ မဟုတ်ပါဘူး။ ကိုယ်က ဂျင်းပန် တီရှပ်နဲ့ Vape တဖွားဖွား ဖွာနေတဲ့ မိန်းမရုပ်မပေါက်တဲ့ မျက်နှာမာနဲ့ နေချင်သလိုနေတတ်တဲ့ ပုံစံမျိုး။ လူကြီးတွေမျက်လုံးထဲ ထောင့်မကျိုးတဲ့ ပုံစံမျိုး။ ဒါဟာ ကိုယ့်ရဲ့ အရှိတရားပါပဲ။

ဒီတော်လှန်ရေးမှာ တကူးတက Personal Branding လုပ်ယူနေသူတွေ တိုက်သမျှ ခလုတ်တွေကို မြင်ခဲ့ပြီးပါပြီ။ အဲ့အတွက် တော်လှန်ရေးကို ခုတုံးလုပ် Prrsonal Branding လုပ်သူတစ်ယောက် မဖြစ်ဖို့ အမြဲ သတိကပ်နေထိုင်ပါတယ်။ အဲ့လိုပဲ…. တမင်မတည်ဆောက်ဘဲ သူ့အလိုလို ဖြစ်လာတဲ့ Advantage တွေကိုလည်း ငါတော်လို့ ငါတော်လို့လို့ ခြေဖျားတထောက်ထောက် မဖြစ်မိအောင် ရိုက်ချိုးထိန်းသိမ်းနေရတာလည်း အပိုဝန်ပိခြင်းပါပဲ။

ကိုယ့်ကို ချစ်ခင်ပေးကြသူတွေရှိသလို မုန်းကြသူတွေလည်း ထုနဲ့ထည်နဲ့ရှိတာလည်း အရှိတရားပါပဲ။ ဒါ့ကြောင့် ကိုယ့်ကို ဘုန်းတော်ဘွဲ့တွေ ထိုင်ရေးပေးနေတာကလည်း တဖက်လှည့်နဲ့ အဆဲတောင်းပေးသလိုပါပဲ။ ကိုယ့်အနေနဲ့ ကိုယ်မတော်လွန်းဘဲ ချီးကျူးခံရတာ မကြိုက်သလို ကိုယ်အမှားမလုပ်ဘဲ အဆဲခံရတာလည်း မကြိုက်ပါဘူး။

ကိုယ်က ၁ဝနှစ်နီးပါးလုံးလုံး အဆဲအဆိုတွေ မုန်းတီးခံရခြင်းတွေမှာ ကိုယ့်ရဲ့ အတွေးအထင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဖို့ လက်မတွန့်ခဲ့ဘူး။ လက်ခုတ်သံတွေ ချီးကျူးသံတွေကြားမှာ သာယာသွားပြီး ဒါကြီးကို ဆက်လက်ထိန်းသိမ်းဖို့ ကိုယ့်ရဲ့ အတွေးအထင်တွေကို လွတ်လပ်စွာ ပြောဆိုခွင့် ဆုံးရှုံးခံမှာ မဟုတ်ဘူး။

တချိန်ချိန်ကျရင် အရင်ကတော့ ချစ်ခဲ့တာ လေးစားခဲ့တာ၊ အခုတော့ ဆိုတာမျိုးတွေလည်း ဖြစ်လာနိုင်တယ်။ အခုလက်ခုတ်တီးကြသူတွေဟာ တချိန်ကျ ဆဲမယ့်သူတွေလည်း ဖြစ်လာရင် ဖြစ်လာနိုင်တယ်။ ဒါဟာ အမြဲမဟုတ်ဘူးလို့ သဘောပိုက်ထားသလို ကိုယ်ဟာ ကိုယ်နဲ့ မထိုက်တန်တဲ့ လေးစားခြင်းတွေကို လက်ခံယူမနေချင်ဘူး။ လူတွေကြိုက်ဖို့ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးခံဖို့ ကိုယ်ရွေးချယ်ဖြစ်မှာ မဟုတ်တဲ့အတွက် ကိုယ်က ဘယ်လိုကောင်မျိုးဆိုတာ သိစေချင်တာပါ။

ဒီတော်လှန်ရေးမှာ ကိုယ်ရချင်တာကတော့ တစ်ခုတည်းပါပဲ။ ဒီမတရားမှုတွေကို ခေါင်းငုံ့ရိုးကျိုးမသွားခဲ့တဲ့ မိန်းမဆိုတာလောက်ဆို လုံလောက်ပါပြီး။ အနည်းဆုံးတော့ ကိုယ့်ကိုမုန်းကြသူတွေ စိတ်ထဲမှာတောင် တော်တော်အကြောတင်းတဲ့ကောင်မလို့ အမှတ်ရစေချင်တာ။ ဒီလောက်ပါပဲ။

ဘဝမှာ အများကြီးမလိုပါဘူး။
မအေးလို့တွေ သေချင်းဆို့ကြဖို့ပဲ လိုတယ်။#ပန်ဆယ်လို