ကမ္ဘာပေါ်မှာ လူသုံးအများအဆုံး လူမှုကွန်ယက် မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့ဘွတ်ခ် နဲ့ ပတ်သက်ပြီး မကြာခဏ ကောလာဟလ တွေ ထွက်ပေါ်လေ့ရှိတယ်။
လွန်ခဲ့တဲ့နှစ်များက ဖေ့ဘွတ်ခ် ကို ဘယ်နေ့ဘယ်ရက် ဘယ်နှစ်နာရီမှာ အပြီးပိတ်တော့မယ်လို့ သတင်းတွေထွက်ခဲ့တော့ ဖေ့စ်ဘွတ် မရှိတော့ရင် ငါတို့တွေ ဘယ်လို ဆက်သွယ်
ကြတော့မလဲ၊ မိသားစု သူငယ်ချင်းမိတ်ဆွေတွေရဲ့ သာရေးနာရေးတွေကို ခုလို အလွယ်တကူ မသိနိုင်တော့မယ့်အရေး တွေးပူတာတွေ ရှိခဲ့ဖူးပါတယ်။
နောက်တစ်ခါ ဖေ့စ်ဘွတ်ခ်ကို အပြီးပိတ်လိုက်တော့မယ် ဆိုပြီးတော့ သတင်းတွေ ထွက်လာပြန်သေးတယ်။ ဒါပေမယ့် ဒါတွေဟာ တကယ်မဖြစ်ခဲ့ပါဘူး။
ကမ္ဘာပေါ်မှာ သုံးစွဲသူ သန်းပေါင်း၂၈၀၀ ကျော်၊ မြန်မာမှာ သုံးစွဲသူ ၂၈ သန်းကျော်ရှိတဲ့ ဖေ့စ်ဘွတ်ရဲ့ ဩဇာသက်ရောက်မှုက အတိုင်းထက်အလွန်ပါ။
ဖေ့စ်ဘွတ်ကြောင့် နိုင်ငံတစ်နိုင်ငံ ပြိုကွဲသွားနိုင်သလို ဖေ့စ်ဘွတ်ခ်ကြောင့် လူမျိုးစု တစ်စု နဲ့တစ်စု၊ ဘာသာရေးတစ်ခုနဲ့တစ်ခု ပဋ္ဋိပက္ခတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှာ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်တားဆီးဖို့ ဥပဒေနဲ့ကန့်သတ် ထိန်းချုပ်ဖို့အထိ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကြိုးစားလာကြတာလည်း တွေ့ကြရတယ်။
ခုလို ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂၈၀၀ ကျော် သုံးစွဲနေပြီး မြန်မာနိုင်ငံမှာလည်း အဓိက သတင်းရင်းမြစ်များ စီးဆင်းရာ ဖေ့စ်ဘွတ်ခ် နဲ့ပတ်သက်ပြီး ဒီရက်အတွင်း သတင်းတစ်ခု ထွက်လာပြန်တယ်။
ဖေ့စ်ဘွတ်ခ် က နာမည်ပြောင်းတော့မလို့တဲ့။ ဒီလောက် လူအများကြား ယဉ်ပါးနေတဲ့အမည်တစ်ခုကို ဘာ့ကြောင့် နာမည်ပြောင်းမလဲဆိုတာ ရုတ်တရက် လူပြိန်းတွေး တွေး
တော့ နားမလည်နိုင်ဘူး ဖြစ်နေတယ်။ မနက်ဖြန်ကစပြီး FacebooK က နာမည်ပြောင်းတော့မတဲ့ ဆိုပြီး တင်သူတွေ တင်ကြတော့ တချို့လည်း ဖေ့စ်ဘွ်ခ် နာမည်ပြောင်းပြီလို့ ယုံကြည်နေကြတယ်။
အောက်တိုဘာ (၂၈)ရက်မှာ မာ့ခ် ဇူကာဘတ်က သူ့ရဲ့ ကုမ္ပဏီ Facebook ကို တကယ်လည်း အမည်ပြောင်းလဲပစ်ခဲ့ပါတယ်။ ကြိုတင် ကြေညာထားတဲ့အတိုင်း Metaverses ပါ။ အတိုကောက်အားဖြင့် Meta လို့ပဲ ခေါ်ပါတယ်။ ဒါပေမယ့် တချို့ထင်သလို Facebook App ကို အမည်ပြောင်းတာ မဟုတ်ပါဘူး။ ကုမ္ပဏီကို အမည်ပြောင်းတာပါ။ လုပ်ငန်းတိုးချဲ့တဲ့သဘောသက်သက်ပါ။
ဖေ့စ်ဘွတ်ခ်က အခြားသော လူမှုကွန်ယက်ကုမ္ပဏီတွေဖြစ်တဲ့ Instagram, WhatApp တို့ကိုပါ ဝယ်ယူထားပြီး ဖြစ်လို့ မိခင်ကုမ္ပဏီ Facebook အောက်မှာ မထားတော့ဘဲ သီးခြား နာမည်တစ်ခု ပေးလိုက်တာပါ။
ခုလို နာမည်အသစ်ပေးရတာဟာ ရှေ့လျှောက် Vertual Realty ( VR) နည်းပညာတွေကို လူအများကြား ပိုမိုသုံးစွဲနိုင်ဖို့ ရည်ရွယ်တယ်လို့ ဇူကာဘတ်က ပြောပါတယ်။ ခုခေတ်မှာ လူတွေဟာ အစစ်အမှန်မဟုတ်တဲ့ကမ္ဘာ ( vertual world ) ထဲမှာ နေထိုင်
နေကြတယ်။ တစ်ဦးနဲ့တစ်ဦးလူချင်းတွေ့စရာမလို အဝေးကြီး ခရီးသွားစရာမလို မိမိ စားပွဲခုံပေါ်က ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်မျိုးစုံ လုပ်နေကြပြီ။ ပညာရေး စီးပွားရေး လူမှုရေး ကျန်းမာရေး က စလို့ နိုင်ငံရေးအထိ အစစ်အမှန်မဟုတ်တဲ့ virtual world ထဲမှာ ထိတွေ့ လုပ်ကိုင်နေကြပြီ။
ဇူကာဘတ်က အစစ်အမှန်မဟုတ်တဲ့ ဒီ vertual world ကို အစစ်အမှန်နဲ့ ပိုနီးစပ်တဲ့ Vertual Reality အထိ ပြောင်းလဲဖို့ ရည်ရွယ်ပြီး ကုမ္ပဏီကို အမည်ပြောင်းလိုက်တာပါ။
အရင်က အင်တာနက်ချိတ်ဆက်မှု ရှိမှ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်နိုင်တာမျိုး မဟုတ်တော့ဘဲ သူ့ရဲ့ ခေါင်းစွပ်ကရိယာ headset တစ်ခု တပ်ထားလိုက်ရုံနဲ့ ဒစ်ဂျစ်ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ ထိတွေ့နိုင်တော့မယ်ဆိုတယ်။
” မိခင် ပလက်ဖောင်း ဖြစ်တဲ့ ဖေ့စ်ဘွတ် အပြင် အခြားပလက်ဖောင်းတွေကို ပိုမိုအဆင့်မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ နာမည်ပြောင်းခဲ့တာပါ” လို ဇူကာဘတ်က ပြောပါတယ်။
ကုမ္ပဏီနာမည်သစ် Meta ဖွင့်ပွဲကို ကယ်လီဖိုးနီးယားက မင်လွန် ပါ့ခ် မှာ ပြုလုပ်ခဲ့တယ်။ အရင် လက်မတစ်ချောင်းထောင်ထားတဲ့ Facebook သင်္ကေတ နေရာမှာ နာမည်အသစ် လိုဂိုအသစ်နဲ့ Meta က နေရာယူသွားတယ်။
Meta ဆိုတဲ့ ဝေါဟာရက ဂရိဘာသာစကား ဖြစ်ပြီး အဆုံးအစွန် beyond လို့ အဓိပ္ပါယ်ရတယ်။ ကုမ္ပဏီ လိုဂိုအသစ်ကလည်း Infinity သင်္ကေတ ဖြစိတယ်။ တချို့ ထင်နေကြသလို ဖေ့စ်ဘွတ်ခ် က နာမည်ပြောင်းတာ မဟုတ်ပါဘူး။ Facebook ကုမ္ပဏီကို လုပ်ငန်းတိုးချဲ့ဖို့ Meta အဖြစ် နာမည်ပြောင်းတာပါ။ ဇူကာဘတ်ရဲ Meta က နောက်ထပ် ဘာတွေ အသစ်အဆန်းတီထွင်ဦးလဲ၊ စောင့်ကြည့်နေရုံသာ ရှိပါတယ်။
@Chit Win Maung