“ဘဏ်တွေ ကိုင်ထားတဲ့ ဒေါ်လာ ၅% ကို ကျပ်ငွေနဲ့ မဖြစ်မနေ လဲရမယ်လို့ စကစ အမိန့်ထုတ်”
ပြည်သူတွေလက်ထဲက ဒေါ်လာကုန်ပြီဆိုတော့ ဘဏ်တွေအလှည့် လာပါပြီ …
စကစ၏ ဗဟိုဘဏ်က ပြည်တွင်းရှိ နိုင်ငံခြားကုမ္ပဏီများ ပိုင်ဆိုင်သည့် နိုင်ငံခြားငွေကို အတင်းအကျပ် လဲလှယ်ခိုင်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန် စီစဉ်နေကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။
ထိုသို့ ကင်းလွတ်ခွင့် ပြုရာတွင်လည်း စကစ၏ ရင်းနှီးမြှပ်နှံမှု ကော်မရှင်ထံမှ ခွင့်ပြုမိန့် နှင့် အတည်ပြုချက် ရယူထားသည့် ကုမ္ပဏီများသာ ပါရှိမည် ဖြစ်သည်ဟု စကစ၏ ဗဟိုဘဏ်က ဘဏ်လုပ်ငန်းရှင်များကို အသိပေးထားခြင်း ဖြစ်သည်ဟု ဘဏ်လောကမှ သတင်း အရင်းအမြစ် တချို့က ပြောသည်။
ထို့အပြင် စကစ၏ ဗဟိုဘဏ်က ပြည်တွင်းဘဏ်များက ပိုင်ဆိုင်ထားသည့် နိုင်ငံခြားငွေများ၏ ၅ ရာခိုင်နှုန်းကိုလည်း ကျပ်ငွေအဖြစ် မဖြစ်မနေ ပြောင်းလဲရန်လည်း ဖိအားပေးနေကြောင်း ဘဏ်လုပ်ငန်းရှင်အချို့က ပြောပါသည်။
ထိုထဲတွင် ပြည်တွင်းတွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားဘဏ်များ၊ နိုင်ငံခြား ဘဏ်ခွဲများ၏ ပိုင်ဆိုင်ထားသည့် ငွေစာရင်းများလည်း ပါဝင်သည်ဟု သိရသည်။
“နိုင်ငံခြား ဘဏ်စာရင်းတွေလည်း ပါမယ်လည်းဆိုပြီး ပြန်ပြီး ပယ်ဖျက်ပေးမယ် (နိုင်ငံခြား ကုမ္ပဏီများကို တစ်ရက်အတွင်း ငွေလဲခိုင်းခြင်းမှ ပယ်ဖျက်ရန်) ဖြစ်သွားတာ” ဟု ဘဏ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ပြည်တွင်း၌ နိုင်ငံခြားဘဏ်နှင့် ကိုယ်စားလှယ်ရုံး ဖွင့်ထားသော ဘဏ် ၁၃ ခု ရှိသည်။
နိုင်ငံဝင်ငွေ ရရှိသည့် လုပ်ငန်းများကို အလုပ်လုပ်ရက် တစ်ရက်အတွင်း တစ်ဒေါ်လာလျှင် ၁၈၅၀ ကျပ်နှုန်းဖြင့် ကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟု စကစ က ဧပြီ ၃ ရက်က စတင် ညွှန်ကြား ဖိအားပေးခဲ့သည်။ ညွှန့်ကြားချက်ကို မလိုက်နာပါက အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားသည်။
သို့သော်လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နိုင်ငံခြားငွေစာရင်းများကို ခြွင်းချက်အဖြစ် ကင်းလွတ်ခွင့် ပြုရန်လည်း ဘဏ်များကို စကစက ညွန့်ကြားထားသည်ဟုလည်း ဘဏ်လုပ်ငန်းရှင်များက ဆိုသည်။
စကစ သည် ဒေါ်လာ လိုချင်သဖြင့် အာဏာသိမ်းပြီး နောက်ပိုင်း ဒေါ်လာနှင့် သက်ဆိုင်သော မူဝါဒ အပြောင်းအလဲ အကြိမ်ရေ ဆယ်နှင့်ချီ ပြုလုပ်ထားသည်။
ရသမျှ ဒေါ်လာတွေကို အကုန် လိုချင်နေတဲ့ စကစရဲ့ မူဝါဒတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်မှုများ လုံးဝ လာရောက်မှာ မဟုတ်တော့ဘူးလို့ ဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။
Credit … People Spring