“ကိုနိုဗန်က မင်းပဲ Edit လုပ်ပြီး မင်းပဲရိုက်လိုက်တော့ဆိုပြီး ပြောလာတယ်။ သူက အညာဒေသရဲ့ ပုံစံကို ပေါ်ပေါ်လွင်လွင်လည်းပြချင်တယ်။ အညာဒေသအတွက် အားတက်စေမယ့် ဗီဒီယိုတစ်ခုလည်း ဖြစ်စေချင်တယ်လို့ ပြောတယ်”
ဒါရိုက်တာ SKIP ( အညာအထာ တော်လှန်ရေး Music Video ဖန်တီးသူ)
အညာအထာ တော်လှန်ရေး Music Video နှင့် ပတ်သက်၍ ဒါရိုက်တာ SKIP ထံ MPA သတင်းဌာနမှ ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ အညာအထာ Music Video လုပ်ဖြစ်ပုံလေး ရှင်းပြပေးပါဦး။
အညာအထာသီချင်း YouTube link – https://youtu.be/1HfSMAumUgw
ဖြေ။ ။ အညာအထာ Music Video လုပ်ဖြစ်တာအနေနဲ့က အစောပိုင်း ကိုနိုဗန်က ကျွန်တော့ကို Video Edit အနေနဲ့ပဲ အပ်တာပါ။ ကူညီပါဦးဆိုပြီး။ အိုကေဆိုပြီး လက်ခံလိုက်တယ်။ သူက သီချင်းလည်း ပို့ပြီးရော ဒါကို သားကြီး မင်းပဲ Edit လုပ်ပြီး မင်းပဲ ရိုက်လိုက်တော့ဆိုပြီး ပေါ့ပေါ့ပါးပါးလုပ်ကြမယ်ဆိုပြီးပြောတော့ ကျွန်တော်လည်း လုပ်ဖြစ်သွားတာ။ ကျွန်တော့်အနေနဲ့ ကြိုစဉ်းစားထားတဲ့ အိုင်ဒီယာလေးတွေလည်းရတယ်။ ကိုနိုဗန်ရဲ့ အိုင်ဒီယာလည်း ပါတယ်။ သူ့အနေနဲ့ အညာဒေသရဲ့ ပုံစံကို ပေါ်ပေါ်လွင်လွင်လည်းပြချင်တယ်။ အညာဒေသအပိုင်းမှာ အားတက်စေမယ့် ဗီဒီယိုတစ်ခုဖြစ်စေချင်တာပေါ့နော်။ အဲ့ဒါနဲ့ပဲ နှစ်ယောက်တိုင်ပင်ပြီး သဘာထားကလည်း တိုက်ဆိုင်တော့ သီချင်းလေးကို လုပ်ဖြစ်သွားတာပါ။ အွန်လိုင်းကနေ အညာနဲ့ ဆိုင်တဲ့ ရုပ်ကဒ်တွေ နည်းနည်းပါးပါးယူပြီး တချို့အဓိကကဒ်တွေကိုတော့ ကျွန်တော်တို့လူတွေနဲ့ပဲ စုပြီးရိုက်ဖြစ်တယ်။
မေး။ ။ သီချင်းထဲမှာ ကိုနိုဗန်အပြင် ဘယ်နယ်ပယ်ကလူတွေ ပါဝင်အားဖြည့်ထားလဲ။
ဖြေ။ ။ ကျွန်တော်တို့ဆီမှာရှိတဲ့ နယ်ပယ်အစုံက ညီအစ်ကိုမောင်နှမတွေပေါင်းပြီးတော့ ဒီ Music Video လေးမှာ ပါဝင်အားဖြည့်ထားတာပါ။
အညာအထာသီချင်း YouTube link – https://youtu.be/1HfSMAumUgw
မေး။ ။ ဒီ Music Video လုပ်တော့ ဘာတွေ အခက်အခဲကြုံခဲ့လဲ။ ပထမဆုံးရိုက်တဲ့ ဗီဒီယိုလား။ အရင်ကရော ရိုက်ခဲ့ဖူးလား။
ဖြေ။ ။ ကျွန်တော့်အနေနဲ့က ပထမတစ်ပုဒ်အနေနဲ့ ၂၀၂၁ ဆိုတဲ့ Music Video တစ်ခုလုပ်ဖြစ်တယ်။ ကျွန်တော်ဖန်တီးခဲ့တယ်။ ဒီ အညာအထာ တော်လှန်ရေးသီချင်းကတော့ ဒုတိယတစ်ပုဒ်ပေါ့။ နောက်ထပ်လည်း တော်လှန်ရေးအတွက် ထပ်ရိုက်သွားဖို့ နှစ်ပုဒ်တော့ရှိသေးတယ်။ ကြေညာတာတော့ မလုပ်ရသေးဘူး။ ဘယ်ချန်နယ်မှာ လှူဖြစ်မလဲတော့ မသိသေးဘူး။ ပထမဆုံးတစ်ပုဒ်ကတော့ ပဒေသာပင်မှာ လှူထားတယ်။ အခု အညာအထာကိုကျတော့ C2D ပေါ့နော် We Click မှာ လှူထားတယ်။ ကျွန်တော်ကတော့ ရိုက်ကူးပေးတယ်။ ဒီဘက်ချန်နယ်တွေလှူတာကျတော့ အနုပညာရှင်တွေနဲ့ လုပ်တာ တော်တော်များတာပေါ့။
မေး။ ။ အညာအထာသီချင်းအတွက် Youtube Click Donate က ရလာတာတွေကို ဘယ်ဒေသတွေကို ထောက်ပံ့ပေးမှာလဲ။
ဖြေ။ ။ အဲ့ဒါကျတော့ We Click တို့ C2D တို့က သူတို့အနေနဲ့ ဘယ်ဘက်တွေကို စီစဉ်လဲတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်က ဖန်တီးတယ်။ လှူတာနဲ့ပတ်သက်ပြီး မမေးမြန်းဘူး။ ရိုးရိုးရှင်းရှင်းနဲ့ စိတ်ထဲကပဲ လုပ်ပေးတယ်။ ယုံယုံကြည်ကြည်နဲ့ လှူတဲ့ဟာဖြစ်တဲ့အတွက် ဘယ်ဒေသကို စီးဆင်းသွားတယ်၊ ဘယ်ဒေသကို လှူတယ်ဆိုတာကို မမေးဖြစ်ပါဘူး။ လုံခြုံရေးအတွက်ကြောင့်လည်းပါတာပေါ့နော်။
မေး။ ။ အညာအထာ တော်လှန်ရေး Music Video နဲ့ ပတ်သက်လို့ ပရိသတ်တွေနဲ့ ပြည်သူတွေကို သတင်းစကားပါးပေးပါဦး။
ဖြေ။ ။ ကြည့်ရှုသူ အခုထက် ပိုများစေချင်တယ်။ အဓိကက Viewer များများကြည့်နိုင်မှ အဲ့ကရလာတဲ့ income နဲ့ပဲ လှူလို့ရအောင် မျှော်လင့်တယ်။ ကျွန်တော်တို့ နှစ်ရက်ရှိပြီ 96 K (ကိုးသောင်းခြောက်ထောင်) လောက် ကြည့်ရှုထားတာတွေ့ရတယ်။ များများကြည့်ပြီး Click စေချင်တယ်။ အဲ့တော့မှ ကျွန်တော်တို့ များများလှူလို့ရမှာ။
အညာအထာသီချင်း YouTube link – https://youtu.be/1HfSMAumUgw
မေး။ ။ နောက်ဆုံးအနေနဲ့က လက်ရှိတော်လှန်ရေးနဲ့ ပတ်သက်လို့ ဘယ်လိုထင်လဲ။ အမြင်လေးပြောပြပေးပါဦး။
ဖြေ။ ။ တော်လှန်ရေးက လက်ရှိမှာ တော်တော်ကြာနေပြီ။ လူတွေလည်း အနည်းငယ်အားတွေလျော့လာကြပြီ။ အဖမ်းအဆီးတွေလည်း ရှိတာလည်း ပါတာပေါ့နော်။ အားလုံးက မလုပ်ရဲကြတော့ဘူး။ လှူဖို့အတွက် ကြောက်နေရရင်ဆိုတောင်မှ အခုလက်ရှိ Click to Donate တို့ Youtube ချန်နယ်တွေမှာ မလှူနိုင်ရင်တောင် နေ့စဉ် Click လေးတစ်ခုတော့ ကောင်းကောင်းလုပ်ပေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ အဆုံးထိပါဝင်ပေးဖို့ ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေကို ပြောချင်ပါတယ်။ MPA