ရန်ကုန်မှာ တူးချင်တိုင်းတူးနေတဲ့ အဝီစိတွင်းတွေနဲ့ ရေရှည်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်
ပြီးခဲ့တဲ့ အပါတ်က ရန်ကုန်ကို ခဏ ပြန်ရောက်တယ်။ တောင်ဥက္ကလာပကသူငယ်ချင်းတစ်ယောက်ဆီ သွားလည်တယ်။
သူနဲ့ စကားပြောရင်း သူ့အိမ်ဘေးက တစ်ထပ်အိမ် တအိမ်ရဲ့ ခြံဝင်းထဲက အိမ်ရှေ့မြေကွက်လပ်မှာအဝီစိတွင်း တူးနေတာ တွေ့လိုက်တယ်။
သူ့ကို အဲဒီအိမ်က အဝီစိတွင်း တူးတာ ပါမစ်ရှိလား ဆိုတော့ သူမသိဘူးတဲ့။ သွားမမေးဘူးလား ဆိုတော့လည်း သူနဲ့ မဆိုင်လို့ မမေးဘူးတဲ့။
သူ့ကို ပြောလိုက်တယ်။ မင်း နေတဲ့ ၈ ထပ်က အခန်းကို ရောင်းပြီး တခြားမှာ သွားနေတော့ ဆိုတော့ သူက လန့်ဖြတ်သွားပြီးဘာဖြစ်လို့လဲတဲ့။
ကျနော်က ပြောလိုက်တယ်။ ဘေးအိမ်ကအဝီစိတွင်းက နေ့စဉ် ရေတွေ စုပ်နေတာတချိန်မှာ မြေအောက်မှာရှိတဲ့ ရေထု နည်းလာမယ်။
မြေဂလှိုင်ကြီးတွေ ဖြစ်လာမယ်။ မြေအောက်မှာမြေပြိုမှု ဖြစ်လာမယ်။သူ့ ၈ ထပ်တိုက်ဟာ အရင်က ဆောက်ခဲ့ပြီး Pile ရိုက်ထားတာ မဟုတ်လို့ တိုက်ကြီး စောင်းသွားမယ်။ အဆင်မသင့်ရင် တိုက်ကြီး ပြိုကျသွားနိုင်တယ်လို့။
သူဘာဆက်လုပ်သလဲတော့ မသိပါ။ ကျနော်ဟာ ဘူမိဗေဒ ပညာရှင် မဟုတ်လို့အချက်အလက်နဲ့ မရှင်းပြတတ်ပါ။
ဒါက သာမန်လူတွေ တွေးကြည့်ရင် သိနိုင်ပါတယ်။ ရန်ကုန်မှာ အဝီစိတွင်းတွေကိုကိုယ့်သဘောနဲ့ တူးနေကြရင် အထပ်မြင့် အဆောက်အဦတွေ အတွက်အန္တရာယ် ရှိနေပြီဆိုတာ အသိပေးလိုက်ပါရစေ။
သင့်အိမ်ဘေးမှာ အဝီစိတွင်း တူးနေရင် သူ့ခြံဝင်းထဲ လုပ်နေတာပဲ ငါနဲ့ မဆိုင်ပါဘူး ဆိုပြီး အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ မြေကြီးပေါ်မှာသာ ခြံဝင်းနဲ့နယ်နိမိတ်သတ်မှတ်ထားတာပါ။
မြေအောက်က ရေထုမှာ နယ်နိမိတ် မရှိပါ။ သူ့ခြံဝင်းထဲမှာ အဝီစိတွင်းက ရေစုပ်ရင်း မိမိတိုက်အောက်မှာ မြေဂလှိုင်ကြီးဖြစ်လို့ မြေနိမ့်ကျသွားပြီး မိမိတိုက် ပြိုသွားနိုင်တယ်၊ ၊ မြေကြီးထဲ ကျွံဝင်သွားနိုင်တယ် ဆိုတာကို သတိပြု နားလည်ထားစေချင်ပါတယ်။
သတင်းစာတွေမှာ ဖတ်မိသမျှ ပြောရရင်ဘန်ကောက်မြို့မှာ မြေအောက်က ရေထုတ်များတာရယ်၊ အဆောက်အဦ မြင့်ကြီးတွေရဲ့ အလေးချိန်ကို မခံနိုင်တာရယ်၊
မြေအောက် ရထားလမ်းတွေကြောင့် ဘန်ကောက်မြို့ကြီးဟာ တနှစ်ကို ၄ လက်မနှုန်းနဲ့ မြေကြီးထဲကို ကျွံဝင်နေပါတယ်။
ပိုဆိုးစေတာက ကမ္ဘာကြီး ပူနွေးလာတာကြောင့် ဝန်ရိုးစွန်းက ရေခဲတောင်တွေ အရည်ပျော်ကျပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပါတယ်။
ဘန်ကောက်မြို့ရဲ့ အနိမ့်ပိုင်း ရပ်ကွက်တွေကို ပင်လယ်ရေတွေ စီးဝင်လာပါတယ်။ ဒါကို မဖြေရှင်းနိုင်ဘူးဆိုရင် ဘန်ကောင်မြို့ဟာ နောင် ၁၀ နှစ် (၂၀၃၀ ခုနစ်) လောက် ကျရင် ပင်လယ်ရေအောက် နစ်မြုပ်သွားလိမ့်မယ်တဲ့။
ဒီပြဿနာကို ဖြေရှင်းဖို့ ဘန်ကောက်မြို့ ပတ်လည်မှာ ပင်လယ်ရေကို ကာဆီးဖို့ အုတံတိုင်းကြီးတွေ တည်ဆောက်ရမှာ ဖြစ်ပြီး အဲဒီအတွက် ကုန်ကျစရိတ် ဘတ် ၅၀၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၄.၄ ဘီလီယံ) ကုန်ကျမှာ ဖြစ်ပါတယ်။
ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွား နေနိုင်ဖို့ အထပ်မြင့်ကြီးတွေ ဆောက်ခဲ့တဲ့ ဘန်ကောက်မြို့ကြီးဟာ ဒီအကျိုးဆက်ကို အခု ခံစားနေရပါပြီ။ အဆောက်အဦးတွေ မြေကြီးထဲ ကျွံဝင်တာ ဘန်ကောက်မြို့ကြီး တခုထဲ မဟုတ်ပါဘူး။
အဆောက်အဦ အမြင့်ကြီးတွေ ရှိကြတဲ့ အီတလီနိုင်ငံက ဗင်းနစ်မြို့နဲ့ အမေရိကန်နိုင်ငံက နယူးအောလင်း၊ လူဝီစီယာနား မြို့ကြီးတွေလဲ မြေကြီးထဲ နစ်ဝင်တဲ့ ပြဿနာ ကြုံနေရပါပြီ။
ရန်ကုန်မြို့ကြီးကို ခေတ်မီစေချင်လို့ အထပ် အမြင့်ကြီးတွေ ဆောက်ချင်ကြရင် ဒါတွေကို အတုယူ ဆင်ခြင်ကြဖို့ လိုပါတယ်။
အထူးသဖြင့် ပင်လယ်နဲ့ နီးတဲ့ ရန်ကုန်မြိုအတွက် ပညာရှင်တွေ အများကြီး စဉ်းစား လုပ်ဆောင်ဖို့ လိုပါတယ်။
ko min zaw swe, Lwin Mar (လေးစားမှုဖြင့် ခရက်ဒစ် ပေးပါသည်)