အလုပ်အင်တာဗျုးတစ်ခု ဖြေရမယ်ဆိုရင် စိတ်ရှုပ်တာတွေ၊ စိတ်မသက်မသာဖြစ်တာတွေ ကြုံနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပြင်ဆင်ထားဖို့ လိုပါတယ်၊ သင့်စိတ်ကို တည်ငြိမ်နေဖို့နဲ့ အရေးကြီးတဲ့ ရှုထောင့်အချို့ကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုလိုပါတယ်။
၁။ သင့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အချက်တွေကို ထုတ်ပြပါ။
အင်တာဗျူးမဖြေခင် သင့်ကို အကောင်းဆုံးလျှောက်ထားသူ ဖြစ်လာစေမယ့် အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ပြီး ရှင်းလင်းနေဖို့ အရေးကြီးပါတယ်။ သင့်အရည်အချင်းတစ်ခုစီအတွက် ခိုင်မာတဲ့အချက်တစ်ချက်ကို စဉ်းစားပါ။ ဥပမာ ဒီအရည်အချင်းတွေက သင့်အရင်အလုပ်မှာ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းနိုင်ခဲ့တယ်ဆိုတာကို ရှင်းပြပါ။
တစ်ချိန်တည်းမှာပဲ သင်က အလုပ်လိုချင်ရတဲ့ အကြောင်းရင်းတွေကို မှတ်သားထားဖို့နှင့် မေးခွန်းတွေကို ပြန်ဖြေတတ်အောင် ပြင်ဆင်ထားဖို့က အရေးကြီးပါတယ်။
၂။ လိမ္မော်ရောင် မဝတ်ပါနဲ့။
မန်နေဂျာတွေနှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေရဲ့ စစ်တမ်းတစ်ခုအရ လိမ္မော်ရောင်ဝတ်တာက ပရော်ဖက်ရှင်နယ် မဟုတ်သူလို့ ဖော်ပြနေတာကြောင့် အင်တာဗျူးတစ်ခုမှာ လိမ္မော်ရောင်ဝတ်တာက အဆိုးဆုံးအရောင်လို့ သတ်မှတ်ထားပါတယ်။
ဒါကြောင့် မီးခိုးရောင်၊ အပြာနု ဒါမှမဟုတ် အနက်ရောင်လိုမျိုး ကြားနေအရောင်တွေကို သုံးဖို့ အကြံပြုလိုပါတယ်။ ပြီးတော့ တောက်ပတဲ့အရိပ်အချို့ကို လည်း ရောသုံးနိုင်ပါတယ်။ ပြီးတော့ သင်လျှောက်ထားတဲ့နေရာရဲ့ ၀တ်စားဆင်ယင်ပုံကိုလည်း လေ့လာသင့်ပါတယ်။
၃။ စောစောသွားပါ။ ဒါပေမယ့် သိပ်စောမနေပါနဲ့။
အချိန်တိကျမှုက ပရော်ဖက်ရှင်နယ်ဆန်ခြင်းနဲ့ ထပ်တူထပ်မျှ ဖြစ်နေတာကြောင့် အလုပ်ရှင်ဆီ ပထမဆုံးအကြိမ် သွားတဲ့အချိန်က အရေးကြီးပါတယ်။ ဒါကြောင့်အရမ်းအစောကြီး မသွားပဲ ၅ မိနစ်ကနေ ၁၀ မိနစ်အတွင်း စောသွားသင့်ပါတယ်။
၄။ မျက်လုံးချင်းဆုံအောင် ကြိုးစားပါ။
မျက်လုံးချင်းဆက်သွယ်တာက နှုတ်နဲ့ပြောတာထက် ပိုထိရောက်ပြီး သင်ရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးဖြေရင် မျက်လုံးချင်း ဆုံသင့်တယ်လို့ ကျွမ်းကျင်သူစုဆောင်းရေးပညာရှင်တွေက အကြံပြုထားပါတယ်။
– မျက်လုံးတွေနဲ့ ပြုံးပါ။ ဒါက သင့်ကို သက်တောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။
– ထင်မြင်ချက်ပေးတဲ့အချိန်၊ မေးခွန်းမေးတဲ့အချိန်တွေမှာ မျက်လုံးချင်းဆုံအောင် လုပ်ပါ။
– အင်တာဗျူးမေးတဲ့သူက သင့်ကို မေးခွန်းတစ်ခု မေးနေချိန်မှာ သတိမထားမိသလို မဖြစ်စေဖို့ မျက်လုံးကို မလွှဲပါနဲ့။
ခက်ခဲနိုင်ပေမယ့် တစ်စုံတစ်ယောက်နဲ့ အမြဲလေ့ကျင့်ပါ။ သင့်ရဲ့အကြည့်က စိတ်ဝင်စားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြသနေပါတယ်။
၅။ ခန္ဓာကိုယ် အနေအထားကို ဂရုစိုက်ပါ။
သင့်ရဲ့ ကိုယ်ဟန်အနေအထားနဲ့ ကိုယ်ဟန်အမူအရာတွေက သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်း အများကြီးပြောနိုင်ပါတယ်။ သင့်ရဲ့ အလုပ်ရှင်အသစ်ကို သင့်အကြောင်းတွေ တင်ပြတဲ့အခါ အနေအထားတွေက မှန်ကန်နေဖို့ လိုပါတယ်။ မတ်တပ်ရပ်ပြီး လက်တွေ၊ ခြေတွေနဲ့ ပြောတာကိုရှောင်ပါ။ အရမ်း မပြုံးပါနဲ့။
၆။ STAR နည်းလမ်းကို အသုံးပြုပါ။
ဒီနည်းလမ်းတွေဟာ အပြုအမူဆိုင်ရာမေးခွန်းတွေကို ဖြေဖို့အတွက် စနစ်တကျနှင့် တိကျတဲ့ပုံစံတွေကို ချမှတ်ထားတာပဲဖြစ်ပါတယ်။
Situation – အကြောင်းအရာနှင့် အရေးကြီးဆုံး အသေးစိတ်အချက်အလက်တွေကို ဖော်ပြပါ။
Task- ဘယ်လိုအခြေအနေတွေမှာ သင်တာဝန်ယူနိုင်တယ် ဆိုတာကို ပြောပါ။
Action- အခြေအနေကို သင်ဘယ်လို ကိုင်တွယ်ကြောင်း ရှင်းပြပါ။
Result- သင့်လုပ်ရပ်ကြောင့် ဖြစ်လာမယ့်ရလဒ်ကို ပြောပြပါ။
၇။ သူပြောတာကို စိတ်ဝင်တစား နားထောင်ပေးပါ။
တက်ကြွစွာ နားထောင်ခြင်းက စိတ်ဆန္ဒနှင့် ခံစားချက်တွေကို သတိထားမိစေပါတယ်။ အင်တာဗျူးတစ်ခုမှာ သူတို့ပြောတဲ့စကားကို သေချာနားထောင်ပေးရင် သင့်အလုပ်ရှင်က သင့်ကို သတိထားမိလာစေပါတယ်။
စိတ်ဝင်တစား နားထောင်ပေးတာရဲ့ ရလဒ်က အဖြေကနေတစ်ဆင့် ပိုမိုကောင်းမွန်စွာ တွေးခေါ်နိုင်မှာဖြစ်ပါတယ်။ သင်ရဲ့ စိတ်ဝင်စားမှုကို ပြသသလိုဖြစ်ပြီး နောက်ဆက်တွဲမေးခွန်းတွေကိုလည်း မေးမြန်းနိုင်ပါတယ်။
၈။ လစာတွေ၊ ခံစားခွင့်တွေအကြောင်း မေးခြင်းကို ရှောင်ပါ။
အင်တာဗျူးဖြေပြီးတဲ့အချိန်မှာ လစာအကြောင်း မမေးဖို့ အကြံပြုလိုပါတယ်။ အလုပ်ခန့်သူကနေ သင့်ကို အရင်အလုပ် ဒါမှမဟုတ် လက်ရှိလစာအကြောင်း မေးရင် သင်နှင့် ကုမ္ပဏီကြား လိုက်ဖက်ညီမှုရှိစေဖို့ အနီးစပ်ဆုံး ကိန်းဂဏန်းတစ်ခုကို ဖော်ပြပါ။ အချိန်ပို၊ ကုမ္ပဏီအကျိုးခံစားခွင့်၊ အားလပ်ရက်၊ ပြီးတော့ ဘယ်ချိန်ရာထူးတိုးမလဲ ဆိုတာကိုလည်း မမေးသင့်ပါဘူး။
Zombie (lovemedia)