ကျွန်မနဲ့သူကချစ်သူတွေပါ။လက်ဖက်ရည်ကြိုက်တတ်တဲ့ ကျွန်မဟာဆိုင်မှာပူပူလေးထိုင်သောက်ရတာကို နှစ်သက်ပါတယ်။
အဲဒီအခါသူပြောလေ့ရှိတာကတော့”မင်းကွာ…အပျိုလေးတန်မဲ့ ဆိုင်ထိုင်ရသလား” တဲ့ ။ ကျွန်မ အခုထိ မသဲကွဲဘူး ဖြစ်နေတယ်ရှင်။မိန်းကလေးကရော ဆိုင်မထိုင်ရတော့ဘူးတဲ့လား။ အ အို မှ ဆိုင်ထိုင်ရမယ်။ အပျိုမှ ဆိုင်ထိုင်ရမယ်ပစ်ညှပ်ထားသလားရှင်။
ကျွန်မ အော်ရယ်ပစ်လိုက်တယ်..လူတွေအများကြီးရှေ့မှာပါပဲ…ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ်ဆိုတဲ့ဆိုင်မှာ ရိုးသားတဲ့အရည်ကို ရိုးသားစွာသောက်နေတာပါရှင့် ၊ဒါပေမဲ့ မဖြေရှင်းတော့ပါဘူး(ကိုယ်မှန်တယ်ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင်လျှောက်တတ်တာ ကျွန်မအကျင့်ကိုး ၊)
ဟော…ထပ်ပြောပြန်ပြီ..”မင်းကွာ…အပျိုလေးဖြစ်ပြီး ရယ်တာကြီးကိုက ” တဲ့ ၊ထုံးစံအတိုင်း ကျွန်မမဖြေရှင်းပါဘူး ။
စာရင်းကိုင်တယောက်ဖြစ်တဲ့ ကျွန်မဟာတခါတရံအလုပ်များပါတယ်၊အဲဒီအခါ အိမ်ပြန်နောက်ကျတတ်တဲ့ ကျွန်မကို
“မင်းကွာ…အပျိုဆိုတာ အိမ်ပြန်သိပ်မိုးမချုပ်သင့်ဘူး” တဲ့
ဒီလို…ဒီလိုနဲ့ပဲ ချစ်သူဘ၀ကိုဖြတ်သန်းခဲ့ပြီးတော့ သူလဲနိုင်ငံခြားကို အလုပ်လုပ်ဖို့ထွက်သွားပြီပေါ့ ။
သူနိုင်ငံခြားသွားလို့သိပ်မကြာခင်မှာပဲကျွန်မတပည့်တယောက်ရခဲ့တယ်၊နာမည်ကချောချောတဲ့..။ကောင်မလေးရဲ့ မျက်နှာမှာအထင်ရှားဆုံးကတော့ ပါးနှစ်ဘက်လုံးမှာပါတဲ့ ပါးချိုင့်ပါပဲ။
LCCI(3)ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့ ၊စာမေးပွဲဖြေဖို့နီးကပ်လာတဲ့တစ်နေ့မှာ မအောင်မှာစိုးတဲ့ကျွန်မ စာပြဖို့စောစောအရောက် ချောချောဆေးရုံတင်ထားရတယ်လို့ ဆီးပြောတာနဲ့ ဆေးရုံကိုလိုက်သွားမိတယ်။
ကိုယ်၀န်(၂)လရှိတာသိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေးသောက်တာတဲ့ ၊လူဦးလို့ပေါ့ ၊ မသေကောင်းမပျောက်ကောင်းရှင် ၊ ကျွန်မလဲအားပေးစကားပြောပြီးအိမ်ပြန်လာခဲ့တယ်။
ကျွန်မစိတ်ထဲ မရှင်းဘူးရှင် ၊ကျွန်မသိသလောက်တော့ ချောချောဟာ အိမ်သားတွေမပါဘဲ အပြင်မထွက်တတ်ဘူးရှင့်..၊
ရော်…ဘာတွေလဲကွယ်…။အဲဒီနေ့ကတည်းက စကားပြောရင် ဖြေးညှင်းစွာ ၊ရယ်ရင်လည်း တိုးတိုးလေးရယ်တတ်တဲ့ ပါးချိုင့်နှစ်ဘက်နဲ့ချောချောကို နောက်ထပ်မတွေ့ရတော့ပါဘူး။
အချိန်တွေကြာလာခဲ့ပြီး တနေ့မှာတော့ ဖိတ်စာတစ်စောင်နဲ့စာအိတ်တစ်လုံးကို ကျွန်မရခဲ့တယ်။ဖိတ်စာကတော့ ကျွန်မရဲ့တစ်ယောက်ထဲရှိခဲ့သောချစ်သူရဲ့မင်္ဂလာဆောင်ဖိတ်စာပေါ့ ၊ဆက်ဆက်လာပါတဲ့ ။
သွေးကြောင်ရင် ဘေးချောင်မှာရပ်နေမှာပေါ့ ၊ကျွန်မဆက်ဆက်သွားမှာပါ ။စာအိတ်ကလည်း သူရေးထားတဲ့စာပါပဲ ၊ဆက်ဖတ်ဖို့မလိုအပ်တော့ဘူးလို့ထင်တာနဲ့ ဒီတိုင်းပဲပစ်ထားလိုက်တယ် ။
ပါသတဲ့ရှင်…ကျွန်မ ဒီစာကို မှန်ဘောင်သွင်းပြီး ရွှေကွပ်ထားလိုက်ချင်မိတယ်ကျွန်မကို တသက်လုံးရယ်နေအောင်လုပ်ပေးမဲ့ ဟာသစစ်စစ်တစ်ပုဒ်အနေနဲ့ပေါ့ ။ကျွန်မလေ ၀တ္တုမရေးတတ်လို့ပါ ၊ ရေးများရေးတတ်ရင်ဖြင့် ၀တ္တုခေါင်းစဉ်ကို
” ဘယ်သူ အပျိုစစ်ပါသလဲ ” လို့ ပေးမိမှာပါ ပဲ။
crd,



