ဗဟုသုတ

သားသမီးကို ငရဲပေးသော မိဘ

သားသမီးများကို ငရဲပေးတဲ့ မိဘဆိုတာ တကယ် ရှိသလားလို့ မေးရင် ငရဲပေးတဲ့ မိဘဆိုတာ တကယ် ရှိပါတယ်။

(၁) အပြစ်တင်လွန်းတဲ့မိဘ

ဘာလုပ်လုပ် အပြစ် တင်နေတတ်တာ တနည်းဆိုရရင် လောဘကြီးမိ ကြတာပါ။ အသုံးမကျဘူး ဆိုတဲ့ ဘောင်ထဲ သွတ်သွင်းတာ။ သားသမီးက တကယ် အသုံးမကျတာ ဖြစ်ချင်ဖြစ်မယ် ဒါပေမဲ့ အသုံးမကျတာ ကိုပဲ ဖောက်မြင်နေ တတ်တာ။ ဒါကို ကြားရဖန် များလာတဲ့ အခါ ဒေါသက မိဘကို ပြန်ခံပြောတတ်ဖို့ စတင်လာတယ်။

(၂) ဘက်လိုက်တာ

သားသမီးချင်း တူတူ ငါ့သမီး၊ သားလေးဆိုပြီး ဘက်လိုက် ဆက်ဆံတတ်တာ။ ဘက်လိုက်တတ်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာ မစည်းလုံးကြတာ များတယ်။ မိဘက သွေးခွဲထားလို့ပါ။ “နင်က ညံ့တယ်၊ နင်ကတော်တယ်” ဆိုပြီး ကွာလတီ ခွဲလိုက်တဲ့ ကုန်ပစ္စည်းတွေဟာ ဘယ်တော့မှ ဈေးနှုန်း ညှိမရ ကြတော့ဘူး။

ဘက်လိုက်မှုက မလေးစားမှုကို အစပျိုးပါတယ်။ အချင်းချင်း မနာလိုစိတ် ကနေ အမုန်းတရား ပွားများလာတယ်။ ကလေးဘဝ ကတည်းက အရိုးစွဲတဲ့ အမုန်းတရားက ဘယ်တော့မှ ဖျောက်မရတော့ဘူး။ မိဘတွေသာ မရှိကြတော့ရင် ဒီမောင်နှမတွေ ဟာ ပက်သက်စရာ လုံးဝကို မရှိတော့တဲ့ လူတွေ ဖြစ်နေကြ ပါလိမ့်မယ်။

(၃) ဆဲဆိုလွန်းတာ

နေ့စဉ် အဆဲ ခံရတဲ့လူဟာ မခံချင်စိတ်ကြောင့် ဒေါသများမယ်။ ပြန်ပြောမိရင်တော့ မိဘကို ခံပြောသလို ဖြစ်တယ်။ ငရဲကြီးမယ်၊ ဒုက္ခရောက်မှ အေးမယ်၊ ခွေးဖြစ်မှာ ဆိုတဲ့ ကျိန်စာဆန်ဆန် စကားတွေဟာ အရမ်းဆိုး ပါတယ်။ ကောင်းကောင်း မွန်မွန် ပြောပြီး ခိုင်းလို့ ရနိုင်ပေမယ့် ဆဲရေးပြီးမှ လုပ်မယ် ထင်တဲ့အတွေးနဲ့ ခိုင်းတာဟာ ဆိုးဝါးလွန်း ပါတယ်။

(၄) သားသမီး အိမ်ထောင်ရေးကိစ္စကို စွက်ဖက်တာ

“နင့်ယောက်ျားက ဘယ်လို၊ နင်ယူထားတဲ့ မိန်းမက ဘယ်လို” ဆိုတာမျိုး မပြောသင့်ပါဘူး။ သားသမီးရဲ့ ရွေးချယ်မှု ကိုလည်း လေးစားရပါမယ်။ သူတောင် သူ့ဘဝကိုသူ နေတတ်လို့ နေနေတာပါ။ သားသမီးက သူ့အိမ်ထောင်နဲ့ ပက်သတ်ပြီး ကူညီပါလို့ မပြောမချင်း ဝင်ပါစရာ မလိုတာပါ။ “ငါ့သမီးမှန်တယ် ငါ့သားမှန်တယ်” ဆိုတဲ့ အယူအဆဟာ မှားပါတယ်။

ကိုယ့်သားသမီးအကြောင်း သိတယ်ဆိုတာ ကလေးဘဝမှာပဲ ဖြစ်ပါလိမ့်မယ်။ ကလေးဘဝ မှာသာ မိဘနဲ့ တနေကုန် ရှိနေလို့ သူတို့ အကျင့်လေးတွေ သိနေကြရတာ သူတို့ အရွယ် ရောက်တဲ့အခါ မိဘနဲ့ နေချိန်နည်းလေ မိဘက သားသမီးစိတ်ကို မသိရလေ ဆိုတာကို သတိထားသင့်ပါတယ်။ သားသမီး ဆိုတာ မိဘကို အစစအရာရာ ပြောပြချင်တဲ့ အရွယ်ဆိုတာ အသက် လေး၊ ငါး၊ ဆယ်နှစ် အရွယ်မှာပဲ ရှိပါတယ်။

ဒါကို ကလေးလိုပဲ အကုန်သိချင် အကုန် ဖြေရှင်းပေးချင်တယ် ဆိုရင်တော့ တကယ် ဖြစ်လာရင်တောင် မိဘကို မတိုင်ပင် ကြတော့တာ များပါတယ်။ “ငါပြောသားပဲ” ဆိုတဲ့ စကားနောက်က အပြစ်တင်မှု တွေဟာ ပြဿနာကို ဖြေရှင်းဖို့ ဝေးကွာ စေတာ သားသမီးတွေက ရိပ်စားမိကြပါတယ်။ သားသမီးအကြောင်း တကယ်သာသိရင် ဒါမျိုး မလုပ်သင့်တာကို သိကို သိထားရမယ်။

(၅) သားသမီးကို ပြောဆိုဆက်ဆံပုံ မှားတာ

အချို့ မိဘတွေ ရှိပါတယ် ပြင်ပမှာတော့ လူငယ်လူကြီး မရွေးကို အရမ်း အလေးထား ဆက်ဆံတတ် ပါတယ်။ ပြောရရင် လူတွေအပေါ် လေးစားမှု ရှိတာပေါ့။ သားသမီးကိုကျ အဲ့လို မလုပ်နိုင်ကြပါဘူး။ သားသမီး ဆိုတာ ငယ်နိုင်လို ဖြစ်နေတော့ စိတ်အလိုမကျ တိုင်းသားသမီးကို နှိမ်နေတတ်တာမျိုးပါ။ စေတနာစကား ပေမယ့် အပြောမတတ်ရင် နားခါးတာ လူ့သဘာဝပါ။

အပြင်ပန်းက မှတ်မထားချင်ရင် နေမယ် စိတ်ခံစားချက် ကတော့ မိဘက “ငါပြောတိုင်း မကောင်းမြင်တယ်” ဆိုပြီး ဒေါသကြီးနေတတ်တဲ့ သားသမီးတွေ ရှိလာရတာပါ။ စိတ်ဆိုတာ အမြဲ ကြည်သာမနေပါဘူး။

အမြဲနားပူအောင် နေ့စဉ် ဆုံးမစကား ဆိုမနေမိ ပါစေနဲ့။ သူနေ့စဉ် လုပ်တာတွေ မှတ်ထားပြီး တပတ်တခါ တလတခါလောက်သာ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးပဲ ဆုံးမစကား တခွန်းချင်း ပြောသင့်ပါတယ်။ တပတ်တခါမို့ ဆုံးမရတာ စိတ်လဲရှည်တယ် သားသမီး အနေနဲ့လည်း မိဘက ချက်ကျလက်ကျပြောတော့ ငြင်းရခက်တယ်။ သူ့အမှားကို ဆင်ခြင်နိုင်တယ်။

ဒေါသပါတဲ့ ဆုံးမစကားဟာ ပြောင်းပြန် အကျိုးသက်ရောက် ပါတယ်။ ဘာလို့လဲ ဆိုတော့ သားသမီးဆိုတာ လူသားမို့ ဒေါသထွက်ရင် အရွဲ့တိုက်တတ်လို့ပါ။ အဆင်မပြေမှုတွေကို သူတို့လဲ မလိုလားကြပါဘူး။ ဒါပေမဲ့ ငြင်းဆန် မရရင်တော့ မိဘနဲ့ထိပ်တိုက် ရင်ဆိုင်ခြင်းထက် အဝေးကို ပြေးသွားလိုက်တာ အကုသိုလ် အနည်းဆုံး အဆင်ပြေဆုံးလို့ ထင်မြင်ယူဆ လာကြပါတယ်။

မိဘနဲ့ အဆင်မပြေတဲ့ သားသမီးဟာ သူ့ဖာသာ ရပ်တည်နေရတဲ့ အခါမှာလည်း အဆင်ပြေဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဆင်ပြေပြေ မပြေပြေ မိဘ မသိပါစေနဲ့ အဆင်ပြေတယ်ပဲ ပြောလိုက်ပါ။ တွေးပူနေတတ်တဲ့ မိဘကိုလည်း စိတ်မပင်ပန်းစေသလို အကုသိုလ်လည်း နည်းစေပါတယ်။ တတ်နိုင်ရင် အဝေးကနေ ထောက်ပံ့ခြင်းကို လုပ်လို့ရပါတယ်။

အနီးမှာပဲ နေမယ်ဆိုလည်း မိဘနဲ့ အဆင်ပြေအောင် နည်းလမ်းရှာပြီး စိတ်လျော့ကြပါ။ မိဘဆိုတာ အဖိုးတန်ပါတယ်။ ဒါပေမယ့် သားသမီးဆိုတာလည်း လူသားမို့ သူလည်း သူ့တန်ဖိုးနဲ့သူ ရှိတယ်ဆိုတာ မိဘများ အထူးသတိထား ကြည့်ကြပြီး မိဘနဲ့ သားသမီးများ ဆက်ဆံရေးဟာလည်း ပိုအဆင်ပြေ ကြမှာပါ။

ုcredit