စီးပွားကျတဲ့ဒဏ်ကို ကျော်လွှားနိုင်စေဖို့ ကြိုတင် လုပ်ဆောင်ထားရမယ့် အချက် (၃) ချက်
စီးပွားကျတဲ့ ဒဏ်ကို ကျော်လွှားနိုင်စေဖို့ ကြိုတင် လုပ်ဆောင်ထားရမယ့် အချက် (၃) ချက်ကို အများ သိရှိထားနိုင်ကြစေဖို့ ‘စီးပွားရှင်’ ရဲ့ သတင်း ဆောင်းပါးတစ်ပုဒ်အား ပြန်လည် မျှဝေပေးလိုက်ပါတယ်။
စီးပွားရေးက ကျနေပါပြီ။ ပညာရှင်တွေ အပြော စောင့်နေစရာ မလို စီးပွားရှင်တို့ ကိုယ့်ဘေးနားနဲ့ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရင်ကို သိနေပြီ။ စီးပွားကျရင် တကိုယ်ရေ လုပ်ရမှာ ၃ နည်းပဲ ရှိပါတယ်။
၁။ ကျန်းမာရေး ဂရုစိုက်ပါ
၂။ ချွေတာပါ
၃။ ငွေရှာပါ
၁။ ကျန်းမာရေး ဂရုစိုက်ပါ
ကျန်းမာရေးက နံပါတ်တစ်။ ပထမအလုပ်ဖြစ်တဲ့ ကျန်းမာရေး ဂရုမစိုက်ရင် ဒုတိယနဲ့ တတိယဖြစ်တဲ့ ချွေတာမယ့်အလုပ်ရော ငွေရှာမယ့်အလုပ်ရော နောက်ကောက်ကျပါမယ်။
ဆေးကုရရင် ငွေကုန်မယ်၊ လူက အိပ်ရာပေါ်မှာဆို ဘယ်လိုလုပ် ငွေရှာမလဲ။ ကိုယ့်မိသားစုထဲက အပြင်မှာ ငွေသွားရှာမယ့်သူလည်း ကိုယ့်ကို ပြုစုနေရရင် ငွေမရှာနိုင်တော့ဘူး။
ဒါ့ကြောင့် စီးပွားကျတဲ့ ကာလမှာ ကျန်းမာရေးက နံပါတ်တစ်။ ကျန်းမာအောင် စိတ်ကို ဂရုစိုက်ပါ။ စီးပွားရေးကျတဲ့ အချိန်မှာ စိတ်ညစ်မှာပဲ။ ဒါပေမယ့် စိတ်ထောင်းကိုယ်ကြေ ဖြစ်တာကြောင့် ကျန်းမာရေး ထိခိုက်လောက်အောင်တော့စိတ်ညစ်ခံလို့ မရပါ။ စိတ်မထောင်းအောင် တရားထိုင်ပါ၊
ယောဂကျင့်ပါ၊ ကျန်းမာအောင် လှတဲ့အစာတွေထက် အာဟာရပြည့်တဲ့ အစာတွေ စားပါ။ ပြည်ပက သွင်းလာတဲ့ ဈေးကြီး ဖြည့်စွက်စာတွေ အစားအရိုးကိုနူးအောင် ပြုတ်သောက်တာတို့ ဟင်းသီးဟင်းရွက် ပဲ စသည် စားပါ။
ငွေမကုန်ဘဲ အာဟာရပြည့်တဲ့ အစာတွေအကြောင်း ချက်နည်း ပြုတ်နည်းအကြောင်း သိတဲ့သူတွေ ဖြည့်စွက် ပြောပေးကြပါ။
အားကစားလုပ်ပါ။ ဘာအားကစားပဲဖြစ်ဖြစ် ကောင်းတယ်။ ချွေတာရတဲ့ကာလမှာ gym ဖိုး လျှော့ချချင်ရင် လမ်းလျှောက်ပါ၊ အိမ်ထဲမှာပဲ နေရာကျဉ်းကျဉ်းနဲ့ လုပ်နိုင်တဲ့ ဒိုက်ထိုး ၊plank ထောက်၊ ထိုင်ထ လုပ်ပါ။
၂။ ချွေတာပါ။
မချွေတာနိုင်လောက်တဲ့အထိ ချွေတာပါ။ဈေးကြီးတဲ့ အဝတ်အစားတွေ အရင်လိုဝယ်မယ့်အစား သက်သောင့်သက်သာရှိပြီး သက်သာတဲ့ အဝတ်အစားတွေ ဝတ်ပါ။ များသောအားဖြင့် ဒေါ်လာနဲ့ ဝယ်ရတဲ့ဟာတွေက ပိုဈေးတက်နိုင်ပါတယ်။အရည်အသွေးချင်း သိပ်မကွာရင် ဒေါ်လာနဲ့ သွင်းလာတာ မဟုတ်တဲ့ ပြည်တွင်းဖြစ်ကို သုံးပါ။
စီးပွားရှင်တို့ ပြည်တွင်းပစ္စည်း ဝယ်သုံးလိုက်တဲ့ ပြည်တွင်းကငွေက ကိုယ့်ဆီ ပြန်ရောက်လာနိုင်ချေ ပိုများပါတယ်။ ကိုယ့်အသုံးစရိတ်ကို အသေးအမွှားက အစ စာရင်းရေးမှတ်ပါ။
၃ လလောက် မှတ်လိုက်ပြီး ပျမ်းမျှချလိုက်ရင် ကိုယ့်တလအသုံးစရိတ် တွက်လို့ရပြီ။ ၃ လလောက်မှတ်ခိုင်းတာက တလနဲ့ တလ အသုံးစရိတ်က အတက်အကျ ဖြစ်တတ်လို့ပါ။
ကိုယ်က တစ်နယ်ကနေ တစ်နယ်ပြောင်းရွှေ့နေတယ် အလုပ်သစ်လုပ်တယ်ဆိုရင် စရိတ်က ထိုးတက်တတ်တယ်။အပြင်မှာ ထွက်နေရာကနေ မိဘအိမ် ပြန်နေဖြစ်တာမျိုးဆိုရင် စရိတ်က ကျသွားတတ်တယ်။ ဒါ့ကြောင့် ၃ လလောက် ပျမ်းမျှမှ ပိုနီးစပ်မှာ။ ဆီစားသက်သာတဲ့ ကားတွေစီး၊ မီးအားဆွဲတာ သက်သာတဲ့ မီးလုံးမီးချောင်းတွေ ထွန်းပါ။
၃။ ငွေရှာပါ
ချွေတာရုံနဲ့ မပြီး၊ ငွေရှာရမယ်။ အလုပ်ကြိုးစားပါ။ လုပ်ငန်းတွေအကုန် ရှင်သန်ရေး ကြိုးစားနေကြတာမို့ ကိုယ်ကလည်း အားကုန်ထုတ်နိုင်မှ ကျန်ရစ်မှာပါ။
ကိုယ့်ဆီက ဝယ်စားနေကြသူတွေကို လေးစားပါ၊ အကောင်းဆုံး ဝန်ဆောင်မှုပေးပါ။ စီးပွားရေး ကျဆင်းဒဏ်ကို ခံနိုင်တဲ့ လုပ်ငန်းနယ်ပယ်ကို ရွေးပါ။
စီးပွားရေး ကျဆင်းလို့ ရှိသမျှလုပ်ငန်းနယ်ပယ်တွေ ပြိုသွားတယ်ဆိုတာ မရှိပါဘူး။ ကောင်းတဲ့ လုပ်ငန်းနယ်ပယ်ကကောင်းတာပါပဲ။ စီးပွားရေး ကျဆင်းချိန်မှ ပိုကောင်းတတ်တဲ့ လုပ်ငန်းနယ်ပယ်တွေ industries that thrive during recession ရှိသလို စီးပွားရေး ကျဆင်းဒဏ် ခံနိုင်တဲ့ recession – proof လုပ်ငန်းနယ်ပယ်တွေလည်း ရှိပါတယ်။
လူတွေ ချွေတာလာတဲ့အတွက် ဖက်ရှင်ထည်လိုမျိုးတွေ ထိနိုင်ပါတယ်။ ခရီးသွားလာမှုတွေ လျော့လာနိုင်တယ်။ ဆေးဝါးလုပ်ငန်း၊ အစားအသောက်လုပ်ငန်း ဒီလုပ်ငန်းတွေကတော့ စီးပွားရေးကျလည်းခံနိုင်တဲ့ လုပ်ငန်းနယ်ပယ်တွေပါ။
ချွေတာလာကြတဲ့အတွက် ပစ္စည်းအသစ်ဝယ်မယ့်အစား ပစ္စည်းဟောင်းကိုပဲ ပြင်သုံးကြတာကြောင့် ပစ္စည်းတစ်ပတ်ရစ်အရောင်းအဝယ် လုပ်ငန်းတွေ၊ ပြင်ဆင်တဲ့ repair shop တွေ အခြေအနေ ကောင်းနိုင်ပါတယ်။
စိတ်ဓာတ် ကျတဲ့အတွက် အရက်ရောင်းဝယ်ရေး၊ ဗေဒင်လက္ခဏာလုပ်ငန်း ဒါတွေ ကောင်းနိုင်ပါတယ်။ နိုင်ငံခြားထွက်လုပ်။ ခုချိန် နိုင်ငံခြားထွက်အလုပ်လုပ်ရင်တော့ ငွေသာမက နိုင်ငံအတွက် ဒေါ်လာရှာပေးတဲ့ ကုသိုလ်ပါ ရနိုင်ပါတယ်။ လူငယ်လူလတ်ပိုင်းတွေ ဒီမှာအလုပ်ရှာရခက်ရင် နိုင်ငံခြား ထွက်လုပ်ကြပါ။
နိုင်ငံခြား ထွက်လုပ်ရင် ငွေသာမကဘဲရေခြားမြေခြားမှာ ကိုယ့်ထမင်းကိုယ်ရှာစားပြီး ရှင်သန် ရပ်တည်နိုင်တဲ့ အစွမ်းပါ ရပါလိမ့်မယ်။
စီးပွားရေး ကျဆင်းမှုဒဏ်ကို ကျော်လွှားဖို့ ကိုယ်ကိုယ်တိုင် ကျင့်သုံး အလုပ်ဖြစ်နေတဲ့ နည်းတွေ ရှိရင်လည်း ဝိုင်းဖြည့်ဆွေးနွေးပေးကြပါ။ စီးပွားရှင်” ဆိုပြီး ရေးသား မျှဝေထားပါတယ်။
အခက်အခဲတွေကြားမှ မြန်မာပြည်ကြီး အမြန်ဆုံး ကျော်လွှားနိုင်ပါစေ။
Source: မောင်စီးပွား



