၈ တန်းလောက်ပဲ အောင်လောက်မယ့် စင်္ကာပူက တက္ကစီသမားရဲ့ အတုယူစရာ အံ့အားသင့်ဖွယ် စိတ်ဓါတ်
အမေရိကန်နိုင်ငံက ထင်ရှားကျော်ကြားတဲ့ စာရေးဆရာ Shiv Khera က လွန်ခဲ့တဲ့ ၆ နှစ်က စင်္ကာပူနိုင်ငံမှာ ကြုံတွေ့ခဲ့တဲ့ အဖြစ်လေးတစ်ခုကို ခုလိုပြောပြတယ်..။
“လွန်ခဲ့တဲ့ ၆ နှစ်က ကျွန်တော် စင်္ကာပူနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်သွားတယ်။ ဟိုတယ်တစ်ခုမှာ တည်းတယ်။
သွားစရာရှိလို့ တည်းတဲ့ ဟိုတယ်ရှေ့ကနေ တက္ကစီတစ်စီးငှားလိုက်တယ်။
ကားပေါ်တက်ပြီးတာနဲ့ တက္ကစီမောင်းသမားကို business card ပြပြီး အဲဒီပေါ်က လိပ်စာနေရာကို ပို့ပေးပါလို့ ပြောလိုက်တယ်။
သွားရမယ့်နေရာရောက်ခါနီးမှာ တက္ကစီမောင်းသမားဟာ အဆောက်အဦတစ်ခုကို ပတ်မောင်းနေတယ်။
နောက်ဆုံးတော့ ကျွန်တော်သွားချင်တဲ့ နေရာကို ရောက်သွားတယ်။
ကားရဲ့မီတာမှာ တက္ကစီခ ၁၂ ဒေါ်လာပြနေပေမယ့် သူက ၁၀ ဒေါ်လာပဲ ယူတယ်။
ကျွန်တော်က သူ့ကို တက္ကစီခ ၁၂ ဒေါ်လာကျတာကို ဘာကြောင့် ၁၀ ဒေါ်လာပဲ ယူတာလဲလို့ မေးလိုက်တော့ သူက ပြန်ဖြေတယ်။
‘ကျွန်တော် ဒီနေရာနဲ့ မရင်းနှီးလို့ ဆရာသွားမယ့်နေရာကို ရှာမတွေ့တာကြောင့် အဆောက်အဦကို ပတ်မောင်းရှာရတယ်လေ..။
တကယ်လို့ ကျွန်တော် နေရာကို တိုက်ရိုက်မောင်းနိုင်ရင် ၁၀ ဒေါ်လာပဲကျမှာမို့ ၁၀ ဒေါ်လာပဲ ယူတာပါ။
ခင်ဗျားလည်း ကျွန်တော့်ရဲ့ မကျွမ်းကျင်မှုအတွက် အပိုမပေးသင့်ဘူးလေ’။
နောက်ပြီး သူက ဆက်ပြောတယ်..။ ‘စင်္ကာပူနိုင်ငံကို နိုင်ငံခြားခရီးသွားတွေ အများကြီးလာကြတယ်..။
သူတို့ဟာ လေယာဉ်ပျံပေါ်က ဆင်းပြီးလို့ လူဝန်မှုကြီးကြပ်ရေးကောင်တာကို ဖြတ်ပြီးတာနဲ့ သူတို့ပထမဆုံးတွေ့ရသူတွေဟာ တက္ကစီမောင်းသမားတွေ ဖြစ်ကြတယ်။
မရိုးသားတဲ့ တက္ကစီသမားနဲ့တွေ့ရင် သူတို့အတွက် စင်္ကာပူမှာနေရတဲ့ရက်တွေဟာ ပျော်စရာကောင်းမှာ မဟုတ်တော့ဘူး။
ကျွန်တော်ကတော့ လာတဲ့ ခရီသွားတိုင်းကို စင်္ကာပူမှာ နေတုန်း ပျော်စေချင်တယ်။
ကျွန်တော်ကိုယ်ကျွန်တော်လည်း တက္ကစီမောင်းသမားလို့ သဘောမထားဘဲ စင်္ကာပူနိုင်ငံရဲ့ သံတမန်တစ်ယောက်လို သဘောထားပါတယ်’။
တက္ကစီမောင်းသမားဟာ ၈ တန်းလောက်ပဲ အောင်မယ်ထင်ပါတယ်။
ဒါပေမဲ့ သူဟာ သူ့အလုပ်ကို ဂုဏ်ယူစွာ လုပ်တတ်တဲ့ ပညာရှင်တစ်ယောက်လို့ ပြောရမှာဖြစ်ပါတယ်..”
ပညာရှင်ဆိုတာ ပညာတတ်ရုံနဲ့ မလုံလောက်ဘူး..
ရိုးသားမှု၊ သမာဓိနဲ့ လူသားချင်းစာနာတတ်မှုရှိဖို့လည်း လိုပါတယ်။
စင်္ကာပူတိုးတက်တာ အဲဒီလို ပညာရှင်တွေ ပေါများလို့ဖြစ်မယ် ထင်ပါတယ်။
ဗန်းမော်သိန်းဖေ