Knowledge

မင်းသုံးပါး၏ မိဖုရားဖြစ်ခဲ့ပြီး အချစ်ဦးနှင့် ၁၅ နှစ်ကြာမှ ဆုံစည်းနိုင်ခဲ့သည့် ပုဂံခေတ် မင်းသမီး.

မဏိစန္ဒာ (ခေါ်) ခင်ဦး သည် ပုဂံခေတ်တွင် အစဉ်လိုက် နန်းတက်သော မင်းသုံးပါး၏ မိဖုရားတစ်ပါး ဖြစ်သည်။ မွန်လူမျိုးဖြစ်ပြီး ကျန်စစ်သား၊ အနော်ရထာမင်းတို့နှစ်ဦးနှင့် ၄င်း၏အချစ်ဇာတ်လမ်းမှာ မြန်မာ့သမိုင်းရာဇဝင်တွင် ထင်ရှားသည်။

မဏိစန္ဒာသည် ဟံသာဝတီ(ပဲခူး) ပြည့်ရှင် ဘုရင်ကြီး၏ သမီးတော် ဖြစ်သည်။ ဟံသာဝတီ(ပဲခူး) ကို ဂျွမ်းစစ်သည်များ လာရောက်တိုက်ခိုက်ရာတွင် ပုဂံပြည်မှ စစ်ကူလာ၍ ပြန်လည်တိုက်ခိုက်ခုခံနိုင်ခဲ့သည့်အတွက်

သော်လည်းကောင်း အင်အားကြီးမားလှသည့် အနုရုဒ္ဓ ခေါ် အနော်ရထာမင်းအုပ်စိုးသော ပုဂံပြည်ကြီး နှင့် ငြိမ်းချမ်းစွာ ဆက်ဆံနိုင်ရေးအတွက် လည်းကောင်း ပဲခူးဘုရင်က အသက် ၁၈ ဝန်းကျင်သာရှိသော သမီးတော် မဏိစန္ဒာမင်းသမီးကို အနော်ရထာမင်းထံ ဆက်သခဲ့သည်။

ငယ်ရွယ်နုပျိုပြီး အလွန်တရာလှပသော မဏိစန္ဒာ မင်းသမီးလေး သည် ၄င်းအား ပင့်ချီသယ်ဆောင်လာသော ဘုရင့် ပဏာတော်သယ် စစ်ကြောင်းကြီး၏ အကြီးအမှူးဖြစ်သည့် ကျန်စစ်သား (မင်းသား) နှင့် ကြာညောင်းစွာ သွားရသည့် ဝေးကွာလှသည့် လမ်းခရီးအတွင်း သံယောဇဉ်ငြိတွယ်ခဲ့မိကြသည်ဟု ဆိုသည်။

အနော်ရထာဘုရင်ကြီး အကြောင်းစုံအား ပြန်လည်ကြားသိသောအခါ (အမျက်တော်ရှပြီး.. ) ကျန်စစ်သားအား လက်စွဲ တော် လှံနှင့် စီရင်လေသည်။ သို့သော် ကျန်စစ်သား ၏ တုတ်နှောင်ထားသော ကြိုးများကိုသာ ထိမှန်ပြီး အသက်ဘေးမှ လွတ်ကင်းကာ ပုဂံမင်းနေပြည်တော်မှ ထွက်ပြေးခဲ့လေသည်။

မဏိစန္ဒာမင်းသမီးကိုမူ အနော်ရထာမင်းသည် မိဖုရားအဖြစ် တင်မြှောက်ချီးမြင့်ခဲ့သည်။ အနော်ရထာမင်း ကွယ်လွန်ပြီးနောက် သားတော် စောလူးမင်းသား နန်းတက်ခဲ့ပြီ..း မဏိစန္ဒာကိုပင် ဆက်လက် မိဖုရားမြှောက်ခဲ့သည်။ စောလူးမင်းနန်းတက်ပြီး များမကြာမီ မိဖုရားခေါင်ဖြစ်သော ဦးဆောက်ပန်း ကွယ်လွန်ခဲ့သဖြင့် မဏိစန္ဒာသည် မိဖုရားခေါင်ကြီး ဖြစ်လာခဲ့သည်။

စောလူးမင်းသည် နိုင်ငံအတွင်း မငြိမ်မသက်မှုများအားနှိမ်နင်းနိုင်ရင် ကျန်စစ်သားအား ပြန်လည်ခေါ်ယူခဲ့သော်လည်း.. ကျန်စစ်သားနှင့် မဏိစန္ဒာတို့ ပြန်လည်ဇာတ်လမ်းဆက်ကြသည်ဟု ကြားသိသဖြင့် စောလူးမင်းက ကျန်စစ်သားအား တဖန် နှင်ထုတ်ရပြန်သည်။

စောလူးမင်းအုပ်စိုးသည့် လက်ထက်တွင် မဏိစန္ဒာမင်းသမီး မွေးဇာတိ ဟံသာဝတီ (ပဲခူး) မြို့တော်အား နို့စို့ဖက် သူငယ်ချင်းဖြစ်သူ ငရမန်အား အုပ်ချုပ်စေခဲ့သည်။ ပဲခူးစား ငရမန်က စောလူးမင်းအား ပုန်ကန်ခဲ့ပြီး ငရမန်ကန်း

လက်ချက်ဖြင့် စောလူးမင်း ကွယ်လွန်သွားခဲ့သောအခါ ယိုယွင်းနေသောတိုင်းပြည် အား စုစည်းအုပ်ချုပ်ရန် ကျန်စစ်သားအား ထီးနန်းအပ်ကြလေသည်။

ထကျွ ပုန်ကန်မှုများကို ကျန်စစ်သားက နှိမ်နင်းခဲ့ပြီးနောက် ပုဂံထီးနန်းကို ဆက်ခံခဲ့သည်။ ထီးနန်းတက်ပြီးနောက် ချစ်ရသူ မဏိစန္ဒာကို မိဖုရားမြှောက်သည်။

အင်အားကြီးမားသော မွန် ပြည်သားတို့ နှင့် ညီညွတ်မှုကို ရှေးရှုလျှက် ကျန်စစ်သားမင်းသည် မဏိစန္ဒာမင်းသမီးအား မိဖုရားတင်မြှောက်ခဲ့သလို နန်းတက်ပွဲကို မွန်ဓလေ့ ထုံးစံနှင့် အညီကျင်းပခဲ့သည်။

၁၅ နှစ်ဝန်ကျင် ကြာဝေးကွာခဲ့ပြီးမှ ချစ်သူနှစ်ဦး ပြန်လည်ဆုံဆည်းနိုင်ခဲ့ခြင်းဖြစ်လေသည်။

crd ~ မူရင်းရေးသားသူအားလေးစားစွာဖြင့်