Knowledge

သံသရာကိုမကြောက် တစ်ဘဝစာ ခံစားစံစားဖို့သာ ကြိုးစားခဲ့တဲ့ ရာဇဝင်ထဲက အညစ်ပတ်ဆုံးဘုရင်..

သံသရာကိုမကြောက် တစ်ဘဝစာ ခံစားစံစားဖို့သာ ကြိုးစားခဲ့တဲ့ ရာဇဝင်ထဲက အညစ်ပတ်ဆုံးဘုရင်

မြန်မာ့ရာဇဝင်သမိုင်းထဲမှာ စိတ်ဓာတ်ရော၊ လူရော အညစ်ပတ်ဆုံးလို့ သတ်မှတ်နိုင်တဲ့ ဘုရင်ဟာ ပုဂံခေတ်က နရသူမင်းပါ။ ကုလားတွေလက်ချက်နဲ့ သေခဲ့ရလို့ သေပြီးတဲ့အခါ ကုလားကျမင်းလို့လဲ ထင်ရှားပါတယ်

နရသူမင်းဟာ အလောင်းစည်သူဘုရင် (ကျန်စစ်သားမင်း၏ မြေးတော်) ရဲ့ သားတော်အငယ်ပါ။ အလောင်းစည်သူ နန်းတက်နေစဉ်မှာသားတော်အကြီးဖြစ်တဲ့ မင်းရှင်စောဟာ ဖခမည်းတော်နဲ့ မတည့်လို့ မန္တလေးနယ်ဘက်သွားပြီး ဒေသတိုးတက် ဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေခဲ့ပါတယ်။

အဲဒီအချိန်တုန်းက မန္တလေးရယ်လို့ မရှိသေးတဲ့အချိန်ပါ။ အောင်ပင်လယ်ကန်၊ နန္ဒာကန်၊ ကုလားမတောင်ဆည်၊ ကြူဝန်းနဲ့ ကျွန်းလှဆည်တွေဟာ သူ့ရဲ့အားထုတ်မှုတွေပါပဲ။

မင်းရှင်စော နန်းတော်နဲ့ ဝေးကွာနေချိန်မှာ အလောင်းစည်သူမင်းကြီး နာမကျန်းဖြစ်ပါတော့တယ်။ အဲဒီမှာ သားတော်အငယ်ဖြစ်တဲ့နရသူကအလိမ္မာနဲ့ ဖခင်ဖြစ်သူအလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထားတဲ့ ရွှေဂူကြီးဘုရားထဲကို ပြောင်းရွှေ့စံစေပါတယ်။

အခါအခွင့်သင့်တဲ့အခါ နရသူက ဖခင်အလောင်းစည်သူမင်းကြီးကို ခေါင်းအုံးနဲ့ဖိသတ်လို့ နတ်ရွာစံပါတော့တယ်။ (အလောင်းစည်သူမင်းကြီး ကွယ်လွန်ပြီးတဲ့အခါ မင်းစည်သူနတ် ဖြစ်လာပါတယ်။)

ဒီသတင်းကို ကြားတဲ့အခါ မင်းရှင်စောဟာ ထီးနန်းသိမ်းရအောင် ကြည်းကြောင်း၊ ရေကြောင်းနဲ့ ပုဂံကို အပြင်းချီလာပါတယ်။

ဒါကို နရသူကြားတော့ သူက နောင်တော်ကို ခံတိုက်လောက်အောင် အရည်အချင်း မရှိမှန်း သူ့ကိုယ်သူ သိထားပါတယ်။ ဒီတော့ အကောက်ကြံပါတော့တယ်။ သူက သာသနာပိုင်ဖြစ်တဲ့ ပံ့သကူမဟာထေရ်ကို ချဉ်းကပ်ပြီး အကူအညီ တောင်းတာပါ။

အနော်ရထာမင်းက ထေရဝါဒ ဗုဒ္ဓသာသနာကို ပုဂံမှာ ပြန့်ပွားဖို့ ကြိုးစားတဲ့အခါ ရှင်အရဟံကို အဓိက အားထားခဲ့ရတာပါ။ ရှင်အရဟံကို သာသနာပိုင်အဖြစ် အပ်နှင်းပြီး ကိုးကွယ်လာတာ အလောင်းစည်သူမင်း လက်ထက်အထိတိုင်အောင်ပါပဲ။

အလောင်းစည်သူမင်းလက်ထက်မှာ ရှင်အရဟံဟာ သက်တော် ၈၁ နှစ်နဲ့ ပရိနိဗ္ဗာန် စံတော်မူပါတယ်။ ဒီတော့ ပံ့သကူမဟာထေရ်ကို သာသနာပိုင်အဖြစ် ခန့်အပ်တော်မူပါတယ်။

ပံ့သကူမဟာထေရ်ကို ရာဇဝင်ကျမ်း၊ သာသနာဝင်ကျမ်း အချို့မှာ နာမည်အမျိုးမျိုး ခေါ်တာ တွေ့ရပါတယ်။ ငစွယ်ရှင်မဟာထေရ်၊ စိမ့်ညက်မင်းသားတော်မဟာထေရ် စသဖြင့် ခေါ်ဝေါ်ကြတယ်။

နရသူက လက်ရှိသာသနာပိုင်ဖြစ်တဲ့ ပံသကူမဟာထေရ်ဆီကို ချဉ်းကပ်ပြီး ဒီလိုလျှောက်ထားပါတယ်။ “ဆရာတော်ဘုရား၊ နောင်တော်ကြီး

မင်းရှင်စောဟာ ဖခမည်းတော် လွန်ပြီဆိုတာသိလို့ ကြည်းကြောင်း၊ ရေကြောင်းနဲ့ ပုဂံကို အပြင်းချီလာပါတယ်ဘုရား။ တပည့်တော် နန်းလုမှာစိုးလို့ ထင်ပါရဲ့ဘုရား။

တိုင်းပြည်မှာ တစ်ရက်တစ်နေ့တောင် မင်းမရှိလို့ မတင့်တယ်တဲ့အတွက်ကြောင့် နောင်တော်ကြီးကို မြင်းတစ်စီး၊ ဓားတစ်လက်နဲ့ အလျင်ဦးအောင် ကြွလာပြီး နန်းတက်တော်မူမည့်အကြောင်း ခေါ်တော်မူပေးပါရန် လျှောက်ထားပါသည် ဘုရား။ စစ်တပ်နှင့် အတူဆိုလျှင် ကြန့်ကြာနေပါမည် ဘုရား။

” ဒီတော့ ပံ့သကူမဟာထေရ်ကလည်း စဉ်းစားတယ်။ သူသွားပြီး အကြောင်းကြားရင် မင်းရှင်စောကလည်း ဂရုဂါရဝနဲ့ ဆရာတော်ရင်းမို့ လိုက်လာပေမှာပဲ။ ဒီရောက်မှ နရသူရက ကတိပျက်ရင် ခက်ချေရဲ့လို့ တွေးတယ်။

ဒီတော့ မင်းရှင်စော ပုဂံကို ပြန်ရောက်လာရင် နန်းတင်ရမယ်လို့ နရသူရကို သစ္စာဆိုခိုင်းတယ်။ နရသူရကလည်း နောင်တော်ကြီးကို

ဓားထမ်းပြီး နန်းတင်ပါ့မယ်လို့ သစ္စာဆိုလိုက်တယ်။ ဒီတော့မှ ပံ့သကူမဟာထေရ်ဟာ ရွှေလှော်ကားတစ်စင်းနဲ့ မင်းရှင်စောကို သွားကြိုပါတော့တယ်။

ပုဂံရောက်တော့ နရသူရကလည်း သူ့ကတိအတိုင်း နောင်တော်မင်းရှင်စောကို သူကိုယ်တိုင် သန်လျက်ထမ်းပြီး နန်းတင်လိုက်တယ်။

ဒါပေမယ့် အဲဒီညမှာပဲ အစာထဲ အဆိပ်ခတ်ပြီး လုပ်ကြံလိုက်တာ မင်းရှင်စော နတ်ရွာစံရတယ်။ မကြာခင်မှာပဲ နရသူရ ထီးနန်းဆက်ခံတယ်။

မင်းရှင်စော နတ်ရွာစံတာ နရသူရဲ့လက်ချက်ပဲဆိုတာ သိတော့ ပံ့သကူမဟာထေရ်ဟာ နရသူရဆီကြွပြီး ခပ်ပြင်းပြင်း ဝေဖန်လိုက်တယ်။

“ဟယ် မင်းဆိုးမင်းညစ်၊ မင်းဟာ သံသရာမှာ ခံရဦးမယ့် မကောင်းမှုကိုမှ မကြောက်၊ ဒီစည်းစိမ်တွေရရင်ကော မင်းခန္ဓာကြီးက မအို၊ မနာ၊ မသေတော့ဘူးများ မှတ်နေလား။ လောကမှာ မင်းလောက်ပျက်တဲ့မင်း မရှိတော့ဘူး။

” နရသူရကလည်း မျက်နှာပြောင်တယ်။ မဟာထေရ်ကို ဒီလို ပြန်လျှောက်တယ်။ “တပည့်တော်ရဲ့ ကတိအတိုင်း နောင်တော်ရဲ့ဓားကိုထမ်းပြီး ကိုယ်တိုင်နန်းတင်ပေးခဲ့တာပဲလေ” တဲ့။

အဲဒီနောက် သာသနာပိုင်နဲ့ မင်း အစေးမကပ်တော့ဘူး။ ပံ့သကူမဟာထေရ်ဟာ မင်းရှင်စော သေရတာ သူ့ပယောဂ မကင်းဘူးလို့ ခံစားရတာရော၊ ကတိမတည်တဲ့ မင်းဆိုးမင်းညစ်ဆီမှာ မနေချင်တာရောကြောင့် သီဟိုဠ်ကို ကြွတော်မူတယ်။

သာသနာပိုင်ဟာ သီဟိုဠ်ကို ကြွသွားတော့ မြို့ရွာတွေမှာ သံဃာထုဟာ မငြိမ်မသက်ဖြစ်လာတယ်။ ပြည်သူလူထုကလည်း

ရဟန်းတွေဘက်ကပါတော့ အင်အားက တော်တော်ကြီးတယ်။ ဒီတော့ နရသူရဲ့ ထီးရေးနန်းရာအတွက်က အန္တရာယ်ကြီးတခုလို ဖြစ်လာတော့ နနရသူက စဉ်းစားတယ်။

“မတော်တစ်နေ့ ရဟန်းသံဃာတွေ ငါ့ကို ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ” တဲ့။ သေချာတာက လူထုကလည်း ရဟန်းတွေဘက်က ပါကြမှာ။ ဒီတော့ နရသူရက လက်ဦးမှုရအောင် ကြံရတော့တယ်။

ဒီတော့ ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ လွှတ်တော်မှာ အမတ်တွေနဲ့ တိုင်ပင်တော့တယ်။ ရဟန်းများရင် တိုင်းပြည်အတွက် အကျိုးယုတ်ပုံကို နည်းမျိုးစုံနဲ့

ပရိယာယ်ဆင်ပြီး ဘုန်းကြီးတွေကို လူထွက်ခိုင်းဖို့ အမိန့်ထုတ်ချင်နေတယ်။ တချို့ မှူးမတ်တွေကတော့ သာသနာကို မဖျက်သင့်ကြောင်း လျှောက်ကြတယ်။

အဲဒီလို လျှောက်တဲ့ မှူးမတ်တွေကို နရသူရက ဒီလို ဆင်ခြေပေးတယ်။ “ရဟန်းသံဃာက အင်အားတောင့်တယ်။ သူတို့ ပုန်ကန်ရင် ခုခံရ ခက်လိမ့်မယ်။

နောက်ပြီး ရဟန်းတွေဆိုတာ ငါတို့ သက်မှတ်တဲ့ ဓမ္မသတ်အတိုင်း မနေကြဘူး။ သူတို့ရဲ့ ဝိနည်းဆိုတာနဲ့ပဲ နေတယ်။ သူတို့ဖာသာသူတို့ သီးခြားအုပ်ချုပ်ပြီး နေကြတာ။ ငါတို့ရဲ့ ဥပဒေအောက်မှာ မရှိဘူး။

ငါတို့ရဲ့ ဥပဒေကိုလည်း မနာခံဘူး။ ဒီထက် ရဟန်းသံဃာဆိုတာ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေကို ထိုင်စားနေတဲ့ သူတွေ။ သူတို့တွေများရင် နိုင်ငံတော်အတွက် ဝန်ပိလိမ့်မယ်” ဆိုပြီး ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ပဲ အဓိကထား စည်းရုံးတော့တယ်။

သိဒ္ဓိကာဆိုတဲ့ မင်းတိုင်ပင် ပညာရှိအမတ်ကြီးက ဒီလို အကြံပေးသတဲ့။ “သာသနာကို တိုက်ရိုက်ဖျက်ရင် ရဟန်းတွေက မပုန်ကန်မီ ပြည်သူလူထုက

စပြီး ပုန်ကန်ပါလိမ့်မယ်ဘုရား။ ဒါကြောင့် ပြည်သူလူထုလည်း စိတ်မဆိုးရလေအောင်၊ အရှင်မင်းကြီးရဲ့ အကြံတော်လည်း အောင်ရလေအောင် ရဟန်းများကို တစတစ လူထွက်အောင် ကြံမှတော်ပါမည်ဘုရား။

ရဟန်းတွေဆိုတာလည်း အာသဝေါ ကုန်ခန်းသေးတာမှ မဟုတ်ကြသေးဘဲဘုရား။ ကိလေသာအညှီ ရှိနေသေးတာမို့ အာရုံခြောက်ပါးနဲ့ မြှားပြီး ဖျက်ဆီးရရင် ပျက်စီးမှာ အမှန် ဖြစ်ကြောင်းပါဘုရား။” လို့ သံတော်ဦးတင်တယ်။

ဒါဆို ဘယ်လိုလုပ်ရမလဲလို့ အမတ်မင်းကို မေးတော့ “တိုင်းပြည်မှာရှိတဲ့ မိန်းမတွေကို အရင်လို လုံလုံခြုံခြုံ မဝတ်စေဘဲ အင်္ကျီကိုလည်းရှေ့ ခွဲ၊

ထမီကိုလည်းရှေ့ ခွဲ မလုံမခြုံ ဝတ်စေပြီး ကျောင်းဝင်းတွေထဲမှာ ပျော်ပွဲရွှင်ပွဲ မပြတ်အောင် ကျင်းပပေးပါဘုရား။ ဒါမျိုးသာ နေ့ညမပြတ် ပွဲလမ်းလုပ်ပေးရင် ရဟန်းတွေ လူထွက်ကုန်မှာပါဘုရား။

ဒီလိုသာ လူထွက်ကုန်ရင် ရဟန်းအရေအတွက် နည်းသွားမှာမို့ အရှင်မင်းကြီးအား ဘယ်ရဟန်းကမှ ရန်မစောင်ဝံ့တော့ပါဘုရား” တဲ့။

အမတ်မင်းရဲ့ အကြံကောင်း ဉာဏ်ကောင်းအတိုင်း မင်းညစ်ပီပီ လုပ်လိုက်တာ ထွက်တော့ ထွက်ပါရဲ့ ။ သူထင်သလောက်

အများကြီး လူမထွက်တော့ ဘယ်သူနဲ့မှ တိုင်ပင်မနေတော့ဘဲ သူ့သဘောနဲ့သူ အမိန့်တစ်ခု ထုတ်ပြန်ပါတော့တယ်။

လူထွက်မလား၊ အသေခံမလားပေါ့။ ရဟန်းတွေ တွေ့ရင်ဖမ်း၊ ဖမ်းပြီးရင် အတင်းအဓမ္မ လူထွက်ခိုင်းတော့တယ်။ ဘယ်လိုမှ ပြောမရရင် လည်ပင်းကို ဓားမိုးပြီး လူထွက်ခိုင်းတယ်။ တချို့ ရဟန်းများကလည်း အသေသာခံသွားတယ်။ လူမထွက်ကြဘူး။

တချို့ကြတော့ အဖမ်းမခံရအောင် ထွက်ပြေးကြတော့တယ်။ တောထဲ၊ တောင်ထဲကို ပြေးပုန်းတဲ့သူက ပြေးပုန်း။ တချို့ဆိုလည်း သီဟိုဠ်ဘက်ကို ပြေးကြရတယ်။

ဒီလိုနဲ့ ပုဂံမှာ ရဟန်းသံဃာ ပျောက်ခြင်းမလှ ပျောက်သွားရတယ်။ နရသူရဟာ သူရဲ့ ထိုင်ခုံကို ရဟန်းသံဃာထုက လာလှုပ်နေတယ်လို့

အထင်ရောက်တာနဲ့ ရဟန်းသံဃာကို ခေါင်းဖြတ်သတ်ရဲတဲ့ မြန်မာ့ရာဇဝင်က ပထမဆုံး မင်းတစ်ပါးပဲ ပြောရမယ်။

ဒါတောင် သူဟာ ဗုဒ္ဓဘာသာ မိဘ၊ ဗုဒ္ဓဘာသာ အသိုင်းအဝန်းမှာ ကြီးပြင်းလာတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ပါပဲ။ ဗုဒ္ဓဘာသာ ဟုတ်မဟုတ် ဆိုတာထက် အာဏာရူးလာတော့လည်း ရန်သူမှန်သမျှ အကုန် ရှင်းတော့တာကိုး။

ရဟန်းသံဃာတွေကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်ရဲရင် သာမာန် ပြည်သူတွေဆို ဘယ်လောက် ခါးစည်းခံရမလဲ။ နရသူရဟာ

ကိုယ့်အာဏာ တည်တံ့ရေးအတွက် ခြိမ်းခြောက်လာတဲ့သူ ဘယ်သူ့ကိုမဆို (ရဟန်းသံဃာတောင် မချန်) အပြတ်ရှင်းခဲ့ပါတယ်။

ဒီအတွက် ပြည်သူက ဘုရင်ကို အလွန်မုန်းကြတယ်။ နရသူကလည်း သူ့ကိုမုန်းမှန်း သိတဲ့အတွက် ပိုမိုရက်စက်စွာ အုပ်ချုပ်ပါတယ်။ အမြင်မကြည်သူ မှန်သမျှကိုလည်း သတ်ဖြတ်ပစ်ပါတယ်။

ဒီအတွက် ဒီမင်းလက်ထက်မှာ သာသနာ ဆုတ်ယုတ်တဲ့ အပြင် တိုင်းပြည်ကလည်း အလွန်ဆင်းရဲခဲ့တယ်လို့ သမိုင်းဆရာတွေက ဆိုပါတယ်။

အကုသိုလ် ဒုစရိုက်မှုတွေ မတရားကျူးလွန်ထားတဲ့ နရသူဟာ ဘိုးတော်၊ ဘေးတော်တို့ အစဉ်အဆက်အတိုင်း ကောင်းမှုတော် စေတီပုထိုး

တစ်ဆူတည်ဖို့ အကြံရတဲ့အတွက် မှူးမတ်များနဲ့ ပန်းရံဆရာများကို ခခေါ်ကာ ဓမ္မရံကြီးဘုရားကို တည်စေပါတယ်။

တည်ရာမှာ အခြားဘုရင်များထက် ပိုမိုသာအောင်၊ အကြီးမားဆုံးဖြစ်အောင် တည်လိုတဲ့အတွက် ကိုယ်တိုင် အစေ့စပ်ဆုံး စစ်ဆေးတော်မူပါတယ်။ ပန်းရံဆရာများ ဆောက်ပြီးသမျှကို အပ်တစ်ချောင်းနဲ့ အုတ်ကြားမှာထိုးပြီး အပ်ထိုးလို့ဝင်ရင် ထိုပန်းရံဆရာကို ထိုနေရာမှာတင် ကွပ်မျက်ပါတယ်။

ဒီအတွက် ပန်းရံဆရာများမှာ ပိုပြီး ပင်ပန်းကြတဲ့အပြင် လူအင်အားကလည်း တစ်စတစ်စ နည်းပါးလာတဲ့အတွက် ဘုရားကြီးမှာ မပြီးဆုံးခဲ့ပါ။

ထိုအခါ ပညာရှိ အမတ်တစ်ယောက်ဟာ မင်းကြီးကို ပညာပေးချင်တဲ့အတွက် ဆောက်ခွင့်တောင်းပါတယ်။ ထိုအမတ်က ဘုရင့်အလိုကျ

အပ်တစ်ချောင်းပင် ထိုးလို့မရအောင် ဆောက်လုပ်ပေးပါတယ်။ သို့သော်လည်း ဘုရင်မော့ကြည့်၍ မရသော၊ စစ်ဆေးလို့ မရသော နေရာမှန်သမျှအပ်တစ်ချောင်း ထိုးလို့ရအောင် တည်ဆောက်ခဲ့ပါတယ် … ။

တည်ဆောက်လို့ပြီးတဲ့အခါ ထိုအမတ်ဟာ နေပြည်တော်မှ ထွက်ပြေးသွားပါတယ်။ ဒီအကြောင်း မင်းကြီးသိတော့ ဒေါသအလွန်ထွက်ပြီး..

ဘုရားကို ထီးတော်မတင်ပဲ ထိုအမတ်ကို လူလွှတ်ကာ ရှာခိုင်းခဲ့ပါတယ်။ ရှာလို့ မတွေ့တဲ့အတွက် ဒေါသ ပိုကြီးလာခဲ့ပါတယ်။

နရသူမှာ ကုလားပြည်က ဆက်သလာတဲ့ ကုလားမင်းသမီး တယောက် ရှိပါတယ်။ နရသူ ရေအိမ်ဝင်ရာမှာ သန့်ရှင်းဖို့ ရေမယူတာကို တွေ့လို့ ကုလားမင်းသမီးက ရွံပြီး ဘုရင့်ကို အနားကပ်မခံတော့ပါဘူး။

တကယ်တော့ ဘုရင်တိုင်းမှာ သူငယ်တော်ဆိုတာ ရှိပါတယ် ။ သူငယ်တော်တွေရဲ့တာဝန်က ဘုရင်ရေအိမ်က ထွက်ရင် သန့်စင်ပေးရတာပါ။ ဒါကို မင်းကြီးသိတော့ သူ့ကို ရွံရမလားဆိုပြီး သန်လျှက်နဲ့ နေရာမှာတင် ခုတ်သတ်လိုက်ပါတယ်။

ဒီအကြောင်းကို ကုလားမင်းသမီးရဲ့ ဖခမည်းတော် သိသွားတော့ ကုလားသူရဲကောင်း ရှစ်ယောက်ကို ရွေးပြီး “အမောင်တို့ နရသူမင်းထံသို့

သွားကာလုပ်ကြံစေ၊ သင်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတ်သေကြစေ ၊ သင်တို့သားမယားများ တစ်သက် စားမကုန်သော ရွှေ၊ ငွေ ကို ငါပေးတော်မူမည်” လို့ မိန့်တဲ့အခါ ကုလားသူရဲကောင်းများကလဲ သတ်မယ်လို့ ဝန်ခံပြီး ပုဂံနေပြည်တော်ကို ချဉ်းကပ်ပါတယ်။

နေပြည်တော် ဝန်ခံပြီး မင်းကြီးကို ဘိသိက်မြှောက်ပေးမယ်လို့ အယုံသွင်းပြီး၊ ယုံသည့်အတွက် မင်္ဂလာခံယူနေစဉ် အသင့်ပါလာတဲ့ ဓားငယ်တွေနဲ့ နရသူကို ထိုးသတ်ပြီး သူတို့ကိုယ်တိုင်လဲ ကိုယ့်ကိုယ်ကို ပြန်သတ်သေကြပါတယ်။

နရသူမင်း ဓားနဲ့ အထိုးခံရကြောင်း မှူးမတ်တို့သိသော်လဲ ရက်စက်ကြမ်းကြုတ်တဲ့မင်းကို ရွံရှာကြလို့ ဆေးမကုဘဲ ထားတဲ့အခါ နရသူမင်း နတ်ရွာစံပါတော့တယ်။ ကုလားများသတ်လို့ သေသည့်အတွက် ကုလားကျမင်းလို့ နာမည်တွင်ခဲ့ပါတယ်။

မြန်မာရာဇဝင်မှာ ဖခင်နဲ့ အကိုကိုသတ်ပြီး နန်းလုရုံတင်မက လူကိုယ်တိုင်ကလဲ တကိုယ်ရည် သန့်ရှင်းမှုမရှိ ညစ်ပတ်တော့ နောက်ဆုံး ဒါနဲ့ပဲ သေရတာပါ။ ဒီမင်းလောက် စိတ်ရောကိုယ်ပါ ညစ်ပတ်တဲ့ဘုရင် မရှိတော့ဘူးလို့ ထင်ပါတယ်ဗျာ။

(အောက်မှာ ဖော်ပြထားတဲ့ ပုံဟာ နရသူမင်း တည်ခဲ့တဲ့ ဓမ္မရံကြီးဘုရားပုံပါ။)

ကိုးကား – အားလုံးကို လေးစားစွာဖြင့်#Crd