မမတွေ လက်တွဲဖော်အဖြစ် မရွေးချယ်သင့်တဲ့ မောင်လေး ပုံစံ (၅) မျိုး
ချစ်သူအဖြစ် ရေရှည်တည်တံ့စွာ လက်တွဲနေနိုင်ဖို့ဆိုတာ အချစ်ဆိုတဲ့ ခံစားချက်လေး သက်သက် ရှိရုံနဲ့ မလုံလောက်ပါဘူး။ အသက်က အရေးမကြီးပေမယ့်လည်း အချစ်မှာ အရေးကြီးတဲ့အရာတွေ ရှိနေပါတယ်။ အချစ်ရေးမှာ မောင်လေးတွေကိုမှ ကြွေတတ်တဲ့ မမတွေအတွက် သတိထားစရာ လူမျိုးတွေ ရှိနေပါတယ်။ မောင်လေးတွေကို သဘောကျရင်တောင်မှ မရွေးချယ်သင့်တဲ့ မောင်လေးတွေ အခုလိုပဲ ရှိနေပါတယ်နော်။
(၁) ကလေးဆန်လွန်းသူ
ကလေးဆန်တယ်ဆိုတာ မိန်းကလေးတွေက ပိုပြီး အဆင်ပြေပါတယ်။ မိန်းကလေးတွေရဲ့ ကလေးဆန်မှုက အမူအရာနဲ့ တစ်ချို့အရာတွေလောက် ဖြစ်ပြီး မိန်းကလေးအများစုက အရေးကြီးတဲ့အရာတွေမှာ တွေးတတ်ကြပါတယ်။ ကလေးဆန်တဲ့ မောင်လေးတွေကတော့ မမကို ဆိုးနွဲ့ဖို့ ပူဆာဖို့လောက်ပဲ တွေးနေတတ်သလို တိုင်ပင်တဲ့အခါမှာလည်း ရှောင်ထွက်တတ်ကြပါတယ်။ ဒီတော့ ဘဝအတွက် အမြဲ ကလေးထိန်းရတာမျိုးက အဆင်ပြေစေမှာ မဟုတ်ပါဘူးနော်။
(၂) ပညာမတတ်သူ
ကိုယ့်လောက်မှ မတော်တဲ့သူ ချစ်သူ ရည်းစား ဖြစ်ရင်လည်း အိမ်ထောင်ရေးနဲ့ အချစ်ရေးမှာ အဆင်မပြေ ဖြစ်တတ်ပါသေးတယ်။ အတွေးတူ ဉာဏ်ရည်တူတဲ့ ချစ်သူတွေက ပြဿနာ ဖြစ်တာ နည်းသလို အပြန်အလှန် နားလည်မှုလည်း ပေးတတ်ပါတယ်။ ကိုယ့်လောက်မှ ပညာမတတ်တဲ့ မောင်လေးတွေကို ရွေးလိုက်ရင်တော့ အလုပ်ကိစ္စနဲ့ သွားစရာ ရှိရင်တောင် သဝန်တိုတာ ခံနေရမယ့် အပြင် နားလည်အောင် ပြောမရ ညှိနှိုင်းမရပါ ဖြစ်တတ်ပါတယ်။
(၃) ရည်မှန်းချက် မရှိသူ
အရာရာ မမသဘောဆိုတာ ချစ်သူ ရည်းစား အနေနဲ့ ကောင်းပေမယ့် သူဝတ်မယ့် အဝတ်အစား အလုပ်က အစ ကိုယ်ကပဲ စီစဉ်ပေးပြီး လိုက်ပြီး အမေလို ပြုစုရင်တောင်မှ ဟိုဟာ မလုပ်ချင်ဘူး ဒီဟာ မလုပ်ချင်ဘူး၊ လုပ်ချင်တာ ဘာလဲမေးရင် မသိဘူးဆိုတဲ့ မောင်လေးမျိုးကိုလည်း မရွေးချယ်မိဖို့ လိုပါတယ်။ မဟုတ်ရင်တော့ သင်က သင့်မိဘထက်တောင် ပိုပြီး ဂရုစိုက်ပေးရမယ့် လူ တစ်ယောက်တိုးလာရုံပဲ အဖက်တင်မှာပါ။
(၄) အပျော်အပါးမက်လွန်းသူ
လူငယ်ပီပီ ပျော်ပါးတာတွေက ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ထက်တောင် ပုံမှန် လူငယ်တွေထက်တောင် ပျော်ပွဲရွှင်ပွဲတွေကို နှစ်သက်တဲ့ မောင်လေးတွေလည်း ရှိပါသေးတယ်။ ဒီလို မောင်လေးမျိုးကတော့ သူတို့လို ဟေးလားဝါးလားနေတဲ့ ကောင်မလေးမျိုးတွေနဲ့သာ နီးစပ်သွားတတ်တာမို့ အသည်းမကွဲရအောင် ရှောင်သင့်ပါတယ်နော်။
(၅) ဆိုးသွမ်းသူ
မမ မှ မချစ်ရင် ဆိုတဲ့ ခပ်ဆိုးဆိုး မောင်လေးတွေကို မမတွေက ရင်ခုန်တတ်ပါတယ်။ လူငယ်ဘဝအချစ်ခရီးမှာ ရင်ခုန်စရာ ချစ်သူ ရည်းစားဖြစ်နိုင်ပေမယ့် ရေရှည်တော့ ဒီလို မောင်လေးတွေက အဆင်မပြေပါဘူး။ ကိုယ့်ကို အနိုင်လည်း ယူတတ်ပြီး အမိန့်ပေးတတ်သလို အလွန်အကျွံ ခြိမ်းခြောက်မှုတွေ ပြုလုပ်တတ်လို့ ကိုယ့်ရဲ့ တစ်ကိုယ်ရည် လွတ်လပ်မှုတွေ ပျောက်ဆုံးသွားမှာပါ။
Kham