ဆန်ဆေးရေနဲ့ ခေါင်းလျှော်ဖြစ်အောင် လျှော်ကြည့်ပါ
ဆန်ဆေးရေနဲ့ ခေါင်းလျှော်ကြမယ်
ဆန်ဆေးရေ ဆိုတာဟာ ကျွန်တော်တို့ နေ့စဉ်စားတဲ့ဆန်ကို ထမင်းအဖြစ်မချက်ခင်မှာ ရေနဲ့ ဆန်ကို ဆေးရာကနေ ရတဲ့ ရေပါ။ကျွန်တော်တို့ အတော်များများကတော့ ဆန်ဆေးရေကို သွန်ပစ်ကြလေ့ရှိပါတယ်။
သို့သော် ရှေးယခင်ကတည်းက ဆန်ဆေးရေရဲ့ အကျိုးအာနိသင်ကိုသိပြီး ဆန်ဆေးရေကို အလှအပအတွက်သုံးခဲ့တဲ့ လူတွေလည်းရှိပါတယ်။
သုတေသနပညာရှင်များရဲ့ အဆိုအရ ဂျပန်နိုင်ငံရဲ့ H e i a n ခေတ် (794 AD – 1185) မှာ ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်ဟာ ခေါင်းကနေ ခြေဖျားထိရှိပြီး ဆံသားကလည်းကောင်းတယ်လို့ ဆိုပါတယ်။
အဲ့လိုဆံပင်ရှည်ပြီး ဆံသားကောင်းဖို့ကို ဆန်ဆေးရည်နဲ့ ခေါင်းလျှော်ခဲ့ကြတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။အဲ့ခေတ်ကာလက တော်တော်ကြာခဲ့ပြီဆိုတော့ တချို့တွေအနေနဲ့ ယုံချင်မှ ယုံပါလိမ့်မယ်။
ဒါပေမယ့် အဲ့ခေတ်က ဂျပန်အမျိုးသမီးတွေရဲ့ ဆံပင်အရှည်လိုမျိုး အခုခေတ် တရုတ်နိုင်ငံ H u a n g l u o ရွာက Yao လူမျိုးစုတွေမှာ တွေ့နိုင်ပါတယ်။ အဲ့လူမျိုးစုတွေရဲ့ ဆံပင်အရှည်က ခြောက်ပေနီးပါးရှိလို့ ဂရင်းနစ် မှတ်တမ်းစာအုပ်မှာ တောင်ဖော်ပြခြင်း ခံရပါတယ်။
ဆံပင်ရှည်တာအပြင် အသက် ၈၀ ကျော်သည်အထိလည်း ဆံပင်ဖြူတာ မရှိကြပါဘူး။ဒီလို ဆံသားတွေ ရှည်လျားသန်စွမ်းနက်မှောင်ရတဲ့ အကြောင်းရင်းကို မေးမြန်းကြည့်တဲ့အခါမှာ သူတို့ခေါင်းလျှော်တဲ့အခါ ဆန်ဆေးရည်သုံးပြီး ခေါင်းလျှော်တဲ့အတွက် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။
ခုနောက်ပိုင်း လေ့လာချက်တွေအရလည်း ဆန်ဆေးရေထဲမှာ အလှအပအတွက်နဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တဲ့ ဓါတ်တွေများစွာပါကြောင်း တွေ့ရပါတယ်။ဆန်ဆေးရေမှာပါတဲ့ အင်နိုစီတော (Inositol) ဓါတ်ဟာ ဆံပင်ကျွတ်ခြင်းကို ကင်းဝေးစေပြီး ဆံပင်ကို သန်စွမ်းစေပါတယ်။ အမိုင်နိုအက်စစ်ဓါတ်ကလည်း ဦးရေပြားနဲ့ ဆံသားကိုအားဖြည့်ပေးကာ ဆံသားကို ထူထဲစေပါတယ်။
ဒါတွေအပြင် ဆန်ဆေးရေထဲမှာ ဗီတာမင်ဘီ၊ ဗီတာမင်အီး၊ သံဓါတ်၊ မဂ္ဂနီဆီယန်၊ ဆီလီနီယန်၊ ဖောစဖောရပ် စတဲ့ သတ္ထုဓါတ်များစွာနဲ့ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေများစွာလည်း ပါဝင်ပါတယ်။ဒီလိုဓါတ်တွေများစွာပါတဲ့အတွက် ဆန်ဆေးရေဟာ ဆံပင်ကျန်းမာရေးအတွက်သာမက အသားအရေအတွက်လည်း အထောက်အကူပြုပါတယ်။
အရေပြားမှာ ရောင်ရမ်းပြီး အနီစက်တွေထွက်ပါက ဆန်ဆေးရေကို သုတ်လိမ်းခြင်းဖြင့် သော်လည်းကောင်း ဖြစ်တဲ့အရေပြားနေရာပေါ်ကို ဆန်ဆေးရေထဲစိမ်ထားတဲ့ အဝတ်သန့် ဂွမ်းလေးကို တင်အုပ်ထားပေးခြင်းဖြင့်သော်လည်းကောင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဆန်ဆေးရေဟာ အသားအရေအစိုဓါတ်ကို ထိန်းပေးနိုင်ပြီး သူ့မှာ အန်တီအောက်ဆီးဒန့်ခေါ် ဓါတ်တိုးဆန့်ကျင့်ပစ္စည်းတွေ များစွာပါတဲ့အတွက် အသားအရေခြောက်သွေ့တာ အရေးအကြောင်းဖြစ်တာတွေအတွက် များစွာ အထောက်အကူပြုပါတယ်။
မျက်နှာ အဆီပြန်လွယ်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့လည်း ဆန်ဆေးရေနဲ့ မျက်နှာသစ်ပေးပါက မွှေးညှင်းပေါက်တွေကို ကျဉ်းမြှောင်းစေပြီး အဆီပြန်မှုကို လျှော့ချပေးတဲ့အတွက် ဝက်ခြံခဏခဏဖြစ်တာကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။
ပြုလုပ်နည်း
ဆန်ကို တစ်ရေ ၂ ရေလောက်ဆေးလိုက်ပါ။ ပြီးရင် ခွက်အကြီးတစ်လုံးထဲမှာထည့်ထားပြီး ရေ ၃ ခွက်လောက်ထည့်ပါ။ပြီးရင် ပလတ်စတစ်နဲ့ ဖုံးလိုက်ပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ စိမ်ထားပါ။
အဲဒီနောက် ရေဆစ်လိုက်ပြီး ပလတ်စတစ်နဲ့ထပ်ဖုံးလိုက်ကာ အခန်းထဲမှာ တစ်ရက် (သို့) တစ်ညထားပါ။နောက်တစ်နေ့မှာ အနံ့က ချဉ်စုတ်စုတ်ထွက်လာပါလိမ့်မယ်။
အဲဒီရေကို ဆူအောင်တည်ပြီး အအေးခံပြီးမှ ခေါင်းလျှော်နိုင်သလို ဒီအတိုင်းလည်း လျှော်လို့ရပါတယ်။ဇလုံးအကြီးတစ်ခုထဲကို လောင်းထည့်ပြီး ခေါင်းပေါ်မှာ လောင်းချပေးပါ။ ပြီးရင် ရေစင်စင်ဆေးချလိုက်ရုံပါပဲ။
ဒီလိုပုံမှန်လုပ်ပေးမယ်ဆိုရင် တလ နှစ်လလောက်အတွင်းမှာ သိသိသာသာထူးခြားလာမှာဖြစ်ပါတယ်
Dr သီတာနွယ် (အမရပူရ)