အာဏာသိမ်းတဲ့ မနက်အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်ရောက်စီးနင်းတဲ့ တပ်မတော် အရာရှိတချို့ သီးသန့်တရားရုံးကိုရောက်လာတဲ့အခိုက်အတန့်မှာ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ပေါ်လွင်ဖို့ အကြိတ်အနယ် အားထုတ်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆွဲထားတဲ့ မြနန်းဘုံသာလမ်း နေအိမ် တည်နေရာပြ မြေပုံနဲ့ ကိုအသုံးပြုပြီးတော့ပါ။
တရားခွင်မှာ ဒီလိုရင်ဆိုင်လျှောက်လဲခဲ့တဲ့ အကြောင်းကို ဘီဘီစီက စုံစမ်းသိရှိခဲ့ရပါတယ်။နိုင်ငံ့ခေါင်းဆောင်တွေကိုကာကွယ်ဖို့ သက်တော်စောင့်၊ လုံခြုံရေးအရာရှိတွေ အသုံးပြုတဲ့ ဆက်သွယ်ရေးပစ္စည်းတွေဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ထောင်သွင်းအကျဥ်းချနိုင်တဲ့ သက်သေခံပစ္စည်းတွေဖြစ်နေပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က မြနန်းဘုံသာလမ်း နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ လုံခြုံရေးအဖွဲ့ထံက စကားပြောစက် ၁၀ လုံးနဲ့ Jammer စက်ကို ဖမ်းမိခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရဲမှူးကြည်လင်း တရားလိုလုပ်စွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့နဲ့ တရားစွဲထားတာပါ။
‘ ကျွန်မ ဒီပစ္စည်းတွေကို တစ်ခါမှမသုံးဖူးဘူး။ ကျွန်မအိမ်ပေါ်ကလည်း မိတာမဟုတ်ဘူး။ ‘ လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေတွေကိုပြောပါတယ်။

မြနန်းဘုံသာလမ်းကို မြေပုံဆွဲခြင်း
တစ်ဖက်ပိတ်လမ်းဖြစ်ပြီး လမ်းအဆုံးမှာ လျှိုမြောင်တွေရှိတဲ့ မြနန်းဘုံသာလမ်းဟာ ကမ္ဘာက အာရုံစိုက်တဲ့နေရာတစ်ခုဖြစ်လာပြီး သမ္မတအိမ်တော်နဲ့ လွှတ်တော်တော်တွေအနီးမှာတည်ရှိပါတယ်။ဇေယျသိဒ္ဓိရပ်ကွက်ထဲက မြနန်းဘုံသာလမ်း၊ အမှတ်(A-၃၃) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဖြစ်ပါတယ်။
အာဏာသိမ်းတဲ့မနက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က ဗိုလ်မှူး လင်းထွဋ်ဦး ဦးစီးတဲ့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အနီးကပ်လုံခြုံရေး အဖွဲ့ဆီက Icom စကားပြောစက်(၆)လုံး၊ဂိတ်ကင်းက Icom စကားပြောစက် (၃)လုံး၊ ကိုယ်ရေးအရာရှိအဆောင်က Icom စကားပြောစက်(၁)လုံး နဲ့ Jammer (၁)စုံတို့ကို တွေ့လို့ အမှု နှစ်မှုတပ် တရားစွဲထားတာ ဖြစ်ပါတယ်။
ဒီဆက်သွယ်ရေးပစ္စည်းတွေဟာ သူ့နေအိမ်ထဲကနေ သိမ်းဆည်းရမိတာမဟုတ်တဲ့အကြောင်း ရုံးတော်မှာ ရှေ့နေတွေလျှောက်လဲချက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဟာ မြေပုံတစ်ခု ရေးဆွဲခဲ့တယ်လို့ သူ့ရှေ့နေတွေက တစ်ဆင့်သိရပါတယ်။အဲ့ဒီမြေပုံထဲ ဂိတ်ကင်း၊ ကိုယ်ရေးအရာရှိအဆောင်တွေ နဲ့ သူ့အိမ် အကွာအဝေးကစလို့ အိမ်နီးချင်း ဝန်ကြီးနေအိမ်တွေကအစပါတယ်လို့လည်း သူတို့ကပြောပါတယ်။
အဲ့ဒီမြေပုံကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်းပေါ်လွင်အောင် ရုံးတော်မှာ ရှင်းရှင်းလင်းလင်း လျှောက်လဲနိုင်အောင် ရှေ့နေအဖွဲ့ဟာ အချိန်တစ်ခုကိုစောင့်နေခဲ့ကြပါတယ်။
ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ငြိသလား
ဇူလိုင် ၅ ရက် မှာ အချိန်ကျပါတယ်။မြနန်းဘုံသာလမ်းထဲက ခြံနံပါတ် ( A – ၃၃)ကို ဖေဖော်ဝါရီ ၁ ရက် မနက်က ဝင်တဲ့ အဖွဲ့ထဲပါတဲ့ ဗိုလ်ကြီး မင်းထက်အောင် သီးသန့်တရားရုံးကို သက်သေအဖြစ်ရောက်လာခဲ့တယ်လို့သိရပါတယ်။
ဆက်သွယ်ရေးပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲက မိတာ မဟုတ်တဲ့အကြောင်း ပေါ်ပေါက်အောင် မြေပုံကို အသုံးပြုပြီး ရှေ့နေအဖွဲ့က မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီ ဆက်သွယ်ရေးပစ္စည်းတွေဟာ ဒေါ်အောင်ဆန်းစုကြည် သုံးစွဲတဲ့ ပစ္စည်းတွေမဟုတ်ကြောင်းကိုလည်း ပေါ်ပေါက်အောင် ရှေ့နေအဖွဲ့က တရားခွင်မှာ မေးခွန်းတွေမေးခဲ့ပါတယ်။
‘ဗိုလ်ကြီး ဒါက ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကလူတွေ သုံးတဲ့ပစ္စည်းတွေဟုတ်ပါသလား’ လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးကြည်ဝင်းကမေးတဲ့အခါ ဗိုလ်ကြီးက ဟုတ်မှန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ဆိုပါတယ်။
ဇူလိုင် ၅ ရက် ရုံးချိန်းမှာ ဇေယျသိဒ္ဓိရပ်ကွက် လူကြီး နှစ်ဦးလည်း သက်သေအဖြစ်လာထွက်ဆိုပါတယ်။စကားပြောစက်တွေနဲ့ Jammer (၁)စုံတို့ကို တပ်က ရဲလက်အပ်တဲ့အခါ သက်သေအဖြစ် ရှိခဲ့သူတွေဖြစ်ပါတယ်။သူတို့ကိုလည်း ဒီစကားပြောစက်တွေဟာ ဘယ်သူတွေသုံးတာတွေ့ဖူးလဲလို့ ရှေ့နေတွေက မေးတဲ့အခါ ရဲတွေနဲ့ ယာဥ်ထိန်းရဲတွေ သုံးတာတွေ့ဖူးပါတယ် လို့ထွက်ဆိုခဲ့ကြပါတယ်။
ဒါကြောင့် တိုင်းပြည်ခေါင်းဆောင်တစ်ယောက်ရဲ့ လုံခြုံရေးအဖွဲ့တွေဟာလည်း ဒီပစ္စည်းတွေသုံးမှာဖြစ်တဲ့အတွက် တရားစွဲရန်အကြောင်း မပေါ်ပေါက်ကြောင်းကို ပေါ်လွင်အောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက လျှောက်လဲခဲ့ကြတာဖြစ်ပါတယ်။
‘ ပို့ကုန်၊သွင်းကုန် ဥပဒေဆိုတာက သူဌေးတွေ၊ ကုန်သည်ပွဲစားတွေ ကို ရည်ရွယ်တာလေ။’ လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ပြောပါတယ်

အမှုတစ်မှု ပုဒ်မ နှစ်ခု
ဒီဆက်သွယ်ရေးပစ္စည်းတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းပြီးပြီးချင်း ပို့ကုန်၊သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ စွဲဆိုခဲ့တာပါ။ဒီဆက်သွယ်ရေးပစ္စည်းတွေကိုပဲအကြောင်းပြုပြီး မတ်လ ၁ ရက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ အမှုထပ်တပ်ပါတယ်။
အကြောင်းအရာကလည်းတစ်ခုတည်း နဲ့ လူတစ်ယောက်တည်းကို အမှု နှစ်မှုတပ်တာဟာ ၁၉၇၃ ခုနှစ်၊ စကားရပ်များ အနက်အဓိပ္ပါယ်ဖွင့်ဆိုရေးဥပဒေ အရ အငြင်းထွက်ရမယ့်ကိစ္စလို့ ရှေ့နေအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဆက်သွယ်ရေးအမှု နဲ့ပတ်သက်ပြီး ဇွန် ၂၈ ရက် ရုံးချိန်းမှာတော့ နှစ်ဖက် အချေအတင် ဖြစ်ခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေက ဆက်သွယ်ရေးဥပဒေပုဒ်မ နဲ့ တရားစွဲရန်အကြောင်း မပေါ်ပေါက်ဘူးဆိုတဲ့အကြောင်း တရားခွင်မှာ တရားလိုဘက်ကိုမေးမြန်းတဲ့အခါ တရားလိုဘက်က ဥပဒေအရာရှိက ဒီမေးခွန်းအပေါ် ကန့်ကွက်ခဲ့ပါတယ်။
တရားသူကြီးကလည်း မမေးသင့်ဘူးလို့ အမိန့်ချပါတယ်။ဒီကြားဖြတ်အမိန့်အပေါ် ဒက္ခိဏ ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့က ပြင်ဆင်နေပါပြီ။ဒါဟာ ပုဒ်မ ၅၀၅ (ခ) အမှုအတွက်ကြားဖြတ်အမိန့်ကို ခရိုင်တရားရုံးကို ပြင်ဆင်မှုတက်ပြီးတဲ့နောက် ဒုတိယမြောက် ပြင်ဆင်မှုတက်တဲ့အမှုလည်း ဖြစ်ပါတယ်။
အမှုကိုလည်း ဒက္ခိဏခရိုင်တရားရုံးက ဇူလိုင် ၅ ရက်မှာ အကျဥ်းနည်းနဲ့ စစ်ဆေးပြီး ပယ်ချလိုက်ပါတယ်။ခရိုင်တရားရုံးက ကျယ်ကျယ်ပြန့်ပြန့်မစစ်ဘဲ အကျဥ်းနည်းနဲ့ ပယ်ချလိုက်လို့ စွပ်စွဲခံရသူတွေဘက်က နစ်နာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ကပြောပါတယ်။ဒါကြောင့် ရှေ့နေအဖွဲ့က နောက်တစ်ဆင့်မြင့်တဲ့မန္တလေးတိုင်းတရားလွှတ်တော်ကို ပြင်ဆင်မှုထပ်တက်မှာပါ။
ကြားဖြတ်အမိန့်ကို အထက်တရားရုံးကို ပြင်ဆင်မှုတက်ထားလို့ တရားလိုကိုဆက်မစစ်ဘဲ ရုံးချိန်းပေးဖို့ ရှေ့နေအဖွဲ့က ဇူလိုင် ၆ ရက်မှာ လျှောက်ထားတာကို သီးသန့်တရားရုံးက ခွင့်မပြုခဲ့ပါဘူး။’အထက်တရားရုံးက စွပ်စွဲခံရသူတင်တဲ့ပြင်ဆင်မှုကို လက်ခံရင် အခုစစ်တာက အဟောသိကံ ဖြစ်သွားမှာလေ’ လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။
ရုံးတော်က တရားလိုကို ဆက်စစ်တဲ့အခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့ ဇွန်လကမှ နေပြည်တော်ကောင်စီကိုပေးပို့ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စာရင်းကို တရားလိုဘက်က သက်သေအဖြစ်ထပ်တင်ပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အမှုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကထုတ်ပြန်တဲ့ စာနှစ်စောင်ကိုအကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ အပေါ် စွဲဆိုတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်တွေက နိုင်ငံတကာသံရုံးတွေ၊ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့တဲ့စာကို လူမှုကွန်ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့နဲ့ သမ္မတ ဦးဝင်းမြင့်သာ တရားဝင်သမ္မတဖြစ်ကြောင်း ပါဝင်ပါတယ်။တရားလိုဘက်ကအဲ့ဒီထုတ်ပြန်ချက်ကို တရားရုံးတင်သွင်းခဲ့ပြီး အမှုအတွက် သက်သေခံ (က) အဖြစ်တရားရုံးက လက်ခံခဲ့ပါတယ်။
ဒါ့အပြင် NLDပါတီက ထုတ်ပြန်တဲ့ ကြေညာချက် ၆/၂၀၂၁ နဲ့ပတ်သက်ပြီးလည်း သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲမှု အတွက် သက်သေခံ (ခ )အဖြစ် တရားရုံးက လက်ခံခဲ့ပါတယ်။ဒီထုတ်ပြန်ချက် နှစ်စောင် သက်သေတင်သွင်းတာကို ရုံးတော်ကခွင့်ပြုတဲ့ ကြားဖြတ်အမိန့်ကိုပဲ ရှေ့နေတွေက အထက်တရားရုံးကိုပြင်ဆင်မှုတက်တာပဲဖြစ်ပါတယ်။
ရှေ့နေတွေဘက်က အဲ့ဒီထုတ်ပြန်ချက် နှစ်စောင်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လို့ ပဲရေးထားပြီး လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ အချက်အပါအဝင် သက်သေခံဥပဒေနဲ့ အညီ တင်သွင်းတဲ့ စာရွက်စာတမ်း မဟုတ်ဘူးဆိုတဲ့ အချက်အလက်တွေနဲ့ ကန့်ကွက်ခဲ့တာပါ။
ကန့်ကွက်မှုဟာ မအောင်မြင်ခဲ့ဘဲ ဇူလိုင် ၆ ရက်ရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ဦးစိုးစိုးရွှေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်စာရင်းကို သက်သေအဖြစ် ထပ်တင်တာ ဖြစ်ပါတယ်။
ဒီလိုတင်သွင်းတာကို ဒါဟာ ရုံးတော်ကို ဦးတိုက်လျှောက်ထားစဥ်က တင်သွင်းတဲ့ သက်သေခံစာရင်းထဲ မပါလို့ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ထပ်ကန့်ကွက်ပြန်ပါတယ်။ဒီကန့်ကွက်မှုကိုလည်း ရုံးတော်ကထပ်ပယ်ချပြီး သက်သေခံအဖြစ်တင်သွင်းခွင့်ပြုခဲ့ပါတယ်။
မြန်မာ့တရားစီရင်ရေး အနီးမြင်
သီးသန့်တရားရုံးမှာစွဲထားတဲ့ အမှု ၅ မှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးရမယ့် အမှုတွေပြီးဆုံးဖို့ အချိန်နီးကပ်လာတာနဲ့အမျှ ခြံနံပါတ်(၁)တရားခွင်ဟာ ပိုမိုအကြိတ်အနယ်ဖြစ်လာပါတယ်။ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင်တို့ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကနေ လွှတ်တော်ထဲရောက်လာပြီး ဥပဒေပြုသမားတွေဖြစ်ခဲ့တာပါ။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ ဖြစ်ခဲ့ပြီး ဦးဝင်းမြင့်က အတွင်းရေးမှူးဖြစ်ခဲ့တာပါ။ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးပိုင်း အကြီးအကဲတာဝန်ယူခဲ့ကြသူတွေဟာ မြန်မာ့တရားစီရင်ရေးကိုနဖူးတွေ့ဒူးတွေ့ ကိုယ်တိုင်သိမြင်နေရတာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားခွင်မှာ စိတ်ဝင်တစားနဲ့အာရုံစိုက်နေတယ်လို့ ရှေ့နေတွေက ပြောပါတယ်။ရက်ပေါင်း (၁၈၀) အတွင်းအပြီးစစ်ရမယ့်အမှု ၅ မှုပြီးရင် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ အဂတိအမှုတွေနဲ့ ထပ်ရင်ဆိုင်ရဖို့ရှိနေတာပါ။’ဥပဒေနဲ့ညီမညီဆိုတာကို ပေါ်လွင်အောင်ဖော်ထုတ်ဖို့ အဓိကပြောပါတယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက မှာကြားချက်ကို သူ့ရှေ့နေက ပြောပြပါတယ်။
———————–
အာဏာသိမ္းတဲ့ မနက္အေစာပိုင္းက ေဒၚေအာင္ဆန္းစုၾကည္ အိမ္ကို ဝင္ေရာက္စီးနင္းတဲ့ တပ္မေတာ္ အရာရွိတခ်ိဳ႕ သီးသန႔္တရား႐ုံးကိုေရာက္လာတဲ့အခိုက္အတန႔္မွာ ေရွ႕ေနေတြက ေဒၚေအာင္ဆန္းစုၾကည္ အျပစ္မရွိေၾကာင္း ေပၚလြင္ဖို႔ အႀကိတ္အနယ္ အားထုတ္ခဲ့ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ဆြဲထားတဲ့ ျမနန္းဘုံသာလမ္း ေနအိမ္ တည္ေနရာျပ ေျမပုံနဲ႔ ကိုအသုံးျပဳၿပီးေတာ့ပါ။
တရားခြင္မွာ ဒီလိုရင္ဆိုင္ေလွ်ာက္လဲခဲ့တဲ့ အေၾကာင္းကို ဘီဘီစီက စုံစမ္းသိရွိခဲ့ရပါတယ္။ႏိုင္ငံ့ေခါင္းေဆာင္ေတြကိုကာကြယ္ဖို႔ သက္ေတာ္ေစာင့္၊ လုံၿခဳံေရးအရာရွိေတြ အသုံးျပဳတဲ့ ဆက္သြယ္ေရးပစၥည္းေတြဟာ ႏိုင္ငံ့ေခါင္းေဆာင္တစ္ဦးကို ေထာင္သြင္းအက်ဥ္းခ်ႏိုင္တဲ့ သက္ေသခံပစၥည္းေတြျဖစ္ေနပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္က ျမနန္းဘုံသာလမ္း ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာမွာ လုံၿခဳံေရးအဖြဲ႕ထံက စကားေျပာစက္ ၁၀ လုံးနဲ႔ Jammer စက္ကို ဖမ္းမိခဲ့တယ္ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ရဲမႉးၾကည္လင္း တရားလိုလုပ္စြဲဆိုထားတဲ့ ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၇ တို႔နဲ႔ တရားစြဲထားတာပါ။
‘ ကြၽန္မ ဒီပစၥည္းေတြကို တစ္ခါမွမသုံးဖူးဘူး။ ကြၽန္မအိမ္ေပၚကလည္း မိတာမဟုတ္ဘူး။ ‘ လို႔ ေဒၚေအာင္ဆန္းစုၾကည္က သူ႔ေရွ႕ေနေတြကိုေျပာပါတယ္။
ျမနန္းဘုံသာလမ္းကို ေျမပုံဆြဲျခင္း
တစ္ဖက္ပိတ္လမ္းျဖစ္ၿပီး လမ္းအဆုံးမွာ လွ်ိဳေျမာင္ေတြရွိတဲ့ ျမနန္းဘုံသာလမ္းဟာ ကမာၻက အာ႐ုံစိုက္တဲ့ေနရာတစ္ခုျဖစ္လာၿပီး သမၼတအိမ္ေတာ္နဲ႔ လႊတ္ေတာ္ေတာ္ေတြအနီးမွာတည္ရွိပါတယ္။ေဇယ်သိဒၶိရပ္ကြက္ထဲက ျမနန္းဘုံသာလမ္း၊ အမွတ္(A-၃၃) က ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္ျဖစ္ပါတယ္။
အာဏာသိမ္းတဲ့မနက္က ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း) က ဗိုလ္မႉး လင္းထြဋ္ဦး ဦးစီးတဲ့အဖြဲ႕ဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့တာျဖစ္ပါတယ္။
အနီးကပ္လုံၿခဳံေရး အဖြဲ႕ဆီက Icom စကားေျပာစက္(၆)လုံး၊ဂိတ္ကင္းက Icom စကားေျပာစက္ (၃)လုံး၊ ကိုယ္ေရးအရာရွိအေဆာင္က Icom စကားေျပာစက္(၁)လုံး နဲ႔ Jammer (၁)စုံတို႔ကို ေတြ႕လို႔ အမႈ ႏွစ္မႈတပ္ တရားစြဲထားတာ ျဖစ္ပါတယ္။
ဒီဆက္သြယ္ေရးပစၥည္းေတြဟာ သူ႔ေနအိမ္ထဲကေန သိမ္းဆည္းရမိတာမဟုတ္တဲ့အေၾကာင္း ႐ုံးေတာ္မွာ ေရွ႕ေနေတြေလွ်ာက္လဲခ်က္ေပးဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ဟာ ေျမပုံတစ္ခု ေရးဆြဲခဲ့တယ္လို႔ သူ႔ေရွ႕ေနေတြက တစ္ဆင့္သိရပါတယ္။အဲ့ဒီေျမပုံထဲ ဂိတ္ကင္း၊ ကိုယ္ေရးအရာရွိအေဆာင္ေတြ နဲ႔ သူ႔အိမ္ အကြာအေဝးကစလို႔ အိမ္နီးခ်င္း ဝန္ႀကီးေနအိမ္ေတြကအစပါတယ္လို႔လည္း သူတို႔ကေျပာပါတယ္။
အဲ့ဒီေျမပုံကို အသုံးျပဳၿပီး ေဒၚေအာင္ဆန္းစုၾကည္ အျပစ္မရွိေၾကာင္းေပၚလြင္ေအာင္ ႐ုံးေတာ္မွာ ရွင္းရွင္းလင္းလင္း ေလွ်ာက္လဲႏိုင္ေအာင္ ေရွ႕ေနအဖြဲ႕ဟာ အခ်ိန္တစ္ခုကိုေစာင့္ေနခဲ့ၾကပါတယ္။
ပို႔ကုန္သြင္းကုန္ပုဒ္မနဲ႔ ၿငိသလား
ဇူလိုင္ ၅ ရက္ မွာ အခ်ိန္က်ပါတယ္။ျမနန္းဘုံသာလမ္းထဲက ၿခံနံပါတ္ ( A – ၃၃)ကို ေဖေဖာ္ဝါရီ ၁ ရက္ မနက္က ဝင္တဲ့ အဖြဲ႕ထဲပါတဲ့ ဗိုလ္ႀကီး မင္းထက္ေအာင္ သီးသန႔္တရား႐ုံးကို သက္ေသအျဖစ္ေရာက္လာခဲ့တယ္လို႔သိရပါတယ္။
ဆက္သြယ္ေရးပစၥည္းေတြဟာ ေဒၚေအာင္ဆန္းစုၾကည္အိမ္ထဲက မိတာ မဟုတ္တဲ့အေၾကာင္း ေပၚေပါက္ေအာင္ ေျမပုံကို အသုံးျပဳၿပီး ေရွ႕ေနအဖြဲ႕က ေမးခြန္းေတြ ေမးျမန္းခဲ့တယ္လို႔ဆိုပါတယ္။
ဒါ့အျပင္ အဲ့ဒီ ဆက္သြယ္ေရးပစၥည္းေတြဟာ ေဒၚေအာင္ဆန္းစုၾကည္ သုံးစြဲတဲ့ ပစၥည္းေတြမဟုတ္ေၾကာင္းကိုလည္း ေပၚေပါက္ေအာင္ ေရွ႕ေနအဖြဲ႕က တရားခြင္မွာ ေမးခြန္းေတြေမးခဲ့ပါတယ္။
‘ဗိုလ္ႀကီး ဒါက ျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္ကလူေတြ သုံးတဲ့ပစၥည္းေတြဟုတ္ပါသလား’ လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးၾကည္ဝင္းကေမးတဲ့အခါ ဗိုလ္ႀကီးက ဟုတ္မွန္ေၾကာင္း ထြက္ဆိုခဲ့တယ္လို႔ဆိုပါတယ္။
ဇူလိုင္ ၅ ရက္ ႐ုံးခ်ိန္းမွာ ေဇယ်သိဒၶိရပ္ကြက္ လူႀကီး ႏွစ္ဦးလည္း သက္ေသအျဖစ္လာထြက္ဆိုပါတယ္။စကားေျပာစက္ေတြနဲ႔ Jammer (၁)စုံတို႔ကို တပ္က ရဲလက္အပ္တဲ့အခါ သက္ေသအျဖစ္ ရွိခဲ့သူေတြျဖစ္ပါတယ္။သူတို႔ကိုလည္း ဒီစကားေျပာစက္ေတြဟာ ဘယ္သူေတြသုံးတာေတြ႕ဖူးလဲလို႔ ေရွ႕ေနေတြက ေမးတဲ့အခါ ရဲေတြနဲ႔ ယာဥ္ထိန္းရဲေတြ သုံးတာေတြ႕ဖူးပါတယ္ လို႔ထြက္ဆိုခဲ့ၾကပါတယ္။
ဒါေၾကာင့္ တိုင္းျပည္ေခါင္းေဆာင္တစ္ေယာက္ရဲ႕ လုံၿခဳံေရးအဖြဲ႕ေတြဟာလည္း ဒီပစၥည္းေတြသုံးမွာျဖစ္တဲ့အတြက္ တရားစြဲရန္အေၾကာင္း မေပၚေပါက္ေၾကာင္းကို ေပၚလြင္ေအာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက ေလွ်ာက္လဲခဲ့ၾကတာျဖစ္ပါတယ္။
‘ ပို႔ကုန္၊သြင္းကုန္ ဥပေဒဆိုတာက သူေဌးေတြ၊ ကုန္သည္ပြဲစားေတြ ကို ရည္႐ြယ္တာေလ။’ လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနက ေျပာပါတယ္
အမႈတစ္မႈ ပုဒ္မ ႏွစ္ခု
ဒီဆက္သြယ္ေရးပစၥည္းေတြနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို အာဏာသိမ္းၿပီးၿပီးခ်င္း ပို႔ကုန္၊သြင္းကုန္ ဥပေဒ ပုဒ္မ ၈ နဲ႔ စြဲဆိုခဲ့တာပါ။ဒီဆက္သြယ္ေရးပစၥည္းေတြကိုပဲအေၾကာင္းျပဳၿပီး မတ္လ ၁ ရက္မွာ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ နဲ႔ အမႈထပ္တပ္ပါတယ္။
အေၾကာင္းအရာကလည္းတစ္ခုတည္း နဲ႔ လူတစ္ေယာက္တည္းကို အမႈ ႏွစ္မႈတပ္တာဟာ ၁၉၇၃ ခုႏွစ္၊ စကားရပ္မ်ား အနက္အဓိပၸါယ္ဖြင့္ဆိုေရးဥပေဒ အရ အျငင္းထြက္ရမယ့္ကိစၥလို႔ ေရွ႕ေနအသိုင္းအဝိုင္းက သုံးသပ္ပါတယ္။
ဆက္သြယ္ေရးအမႈ နဲ႔ပတ္သက္ၿပီး ဇြန္ ၂၈ ရက္ ႐ုံးခ်ိန္းမွာေတာ့ ႏွစ္ဖက္ အေခ်အတင္ ျဖစ္ခဲ့ပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနက ဆက္သြယ္ေရးဥပေဒပုဒ္မ နဲ႔ တရားစြဲရန္အေၾကာင္း မေပၚေပါက္ဘူးဆိုတဲ့အေၾကာင္း တရားခြင္မွာ တရားလိုဘက္ကိုေမးျမန္းတဲ့အခါ တရားလိုဘက္က ဥပေဒအရာရွိက ဒီေမးခြန္းအေပၚ ကန႔္ကြက္ခဲ့ပါတယ္။
တရားသူႀကီးကလည္း မေမးသင့္ဘူးလို႔ အမိန႔္ခ်ပါတယ္။ဒီၾကားျဖတ္အမိန႔္အေပၚ ဒကၡိဏ ခ႐ိုင္တရား႐ုံးကို ျပင္ဆင္မႈတက္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေရွ႕ေနအဖြဲ႕က ျပင္ဆင္ေနပါၿပီ။ဒါဟာ ပုဒ္မ ၅၀၅ (ခ) အမႈအတြက္ၾကားျဖတ္အမိန႔္ကို ခ႐ိုင္တရား႐ုံးကို ျပင္ဆင္မႈတက္ၿပီးတဲ့ေနာက္ ဒုတိယေျမာက္ ျပင္ဆင္မႈတက္တဲ့အမႈလည္း ျဖစ္ပါတယ္။
အမႈကိုလည္း ဒကၡိဏခ႐ိုင္တရား႐ုံးက ဇူလိုင္ ၅ ရက္မွာ အက်ဥ္းနည္းနဲ႔ စစ္ေဆးၿပီး ပယ္ခ်လိုက္ပါတယ္။ခ႐ိုင္တရား႐ုံးက က်ယ္က်ယ္ျပန႔္ျပန႔္မစစ္ဘဲ အက်ဥ္းနည္းနဲ႔ ပယ္ခ်လိုက္လို႔ စြပ္စြဲခံရသူေတြဘက္က နစ္နာတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနအဖြဲ႕ကေျပာပါတယ္။ဒါေၾကာင့္ ေရွ႕ေနအဖြဲ႕က ေနာက္တစ္ဆင့္ျမင့္တဲ့မႏၲေလးတိုင္းတရားလႊတ္ေတာ္ကို ျပင္ဆင္မႈထပ္တက္မွာပါ။
ၾကားျဖတ္အမိန႔္ကို အထက္တရား႐ုံးကို ျပင္ဆင္မႈတက္ထားလို႔ တရားလိုကိုဆက္မစစ္ဘဲ ႐ုံးခ်ိန္းေပးဖို႔ ေရွ႕ေနအဖြဲ႕က ဇူလိုင္ ၆ ရက္မွာ ေလွ်ာက္ထားတာကို သီးသန႔္တရား႐ုံးက ခြင့္မျပဳခဲ့ပါဘူး။’အထက္တရား႐ုံးက စြပ္စြဲခံရသူတင္တဲ့ျပင္ဆင္မႈကို လက္ခံရင္ အခုစစ္တာက အေဟာသိကံ ျဖစ္သြားမွာေလ’ လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေရွ႕ေနေဒၚမင္းမင္းစိုးက ေျပာပါတယ္။
႐ုံးေတာ္က တရားလိုကို ဆက္စစ္တဲ့အခါ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၿပီးခဲ့ ဇြန္လကမွ ေနျပည္ေတာ္ေကာင္စီကိုေပးပို႔ထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္စာရင္းကို တရားလိုဘက္က သက္ေသအျဖစ္ထပ္တင္ပါတယ္။
ရာဇသတ္ႀကီးပုဒ္မ ၅၀၅ (ခ)အမႈဟာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ကထုတ္ျပန္တဲ့ စာႏွစ္ေစာင္ကိုအေၾကာင္းျပဳၿပီး ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ အေပၚ စြဲဆိုတာလည္းျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ေဖေဖာ္ဝါရီ ၇ ရက္ေန႔မွာ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္ေတြက ႏိုင္ငံတကာသံ႐ုံးေတြ၊ ဥေရာပသမဂၢနဲ႔ ႏိုင္ငံတကာအဖြဲ႕အစည္းေတြထံ ေပးပို႔တဲ့စာကို လူမႈကြန္ရက္မွာထုတ္ျပန္ခဲ့ပါတယ္။
အဲ့ဒီထုတ္ျပန္ခ်က္ထဲ အာဏာသိမ္းစစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းမျပဳဖို႔နဲ႔ သမၼတ ဦးဝင္းျမင့္သာ တရားဝင္သမၼတျဖစ္ေၾကာင္း ပါဝင္ပါတယ္။တရားလိုဘက္ကအဲ့ဒီထုတ္ျပန္ခ်က္ကို တရား႐ုံးတင္သြင္းခဲ့ၿပီး အမႈအတြက္ သက္ေသခံ (က) အျဖစ္တရား႐ုံးက လက္ခံခဲ့ပါတယ္။
ဒါ့အျပင္ NLDပါတီက ထုတ္ျပန္တဲ့ ေၾကညာခ်က္ ၆/၂၀၂၁ နဲ႔ပတ္သက္ၿပီးလည္း သမၼတ၊ အတိုင္ပင္ခံနဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ကို ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးကိုထိခိုက္ေစတယ္ဆိုၿပီး ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲမႈ အတြက္ သက္ေသခံ (ခ )အျဖစ္ တရား႐ုံးက လက္ခံခဲ့ပါတယ္။ဒီထုတ္ျပန္ခ်က္ ႏွစ္ေစာင္ သက္ေသတင္သြင္းတာကို ႐ုံးေတာ္ကခြင့္ျပဳတဲ့ ၾကားျဖတ္အမိန႔္ကိုပဲ ေရွ႕ေနေတြက အထက္တရား႐ုံးကိုျပင္ဆင္မႈတက္တာပဲျဖစ္ပါတယ္။
ေရွ႕ေနေတြဘက္က အဲ့ဒီထုတ္ျပန္ခ်က္ ႏွစ္ေစာင္မွာ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕လို႔ ပဲေရးထားၿပီး လက္မွတ္ေရးထိုးထားျခင္းမရွိတဲ့ အခ်က္အပါအဝင္ သက္ေသခံဥပေဒနဲ႔ အညီ တင္သြင္းတဲ့ စာ႐ြက္စာတမ္း မဟုတ္ဘူးဆိုတဲ့ အခ်က္အလက္ေတြနဲ႔ ကန႔္ကြက္ခဲ့တာပါ။
ကန႔္ကြက္မႈဟာ မေအာင္ျမင္ခဲ့ဘဲ ဇူလိုင္ ၆ ရက္႐ုံးခ်ိန္းမွာ တရားလိုျဖစ္တဲ့ ဦးစိုးစိုးေ႐ႊက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္စာရင္းကို သက္ေသအျဖစ္ ထပ္တင္တာ ျဖစ္ပါတယ္။
ဒီလိုတင္သြင္းတာကို ဒါဟာ ႐ုံးေတာ္ကို ဦးတိုက္ေလွ်ာက္ထားစဥ္က တင္သြင္းတဲ့ သက္ေသခံစာရင္းထဲ မပါလို႔ ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ေရွ႕ေနအဖြဲ႕က ထပ္ကန႔္ကြက္ျပန္ပါတယ္။ဒီကန႔္ကြက္မႈကိုလည္း ႐ုံးေတာ္ကထပ္ပယ္ခ်ၿပီး သက္ေသခံအျဖစ္တင္သြင္းခြင့္ျပဳခဲ့ပါတယ္။
ျမန္မာ့တရားစီရင္ေရး အနီးျမင္
သီးသန႔္တရား႐ုံးမွာစြဲထားတဲ့ အမႈ ၅ မႈကို ရက္ေပါင္း ၁၈၀ အတြင္း အၿပီးစစ္ေဆးရမယ့္ အမႈေတြၿပီးဆုံးဖို႔ အခ်ိန္နီးကပ္လာတာနဲ႔အမွ် ၿခံနံပါတ္(၁)တရားခြင္ဟာ ပိုမိုအႀကိတ္အနယ္ျဖစ္လာပါတယ္။ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္နဲ႔ ေဒါက္တာမ်ိဳးေအာင္တို႔ဟာ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲကေန လႊတ္ေတာ္ထဲေရာက္လာၿပီး ဥပေဒျပဳသမားေတြျဖစ္ခဲ့တာပါ။
ျပည္သူ႔လႊတ္ေတာ္ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရးေကာ္မတီမွာ ေဒၚေအာင္ဆန္းစုၾကည္က ဥကၠ႒ ျဖစ္ခဲ့ၿပီး ဦးဝင္းျမင့္က အတြင္းေရးမႉးျဖစ္ခဲ့တာပါ။ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးပိုင္း အႀကီးအကဲတာဝန္ယူခဲ့ၾကသူေတြဟာ ျမန္မာ့တရားစီရင္ေရးကိုနဖူးေတြ႕ဒူးေတြ႕ ကိုယ္တိုင္သိျမင္ေနရတာလည္း ျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ တရားခြင္မွာ စိတ္ဝင္တစားနဲ႔အာ႐ုံစိုက္ေနတယ္လို႔ ေရွ႕ေနေတြက ေျပာပါတယ္။ရက္ေပါင္း (၁၈၀) အတြင္းအၿပီးစစ္ရမယ့္အမႈ ၅ မႈၿပီးရင္ ျမန္မာႏိုင္ငံအစိုးရလွ်ိဳ႕ဝွက္ခ်က္အက္ဥပေဒ နဲ႔ အဂတိအမႈေတြနဲ႔ ထပ္ရင္ဆိုင္ရဖို႔ရွိေနတာပါ။’ဥပေဒနဲ႔ညီမညီဆိုတာကို ေပၚလြင္ေအာင္ေဖာ္ထုတ္ဖို႔ အဓိကေျပာပါတယ္’ လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အဓိက မွာၾကားခ်က္ကို သူ႔ေရွ႕ေနက ေျပာျပပါတယ္။



