အခုတစ်ခေါက်ပြောပြပေးသွားမယ့်အအေကြောင်းအရာကတော့ ဘာကြောင့် မိုဘိုင်းဖုန်းတွေကို အိမ်သာထဲ ယူမသွားသင့်တာလဲဆိုတာပဲဖြစ်ပါတယ်။ အခုလို မိုဘိုင်းဖုန်းတွေ ပေါပေါများများ ရှိလာခဲ့ချိန်မှာ လူတိုင်းလိုလိုက မိမိရဲ့ ဖုန်းတွေကို သန့်စင်ခန်းတွေထဲကို မိမိနှင့်တပါတည်း ယူသွားတတ်ကြပါတယ်။
တကယ်တော့ ဒီလို အိမ်သာထဲကို မိုဘိုင်းဖုန်းတွေ ယူသွားတာက အင်မတန်မှ မှားယွန်းလှတဲ့ အပြုအမူတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်လည်း မဖြစ်သင့်တာတွေလည်း ဖြစ်လာတတ်ပါတယ်။
ဘာကြောင့် ဖုန်းတွေကို အိမ်သာထဲ ယူမသွားသင့်သလဲဆိုတော့
ဖုန်းတွေက ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာတတ်ခြင်း
ဗိုင်းရပ်စ်ပိုးတွေက လူသားတွေအပေါ် ဘယ်လောက်အထိဆိုးကျိုးပေးနိုင်စွမ်းရှိပြီး ဘယ်လောက်အထိ ရိုက်ခတ်မှုပြင်းသလဲဆိုတာက ၂၀၂၀ ခုနှစ်မှာ အသိသာဆုံး မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ ဒီလိုမျိုး အန္တရာယ်ရှိလှတဲ့ ဗိုင်းရပ်စ်ပိုးတွေကို သယ်ဆောင်လာတတ်တဲ့ အရာဝတ္ထုတွေထဲမှာ မိမိကိုင်ဆောင်ထားတဲ့ မိုဘိုင်းဖုန်းတွေလည်း ပါဝင်ပါတယ်။ စနစ်တကျပြုလုပ်ထားတဲ လေ့လာချက်တွေအရ မိုဘိုင်းဖုန်းတွေက အိမ်သာထိုင်ခုံတွေထက်တောင် ပိုမိုညစ်ပတ်ပြီး ဘတ်တီးရီးယားအကောင်ရေတော်တော်များများလည်း ပိုမိုပေါက်ဖွားနေကြောင်းကို တွေ့ရှိခဲ့ရပါတယ်
ဒီလို တွေ့ရှိချက်ကို ပိုခိုင်မာသွားစေတဲ့အချက်တစ်ချက်ကတော့ အမေရိကန်နိုင်ငံက အလယ်တန်းကျောင်းသားတွေရဲ့ မိုဘိုင်းဖုန်းတွေကို စစ်ဆေးကြည့်ရာမှာ မိုဘုင်းဖုန်းတွေမှာ လူကို အသက်အန္တရာယ်ပေးစွမ်းနိုင်ရှိတဲ့ အီကိုလိုင်ရောဂါပိုးတွေ ကပ်ပါနေကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒီလို အီကိုလိုင်လိုမျိုး အဆိပ်ပြင်းထန်တတ်တဲ့ ရောဂါပိုးတွေ အပြင် တခြားရောဂါပိုးတွေ၊ ဘတ်တီးရီးယားတွေ ပါဝင်လာတတ်တာမို့ သန့်စင်ခန်းတွေထဲကို မိုဘိုင်းဖုန်းတွေ ယူမသွားတာ အကောင်းဆုံးပါပဲ။
လိပ်ခေါင်းရောဂါဖြစ်လာစေမှုကို ပိုမိုအားပေးခြင်း
မိုဘိုင်းဖုန်းတွေကို အိမ်သာထဲကို ယူသွားတာနဲ့ လိပ်ခေါင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့ လွယ်လွယ်တွေးလို့ရပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ အိမ်သာထဲမှာ မိုဘိုင်းဖုန်းရေရှည်သုံးစွဲခြင်းက လိပ်ခေါင်းဖြစ်စေမှုကို အမှန်တကယ်ပဲ ပိုမိုအားပေးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုဘိုင်းဖုန်းသုံးစွဲမှုကြောင့် အိမ်သာအမှန်တကယ်တက်သင့်တဲ့အချိန်ထက် ပိုမိုကျော်လွန်ကာ အချိန်ကြာမြင့်စွာထိုင်တတ်ကြပါတယ်။
ဒီလိုမျိုး အင်အားသုံးပြီး အချိန်ကြာမြင့်စွာ အိမ်သာတက်ခြင်းကမလိုလားအပ်တဲ့ ဖိအားတွေကိုဖြစ်စေမှာဖြစ်ပြီး လိပ်ခေါင်းရောဂါဖြစ်ဖို့ကို တွန်းအားပေးနေသလိုဖြစ်သွားတတ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ သုတေသနစစ်ဆေးချက်တွေ မထွက်ရှိသေးပေမယ့် စမတ်ဖုန်းတွေ၊ မိုဘိုင်းဖုန်းတွေ စတင်ပေါ်ပေါက်လာခဲ့ချိန်က အစ လိပ်ခေါင်းရောဂါခံစားနေရသူ ဦးရေတွေ တိုးပွားလာတာပဲဖြစ်ပါတယ်။
စိတ်ကူးဉာဏ်ကွန့်မြူးမှုကို တားဆီးပိတ်ပင်တတ်ခြင်း
မိုဘိုင်းဖုန်းတွေမှာ စဉ်ဆက်မပြတ်ပေါ်လာတတ်တဲ့ အသိပေးချက်တွေ၊ အီးမေးလ်တွေနဲ့ စက္ကန့်မလတ်အောင် လူကို အနားမပေးခိုင်းနေတဲ့ လှုံဆော်မှုတွေက လူသားတွေရဲ့ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွေကို တားဆီးပိတ်ဆို့လေ့ရှိပါတယ်။ ကျနော်တို့အတွက် ကိုယ်ကိုယ်တိုင် စဉ်းစားဆင်ခြင်တွေးခေါ်ရမယ့် နေရာတွေ၊ စိတ်ကူးဉာဏ် ကွန့်မြူးရမယ့်နေရာတွေမှာ မိုဘိုင်းဖုန်းတွေ ဝင်လာတာကြောင့် အဲဒီလှပတဲ့ အတွေးအခေါ်တွေ အားလုံးက ပျောက်ခြင်းမလှပျောက်ကွယ်သွားပြီး အရာအားလုံးကို မကြာခဏ ဆုံးရှုံးသွားရလေ့ရှိနေပါပြီ။
တစ်ခါတစ်ရံမှာတော့ လူသားတွေက နံဘေးနားမှာ ဘာစက်ပစ္စည်းကိရိယာတွေ၊ ဘာပစ္စည်းမှ မထားထားထားဘဲ တစ်ကိုယ်တည်းနေဖို့လိုအပ်လှပါတယ်။ ဒီလိုနေထိုင်ရင်းနဲ့ပဲ တွေးတောဆင်ခြင်မှုကို အားပေးသလိုဖြစ်စေတတ်ကာ မိမိရဲ့အလုပ်တွေအတွက် လိုအပ်တဲ့ စိတ်ကူးအကြံဉာဏ်တွေကို ရရှိလာတတ်ကြပါတယ်။ မိုဘိုင်းဖုန်းတွေက နေ့စဉ်ဘဝမှာ မရှိမဖြစ် အရေးပါလှတဲ့ ပစ္စည်းတွေဖြစ်ပေမယ့် မိမိရဲ့ သန့်စင်ခန်းထဲအထိတော့ ယူမသွားဘဲ အပြင်ဘက်တစ်နေရာမှာတင် ထားထားခဲ့ဖို့ကတော့ လိုအပ်လှပါတယ်။
မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာတတ်ခြင်း
မိုဘိုင်းဖုန်းကို ကြည့်ရင်း အိမ်သာအသုံးပြုသူတွေက အချိန်ကြာမြင့်စွာအထိ သန့်စင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလို ရေအိမ်တွေမှာအချိန်ကြာမြင့်စွာနေထိုင်လာခြင်းရဲ့နောက်ဆက်တွဲအကျိုးကတော့ ကျန်းမာရေးထိခိုက်လာစေတာပဲဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက်တော့ ပိုမိုသတိထားစရာဖြစ်ပြီး ခန္ဓာကိုယ်အတွင်းထဲက ဝမ်းဗိုက်အတွင်းမှာ ရှိနေတဲ့ အူသိမ်၊ ဆီးအိမ်နဲ့ မအင်္ဂါတို့မှာ ပုံမှန်လုပ်ဆောင်မှုတွေ လွဲချော်ကာ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လေ့ရှိတတ်ပါတယ်။ ဒီလိုနေရာတွေမှာ ထိခိုက်ဒဏ်ရာရမှုတွေက အိမ်သာတက်နေစဉ် ထိုင်တဲ့ အနေအထားပုံစံအပေါ်မှာလည်း တစ်စိတ်တစ်ပိုင်းမူတည်နေတာမို့ အထူးဂရုစိုက်သင့်လှပါတယ်
မိုဘိုင်းဖုန်းတွေအပေါ် အလွန်အမင်းမှီခိုလွန်းလာခြင်း
မိုဘိုင်းဖုန်းတွေက တစ်ယောက်နဲ့ တစ်ယောက် အလွယ်တကူလှမ်းဆက်သွယ်လို့ရအောင်တီထွင်ဖန်တီးထားတဲ့ ပစ္စည်းတစ်ခုဖြစ်ပေမယ့် အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးက စွဲစွဲလမ်းလမ်းအသုံးပြုနေတဲ့ ပစ္စည်းတစ်ခုဖြစ်နေခဲ့ပါပြီ။ တကယ်တော့ မိုဘိုင်းဖုန်းတွေက လူတွေက အသုံးချရမယ့်ပစ္စည်းတစ်ခုဖြစ်ပြီး လူတွေကို ပြန်လည်ခိုင်းစေဖို့အတွက် ထုတ်လုပ်ထားတဲ့ နည်းပညာပစ္စည်းတစ်ခုတော့ မဟုတ်လှပါဘူး။
ဒီလို သန့်စင်ခန်းသွားတာက မိုဘိုင်းဖုန်းတွေကို မပါမဖြစ် ယူသွားလေ့ရှိကြတာက မိုဘိုင်းဖုန်းသုံးစွဲမှုကို အလွန်အကျွံစွဲလမ်းနေသူလို့ သတ်မှတ်ရမှာဖြစ်ပြီး ဒါဟာ ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ပါဘူး။
credit ရွှေဉာဏ်ရှင်
ref – brightside