အချစ်နှင့်ဘဝ

ကိုယ့်ချစ်သူနဲ့ ကိုယ်က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြပြီဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ

ကိုယ့်ချစ်သူနဲ့ ကိုယ်က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြပြီဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ

ချစ်တဲ့စိတ်ကြောင့် ချစ်သူတွေ ဖြစ်ခဲ့ကြပေမယ့်လည်း ရေရှည်လက်တွဲသွားရဖို့ဆိုတာ မသေချာပါဘူး။ ရေရှည်လက်တွဲသွားရဖို့ဆိုတာ နှစ်ယောက်လုံးက ဒီအချစ်ရေး တည်မြဲဖို့ ဘယ်လောက် အားထုတ်ကြလဲဆိုတာမှာ မူတည်နေပါတယ်။ ဒီလိုမျိုး တည်မြဲတဲ့ အချစ်ရေး ရနေတဲ့သူတွေကတော့ နှစ်ကိုယ့်တစ်စိတ်လို့တောင် ပြောလို့ ရပါတယ်။ ဒီလိုမျိုး ကိုယ့်ချစ်သူနဲ့ ကိုယ်က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေသလားဆိုတာကိုတော့ ဒီအချက်တွေကို ကြည့်ပြီး ဆန်းစစ်နိုင်ပါတယ်။

(၁) မရှက်တော့ဘူး

ရင်ခုန်စအရွယ်မှာ ကိုယ့်ချစ်ရတဲ့သူရှေ့မှာ စတိုင်မကျနေရင် ရှက်တာမျိုး၊ အပြုအမူ မှားသွားတာနဲ့ ရှက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ ချစ်မိသွားလို့ အချစ်ရေးက တည်မြဲလာတဲ့အခါမှာတော့ တစ်ယောက်ကို တစ်ယောက် ရှက်တာမျိုးတွေ မရှိတော့ပါဘူး။ အိမ်နေရင်း အင်္ကျီနဲ့ တွေ့ကြလည်း အဆင်ပြေသလို မျက်နှာမှာ ဘာမှ မလိမ်းခြယ်ထားတာမျိုးလည်း မရှက်တတ်တော့ပါဘူး။

(၂) မိသားစုလို ခံစားရတယ်

သူစိမ်းတစ်ယောက်ကို ကိုယ့်ရဲ့ မိသားစုဝင်လို ခံစားနေရပြီဆိုရင်တော့ ဒါက သင်တို့ရဲ့ ရင်းနှီးမှုက လေးနက်လာတဲ့ သဘောပါပဲ။ စိတ်ဆိုးစရာ ရှိနေရင်တောင်မှ မပြတ်စဲနိုင်တာမျိုး၊ ပျော်နေတဲ့အချိန်မှာ သတိရတာမျိုး၊ အစားကောင်းတွေ စားရချိန်မှာ ကျွေးချင်မိတာမျိုးစတဲ့ မိသားစုဝင်လို ခံစားမှုတွေကို အချစ်ရေး တည်မြဲလာတဲ့သူတွေက ခံစားရတတ်ပါတယ်။

(၃) သူ့အကြောင်း ကိုယ့်အကြောင်း သိကြတယ်

တကယ်တော့ ချစ်သူ ဖြစ်လာတိုင်း တစ်ယောက်အကြောင်း တစ်ယောက် မသိကြပါဘူး။ နေ့စဉ် လုပ်နေတဲ့ အရာတွေကို သိတယ်ဆိုတိုင်းလည်း သူ့အကြောင်း သိတယ်လို့ ဆိုလို့ မရပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် သိတယ်ဆိုတာ သူက ဘာကို ကြိုက်တယ်၊ ဘာကို ကြောက်တတ်တယ်၊ ဘယ်လို အကျင့်တွေ ရှိတယ်ဆိုတာကို သိရတာမျိုး ဖြစ်ပါတယ်။ သူ့အိပ်မက် ဘယ်လို ရှိတယ်၊ သူ့အလုပ်ကို သူ ဘယ်လိုလုပ်တယ် စသဖြင့်ပါ သိနေတာမျိုး ဖြစ်ပါတယ်။

(၄) တိုင်ပင်ဖော် တိုင်ပင်ဖက် ဖြစ်လာတယ်

ချစ်သူတွေက နှစ်ကိုယ့်တစ်စိတ်လို ဖြစ်လာတဲ့အခါမှာ တစ်ယောက်ကို တစ်ယောက် ဖွင့်ဟ တိုင်ပင်မှုမျိုး ပြုလုပ်တတ်ပါတယ်။ အလုပ်ပြောင်းတာကစလို့ သူ့ဘဝအိပ်မက်တွေ အကောင်အထည်ဖော်ရေးနဲ့ အဝတ်အစား ဝယ်တာကအဆုံး ကိုယ့်ချစ်သူနဲ့ တိုင်ပင်တာမျိုး လုပ်နေတာမျိုး ဖြစ်ပါတယ်။

(၅) ညီတူညာတူ လုပ်တတ်တာ များတယ်

နှစ်ယောက်ဆိုပေမယ့် တစ်စိတ်တည်း တစ်ဉာဏ်တည်း ဖြစ်လာတဲ့အခါမှာတော့ နှစ်ယောက်အတူ စာအုပ်ဆိုင်မှာ စာအုပ်ဝယ်ကြတာမျိုး၊ ကြိုက်တဲ့ အစားအစာတွေ စားကြတာမျိုး၊ မကျေနပ်တဲ့ အရာကို နှစ်ယောက် ညီတူညာတူ ပြောဆိုတာမျိုး စသဖြင့် သူလုပ်တဲ့အရာ၊ ကိုယ်လုပ်တဲ့အရာတွေက ထပ်တူကျလာတာ အရမ်း များလာတတ်ကြပါတယ်။

Kham