ဟာသ

မိန်းမတွေကို ပြန်မပြောနိုင်အောင် ချုပ်ကိုင်နည်း

” ဒီမိန်းမ ၁၁နာရီ ထိုးနေပီ ခုထိ မထသေးဘူးလား ထစမ်း” ဆိုကာမှာ ကြောက်လို့သာ ထလာတာ အိပ်ချင်မူးတူးရုပ်နဲ့ “သွား မျက်နှာသစ်၊ သွားပွတ်တံမှာ သွားတိုက်ဆေး ထည့်ပေးထားတယ်၊ မျက်နှာသစ်ပါ ဘေစင်ပေါ်မှာ ကြားလား” စိတ်ကတိုနေပြီ။

မိန်းခလေးတဲ့ဗျာ ဒီအချိန်မှ ထစရာလား၊ ကိုယ်ကသာ အဲ့လို လုပ်မထားရင် စမ်းစမ်း စမ်းစမ်းနဲ့ နောက်တနာရီ ထိတောင် မျက်နှာသစ်လို့ ပီးမှာမဟုတ်ဘူးလေ

” ဟဲ့ မပြီးသေးဘူးလား၊ ဒီမှာ ထမင်းကြော်တွေ အေးကုန်တော့မယ်၊ ကြက်ဥကြော်က အကျက်စားမှာလား မကျက်တကျက်လား ”

စီးတဲ့ရေ ဆယ်တဲ့ကန်သင်းလေ မကုန်သင့်တာ မကုန်အောင်လည်း စီမံရသေးတယ်။ နို့မိုဆို ဒင်းတခါ အပြင်ထွက်စားရင် မနက်စာကို ၃ထောင်လောက် ကုန်တာ အဲ့ဒါကြောင့် ငွေကို ချွေတာတဲ့ အနေနဲ့ လုပ်ပေးလိုက်တယ်။

သူ့မှာလဲ ကိုယ့်ကြောက်လို့သာ စားရတယ်။ မျက်နှာကတော့ သိပ်မကြည်ဘူးဗျို့။

 

” စားပြီးရင်လည်း အပြင်ထွက်မယ် စိတ်မကူးနဲ့ ဖုန်းအားအပြည့် သွင်းပေး ထားတယ်၊ fb သုံးရင်သုံး မသုံးရင်လည်း၊ Tv ရှေ့မှာ ကိုရီးယား ဇတ်လမ်းတွဲ အသစ် ထွက်လို့ ဝယ်ပေးထားတယ်၊ အဲ့ဒါကြည့်နေ။

အပြင်ကို ခေါင်းတောင် ပြူကြည့်ဖို့ မတွေးနဲ့။ နေကြာစိ တွေ ကွာစိတွေ လိမ္မော်သီးတွေကို အခ့ွံနွှာပီးချပေးထားတယ် အဲ့ဒါပဲစား ကြားလား ”

လူဆိုတာ စက်ရုပ် မဟုတ်မှန်းတော့ သိတာ ပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ဘက် ကလည်း ဟိုစကားပုံ လိုပဲ မယားနေစ ကြောင်သေမှ ဆိုသလို ပေါ့ဗျာ ။

” ကြိုပြောထားမယ်နော်၊ မနေ့က နင်ဝယ်လာတဲ့ နင့်အင်္ကျီအသစ်နဲ့ ဘောင်းဘီအသစ်တွေကို အဝတ်လျှော်စက်ထဲထည့်ပီး လျှော်ဖို့များ ယောင်လို့တောင် မတွေးနဲ့၊ ဝတ်ပီးတာနဲ့ ရေချိုးခန်းထဲက ဇလုံထဲ ထည့်ထား ငါ့ဟာငါ လျှော်မယ်။ နင်လျှော်ရင် စွန်းထင်းကုန်မယ်။ နေ့တိုင်း ဝယ်မပေးနိုင်ဘူး ကြားလား ”

ခက်တယ်ဗျာ။ လူ့အခွင့်အရေးတွေ ဘာတွေတော့ နားလည်ပါတယ်။ အရမ်းကြီး ချုပ်ချယ် တာတော့ မဟုတ်ဘူးပေါ့။ နားလည်အောင်ပဲ ကိုယ်က သွန်သင်ပြတဲ့ သဘောပါ။

သူ့ခမျာ သနားဖို့လည်း ကောင်းပါတယ်။ ကိုယ်ပြောသမျှ တခွန်းမှ ပြန်မပြောရဲဘူး။ ခေါင်းလေး တညိမ့်ညိမ့်နဲ့ နားတော့ ထောင်သားဗျ။ တနေကုန် ဆူငေါက်ပြီး ချုပ်ချယ်ထားတော့လည်း နေ့ရှိသရွှေ့ဆိုတော့ သူသူ ကိုယ်ကိုယ် ပေါ့ဗျာ ဘယ် စိတ်ချမ်းသာမလဲ။

ကျနော်နားလည်တာပေါ့။ အဲ့ဒါနဲ့ ညနေဘက် ရောက်ရင် နေ့တိုင်းပေါ့ မသိသလိုလေးပေါ့ဗျာ။ သူ့ကိုလည်း လိုချင်တာလေး ဝယ်လို့ရအောင် ကိုယ့်ဘက်ကလည်း နေ့တိုင်း ဒါမျိုးတွေ လုပ်ပေးတယ် ဆိုပြီး ရလေလိုလေ အိုတစေ အတွေးမျိုးနဲ့ ယောင့်မတက်အောင်လည်း ကြံရသေးတဲ့ဗျ။

” ဟဲ့ ၊ နင်တနေကုန် ဒီအခန်းထဲ ထိုင်နေမှာလားဟမ်။ ကျန်းမာရေးအတွက် လှုပ်ရှားမှုလေး ဘာလေး နင်လုပ်ဖို့ စိတ်မကူးဖူးဘူးလား။ တောက် ငါပြောတော့ ငါ့အသံ လူကြားတယ်။ သွား အဝတ်အစားသွားလဲ ”

သူ့ခမျာ ကြောက်နေတော့လည်း ကြည့်လက်စ ကိုရီးယားကားကို ပိတ်ပြီး အဝတ်သွားလဲတာ မြင်တော့ ကိုယ့်မှာ စိတ်မကောင်းတောင် ဖြစ်ရသေးတယ်။ ကိုယ့်ဟာကိုယ်လည်း ပြန်ဆင်ခြင်မိတာပေါ့လေ။ ငါပြောတာတွေ လွန်များနေပီးလား။ တဖက်သားအတွက် နာကျည်းစရာတွေများ ဖြစ်နေပြီလားပေါ့။

အဲ့လိုနဲ့ သူလည်း ကိုယ့်ကို ကြောက်လို့သာ ခပ်ကုတ်ကုတ်လေး လိုက်လာတာမြင်တော့ စိတ်ကမကောင်းပြန် ဘူးဗျို့။

အဲ့ဒါနဲ့ ” ကြိုက်တာ ယူနော်၊ ငါ့ကို လှည့်မကြည့်နဲ့ ငါ့အတွက်လည်း ဘာမှ ဝယ်ပေးဖို့ မစဉ်းစားနဲ့။ နင်လိုချင်တာသာ နင်ဟာနင် ဝယ် ” ဆိုတော့ မျက်နှာက တချက် ပျက်သွားသေးတယ်။

ကျုပ်သိတာပေါ့ဗျာ။ ကျုပ်အတွက် သူရွေးပီး ဝယ်ပေးချင်ပေမယ့် ကျုပ်က မဝယ်ပေးဖို့ ပိတ်ပြောလိုက်တာကို။ အမှန်တော့ ကိုယ့်က သူ့အတွက်ရွေးပြီး ဝယ်နေရမဲ့ အချိန်တွေထဲက ကိုယ့်အတွက် ဖဲ့ပေးရမှာဆိုးလို့ စေတနာ နဲ့ပြောလိုက်တာ။

သိတဲ့အတိုင်းပဲဗျာ။ ကျုပ်ကလည်း အပြောအဆိုက မတတ်တော့ အပြောမတတ်ရင် ဆဲသလို ဆိုတဲ့အတိုင်း စေတနာ အမှားတွေ ပေါ့ဗျာ။ ဟူး ခက်တယ်ဗျာ။

သူဝယ်ခြမ်းပြီးလို့ အိမ်ပြန်ရောက်တော့ ကျုပ်မှာ တမျိုး ပူရပြန်ကောဗျ။

“ဟဲ့ နင်ဝယ်လာတဲ့ ဟာတွေ ဝတ်ကြည့်စမ်း မတော်ရင် ပြန်သွားလဲလို့ ရအောင် ခုဝတ်ကြည့်။ အိပ်ယာခင်းတာ ခြင်ထောင်ထောင်တာ ငါလုပ်လိုက်မယ် သွား သွား”

ကျုပ်မှာ အဲ့ဒိလို ကိစ္စတွေက တနေ့ထဲ မဟုတ်ဘူး နေ့တဓူဝ ပဲဗျာ။

ဒါကို ဘာလို့ပြောပြလည်းဆိုတော့ ကိုယ့်ညီငယ်တွေနဲ့ မိန်းမယူထားတဲ့ ဘော်ဒါတွေ အတွက်၊ သူများတွေက မယကကြီး စောက်တလွဲကောင်ကြီးလို့ အပြောမခံရအောင် မိန်းမတွေကို ဘယ်လို ချုပ်ကိုင်သင့်တယ် ဆိုတာလေး အကြံပေး ပြောပြချင်တာပါ။

ဒါပါပဲ

Credit:Ko Zay