မိသားစုတစ်ခုမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ဖို့လိုသလို အလုပ်မှာလည်း ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့လိုပါတယ်။ ထို့နည်းတူစွာပဲ ချစ်သူရည်းစားဆက်ဆံရေးတစ်ခုမှာ ကောင်းမွန်တဲ့ ချစ်သူကောင်းတစ်ယောက်ဖြစ်သင့်တာပဲ မဟုတ်လား။ ဒါကြောင့်ဒီတစ်ခေါက်မှာတော့ အမျိုးသားတိုင်းလိုက်နာသင့်တဲ့ ချစ်သူကောင်းတို့ရဲ့ အမူအကျင့်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ချစ်သူက အချိန်ပေးတာကို မနှစ်သက်တဲ့ မိန်းကလေးမရှိပါဘူး။ ဒါကြောင့် သူမအတွက် အချိန်ပိုပေးပါ။ သူမကိုဘယ်လောက်လွမ်းကြောင်း စာတွေပို့နေတာထက် သူမနဲ့အတူတူရှိနေခြင်းက ပိုပြီးကောင်းတယ်ဆိုတာပြောပြပေးပါ။
(၂) မိန်းကလေးတွေက များသောအားဖြင့် ဂရုစိုက်တက်ကြပါတယ်။ သူတို့ချစ်တဲ့သူတစ်ယောက်ကို အမြဲကျန်းမာတဲ့ သူတစ်ယောက်အဖြစ်မြင်ချင်ကြပါတယ်။ သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်နေထိုင်ခြင်းက သူမကိုပိုပြီး စိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် ဆေးလိပ်သောက်တာ အရက်သောက်တာ ကျန်းမာရေးထိခိုက်အောင်နေတာတွေရှောင်ပြီး ကိုယ့်ကိုယ့်ကို ဂရုစိုက်ပေးပါ။
(၃) သူမကိုတကယ်ချစ်တယ်ဆိုရင် သူမရဲ့ မိသားစု မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ချစ်ခင်ကြောင်း ပြသဖို့လိုအပ်ပါတယ်။ မိန်းကလေးအများစုက သူတို့ရဲ့ချစ်သူကောင်လေးကနေ သူမပတ်ဝန်းကျင်ကလူတွေကို ချစ်ခင်ကြောင်း ကြင်နာကြောင်းပြသတာကို နှစ်သက်ကြပါတယ်။ ဒီလိုလုပ်တာက သူမကိုပိုမိုစိတ်ချမ်းသာစေနိုင်မှာပါ။
၄) သူမမိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုတည်ဆောက်ပြီးပြီဆိုရင် သင့်မိသားစုနဲ့ သင့်မိတ်ဆွေအပေါင်းအသင်းတွေကြားမှာလည်း သူမကို အသိမှတ်ပြုကြောင်းပြသဖို့လိုပါလိမ့်မယ်။ ဒါဟာ သူမကိုအလေးအနက်ထားတယ် ၊ ချစ်မြတ်နိုးတယ်ဆိုတဲ့သဘောကို ပြသရာရောက်ပါတယ်။
(၅) သူမကို ချစ်မြတ်နိုးတာအပြင် တန်ဖိုးထားတယ်ဆိုတာကိုလည်း လက်တွေ့လုပ်ဆောင်ပြသင့်ပါတယ်။ သင်တို့ရဲ့ အမှတ်တရနေ့တွေကို မမေ့တာ ၊ နှစ်ဦးစတင်တွေ့ဆုံချိန်က အမှတ်တရတွေကို မမေ့တာ စသည်ဖြင့် သူမနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို သင်ခေါင်းထဲမှာစွဲစွဲမြဲမြဲမှတ်မိနေတာက သူမကိုတန်ဖိုးထားတယ်ဆိုတဲ့ သက်သေပါပဲ။
(၆) အပြန်အလှန်လေးစားမှုကလည်း ချစ်သူရည်းစားဆက်ဆံရေးမှာ မရှိမဖြစ်အရေးပါတဲ့ လိုအပ်ချက်တစ်ခုပါပဲ။ ကိုယ်ရဲ့အကြိုက်နဲ့ မကြိုက်တဲ့အရာတွေပြောပြထားပါ။ သူမရဲ့ အကြိုက်နဲ့ မကြိုက်တဲ့အရာတွေကိုလေ့လာပါ။ အသေးအမွှားလေးတွေကစတင်ပြီး တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်လေးစားမှုကိုတည်ဆောက်ပါ။
၇) အရေးကြီးဆုံးအချက်ကတော့ မဖောက်ပြန်ပါနဲ့။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူမအပေါ် စည်းဖောက်တဲ့အလုပ်မျိုးမလုပ်ပါနဲ့။ နောက်ဆုံးဒီဆက်ဆံရေးက အဆင်မပြေတော့ဘူးဆိုရင်တောင် သူမနဲ့ လမ်းခွဲပြတ်စဲပြီးမှသာ နောက်ထပ်အသစ်သစ်ထားတာမျိုးလုပ်ပါ။ အတူရှိနေစဉ်မှာတော့ စည်းမကျော်မိဖို့လိုပါတယ်။
(၈) ချစ်သူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် တစ်ကိုယ်ကောင်းမဆန်ဖို့က အရေးကြီးပါတယ်။ လူတိုင်းက အမြဲမှန်နေတယ်ဆိုတာမရှိပါဘူး။ အမှားတစ်ခုခု လုပ်မိရင် ဝန်ခံပါ။ ကိုယ့်အမှားကို တဖက်လူအပေါ်ပုံချတာမျိုးမလုပ်ပါနဲ့။
(၉) အမျိုးသားကောင်းတို့မည်သည် ကိုယ်ချစ်တဲ့သူကို ကာကွယ်ပေးနိုင်ရမယ်ဆိုတာလည်း မမေ့သင့်ပါဘူး။ ဘယ်လိုအန္တရာယ်မျိုးပဲကြုံလာပါစေ သူမရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးဖို့ လိုပါတယ်။ သတိထားရမှာတစ်ခုက အလွန်အကျွံကာကွယ်ပေးမှုမလုပ်မိဖို့ပါပဲ။ သူမရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်မိတဲ့ကာကွယ်မှုမျိုးတွေကိုတော့ သတိပြုရှောင်ကြဉ်သင့်ပါတယ်