ရုပ်မလှရင် နေပါစေ။ နုပျိုအောင်သာ နေပါ။ အသားအရေတင်းတင်းရင်းရင်း စိုပြေပြီး ဝင်းလက်နေရင် ရုပ်ချောတာထက် ပိုကောင်းတယ်ဆိုတာ အသက်ကြီးလေလေ ပိုသိလေလေ ဖြစ်မှာပါ။ နုပျိုစိုပြေဖို့ဆိုတာ သိပ်ခက်ခက်ခဲခဲလုပ်စရာမလိုပါဘူး။ နေ့တိုင်း ဒါလေးတွေ လုပ်ပေးရင် ရုပ်လည်းနုပျို အရွယ်လည်း ပိုတင်လာမှာပါ။
(၁) အားရပါးရပြုံးပါ
မျက်နှာတည်တဲ့သူတွေဟာ ရုပ်ရင့်လွယ်ပါတယ်။ အားရပါးရ ပြုံးတဲ့သူတွေဟာ ချစ်ဖို့ကောင်းသလို သူတို့ရုပ်အဆင်းကလည်း နူးညံ့ပြီး ချက်ချင်းဆိုသလို နုပျိုသွားတာ လက်တွေ့ပါပဲ။ ဒါကြောင့် ပြုံးပြုံးနေ ၊ စိတ်ကောင်းကောင်းထားပါ။
(၂) ဒါလေးတွေ စားပါ
စပျစ် ၊ ဘယ်ရီ ၊ ဇီးသီး ၊ သစ်တော်သီးတွေက အသားအရေအတွက် ကောင်းပါတယ်။ ဒီလို အသီးတွေမှာ ပါတဲ့ Humectant ဟာ အသားအရေစိုလက် တင်းရင်းလာစေနိုင်ပါတယ်။ နောက်တစ်ခုက အစိမ်းရင့်ရင့်နဲ့ အနီရောင် အသီးအနှံတွေ များများစားပေးဖို့ ဖြစ်ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးခြင်းဟာ အသားအရေကျန်းမာစေပါတယ်။
အနီရောင်အသီးအရွက် ဖြစ်တဲ့ ခရမ်းချဉ်သီးလို အသီးတွေမှာပါတဲ့ Lycopene ဟာ အန္တရာယ်ရှိတဲ့ UV Rays တွေကနေ အရေပြားကို ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုက အရေတွန့်တာတွေ ပျောက်စေဖို့ အဆီများတဲ့ ငါးတွေ များများစားပေးပါ။ နောက်ပြီး ရေများများ သောက်ပေးပါ။
(၃) အသားအရေ ပုံမှန်ထိန်းသိမ်းပါ
အသားအရေသန့်ရှင်းရေးနဲ့ အစိုဓါတ်ထိန်းသိမ်းမှုစနစ်တွေက အရေပြားကို ကျန်းမာတင်းရင်း သန့်ရှင်းစေပါတယ်။ နေ့တိုင်း Cleanser လေး ပုံမှန်သုံးပြီး သန့်ရှင်းရေးလုပ်ပါ။ Moisturizer လေး သုံးပါ။ ဓါတုပစ္စည်းတွေပါတဲ့ မိတ်ကပ်နဲ့ အလှကုန်တွေ သုံးတာမျိုး ရှောင်ပါ။ နေရောင်အောက် သွားတိုင်း နေရောင်ကာခရမ်လေး ဘာလေး သုံးပါ။
(၄) အားကစားလုပ်ပါ
တစ်ပတ်ကို အနည်းဆုံး ၄ ကြိမ် ၅ ကြိမ် အားကစားလုပ်ဖို့ မမေ့ပါနဲ့။ အားကစားလုပ်ခြင်းအားဖြင့် ကြွက်သားတင်းရင်းလာပြီး အသားအရေကြည့်ကောင်းလာစေနိုင်ပါတယ်။ ညဘက်အိပ်လို့ ပိုကောင်းပြီး စိတ်လက်ကြည်လင်အေးချမ်းစေနိုင်ပါတယ်။ နှလုံးနဲ့ အဆုတ်ပိုင်းအတွက် Cardio လေ့ကျင့်ခန့်လေးတွေ ၊ ကြွက်သားသန်မာဖို့ Resistance Training နဲ့ အကြောအချဉ်ပျော့ပြောင်းစေဖို့ Stretching ကစားတာတွေ လုပ်ပေးပါ။
ဒါလေးတွေ ပုံမှန်လုပ်ပေးရင် အသက်ကြီးလာတဲ့အထိ အရွယ်တင်နုပျိုမှာအမှန်ပါပဲ။