လူတိုင်းချမ်းသာချင်ကြပါတယ်။ ဒါပေမယ့် ချမ်းသာချင်သူတိုင်း မချမ်းသာကြပါဘူး။ ဘာကြောင့်လဲဆိုတော့ ချမ်းသာကြွယ်ဝလာဖို့က လွယ်ကူတဲ့ အလုပ်တစ်ခုမဟုတ်သလို စွန့်လွှတ်ပေးဆပ်ရတာတွေလည်း ရှိတာကြောင့်ပါ။
သင့်ဘဝမှာ ချမ်းသာချင်တယ်ဆိုရင် စွန့်လွှတ်သင့်တာတွေကို စွန့်လွှတ်လိုက်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။ ဘာတွေကို စွန့်လွှတ်ရမလဲဆိုတာ လေ့လာကြည့်လိုက်ပါ။
၁။ အဆင်ပြေချောမွေ့တဲ့ဘဝ
သင့်အနေနဲ့ လက်ရှိအနေအထားမှာ အားလုံးအဆင်ပြေချောမွေ့ပြီး အသားကျနေမယ်ဆိုရင် ပြောင်းလဲတိုးတက်လာနိုင်မယ့် အကြောင်းရင်းရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သက်တောင့်သက်သာရှိမှုကို စွန့်လွှတ်ပါ။ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပါ။ ဒါမှသာ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်မှာပါ။
၂။ ဆုံးရှုံးမှာကို စိုးရိမ်စိတ်
ဆုံးရှုံးမှုတွေ၊ ကျရှုံးမှုတွေအားလုံးက လမ်းဆုံးမဟုတ်ပါဘူး။ သင်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ လိုအပ်တဲ့ သင်ခန်းစာတွေပဲ ဖြစ်ပါတယ်။ ဆုံးရှုံးမှာကို ကြောက်တဲ့စိတ်နဲ့ ဒီအတိုင်း ထိုင်နေမယ်ဆိုရင်တော့ ဘာမှဖြစ်ထွန်းလာမှာ မဟုတ်ပါဘူး။
၃။ အမှားအတွက် အပြစ်တင်တတ်တဲ့ အကျင့်
သင့်ရဲ့ အမှားအတွက် အခြားသူတွေ၊ အခြားအရာတွေကို အပြစ်တင်လိုက်တာက လွယ်ကူပါတယ်။ သင့်အနေနဲ့ ကိုယ့်အမှားကို ကိုယ်တိုင်သိနေမယ်ဆိုရင် မဆိုင်တာတွေကို အပြစ်တင်နေမယ့်အစား တာဝန်ယူဖြေရှင်းပါ။ သင့်ဘဝကို ပြောင်းလဲဖို့ သင်ကိုယ်တိုင်မှာပဲ တာဝန်ရှိပါတယ်။ သင့်အိပ်မက်တွေကို သင်ကိုယ်တိုင်ပဲ အကောင်အထည်ဖော်ရမှာပါ။
၄။ အိပ်စက်မှု
သင့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာမူတည်ပြီး နောက်ကျမှ အိပ်ရာဝင်တတ်တာလား၊ စောစောထလေ့ရှိတာလား ဆုံးဖြတ်ပါ။ ငွေကြေးချမ်းသာမှုကို တည်ဆောက်ရာမှာ သင့်ရဲ့ အိပ်ချိန်တွေကို စွန့်လွှတ်ဖို့ လိုပါတယ်။
၅။ ဆိုရှယ်မီဒီယာနဲ့ တီဗွီ
သင့်ရဲ့အချိန်တွေကို တီဗီ၊ ဖုန်းနဲ့ ကွန်ပျူတာ မျက်နှာပြင်တွေမှာ အလဟဿအဖြစ်မခံပါနဲ့။ Lamborghini ပြိုင်ကားတွေကို ဘယ်တော့မှ တီဗီမှာ မကြော်ငြာပါဘူး။ ဘာကြောင့်လဲဆိုတော့ Lamborghini ဝယ်စီးနိုင်တဲ့ လူတွေက တီဗီကြည့်လေ့သိပ်မရှိလို့ပါပဲ။ ဒါ့ကြောင့် သင့်ရဲ့ အချိန်ကို အကျိုးရှိရှိအသုံးချပါ။
၆။ ရည်မှန်းချက်မရှိသူတွေနဲ့ ဆက်ဆံရေး
ဘဝမှာ ရည်မှန်းချက်ရေရေရာရာမရှိတဲ့သူတွေနဲ့ ပေါင်းသင်းပြီး အချိန်ကုန်နေမယ်ဆိုရင် သင်ကိုယ်တိုင်လည်း ဦးတည်ရာမဲ့ လမ်းပျောက်နေမှာပါပဲ။ ဒါ့ကြောင့် ရည်မှန်းချက်မရှိသူတွေ၊ အချိန်ဖြုန်းတတ်သူတွေ၊ အဆိုးမြင်စိတ်များသူတွေနဲ့ ဝေးဝေးမှာနေပါ။ သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးနိုင်သူတွေနဲ့ ပေါင်းသင်းပါ။
၇။ ခေတ်ရေစီးကြောင်းလိုက်တဲ့ အကျင့်
လူချမ်းသာတွေက တန်ဖိုးကြီး ဇိမ်ခံပစ္စည်းတွေကို နောက်ဆုံးမှဝယ်လေ့ရှိပြီး ငွေကြေးအခက်အခဲရှိသူတွေကတော့ အရင်ဆုံးဝယ်လေ့ရှိပါတယ်။ သင့်အပေါ် လူတွေ အထင်ကြီးလာဖို့ သင့်အတွက် အမှန်တကယ်မလိုအပ်တဲ့ ခေတ်စားနေတဲ့အသုံးအဆောင်ပစ္စည်းတွေကို မဝယ်ပါနဲ့။
၈။ စိတ်မရှည်မှု
ချမ်းသာကြွယ်ဝမှုကို တည်ဆောက်ရာမှာ ဖြတ်လမ်းမရှိပါဘူး။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရဘူးဆိုတာ မှတ်ထားပါ။ စိတ်ရှည်သည်းခံဖို့ လိုပါတယ်။