ဘဝမှာ ချစ်တိုင်းလည်း မညားကြရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် စွန့်လွှတ်သင့်တဲ့ အချိန်မှာတော့ စွန့်လွှတ်ရပါမယ်။ ဒါကြောင့် ဒီအရာလေးတွေက သင့်ကို အားအင်တွေရှိစေမယ်လို့ မျှော်လင့်မိပါတယ်။
(၁) အရာရာတိုင်းမှာ ဖြစ်ကိုဖြစ်ရမယ့်ကံပါတယ်
သင့်ဘဝမှာ သင်အရမ်းလိုချင်နေတဲ့အရာကို သင့်မိဘတွေက ဝယ်ပေးလိုက်တဲ့အခါ အဲဒီ့နေ့ဟာ သင့်ဘဝရဲ့ ကံအကောင်းဆုံးနေ့ဖြစ်တယ်။ ဒါပေမယ့် နောက်နေ့သင် ကျောင်းသွားတော့ သင်ကြိုက်နေတဲ့ကောင်လေးက ရည်းစားရသွားတဲ့ အခါမှာ သင့်ဘဝရဲ့ ကံအဆိုးဆုံးနေ့ ဖြစ်လာပြန်တယ်။ ဒီလိုပါပဲ ဘဝဟာ မျက်စိတစ်မှိတ်အတွင်းမှာ ကောင်းတာရော ဆိုးတာပါ တစ်ပြိုင်တည်း ဖြစ်တတ်တယ်။ ဒါကြောင့် သူ့ကို စွန့်လွှတ်ရခြင်းဟာ သူ့ထက်ပိုကောင်းတဲ့ သူနဲ့ဆုံတွေ့ဖို့လည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။
၂) သူမပျော်တော့ရင် သင်လည်းမပျော်နိုင်တော့ပါဘူး
နှစ်ယောက်တည်း တည်ဆောက်ရတဲ့ အချစ်ရေးတစ်ခုမှာ သူ့ဘက်က မပျော်တော့ဘူး ဆိုနေမှတော့ သင်လည်းဘယ်လိုမှ ပျော်နိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကိုယ့်ဘက်ကအရမ်းချစ်နေလည်း သူ့ဘက်က မချစ်နိုင်တော့ရင် ဘယ်လိုမှ ရှေ့ဆက်လို့မရတော့ပါဘူး။ ဒါကြောင့် သင်မဖြစ်မနေစွန့်လွှတ်ရတော့မှာပါ။ ဒါဟာ နှစ်ဦးနှစ်ဖက် အဆင်ပြေစေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။
(၃) ဘယ်သူ့ကိုမှ ပျော်အောင်လုပ်ပေးလို့မရဘူး
သင်ဟာ ဘယ်သူ့ကိုမှ ပျော်အောင်လုပ်ပေးလို့ မရပါဘူး။ သူတို့ကိုယ်တိုင် မပျော်သရွေ့သင်ဘယ်လောက် ကြိုးစားကြိုးစား သူတို့ကတော့ ပျော်လာမှာ မဟုတ်ပါဘူး။ သင့်အနားမှာ မပျော်တော့တာ သင့်အမှားမဟုတ်ပါဘူး၊ ပြသနာက သူတို့ဆီမှာရှိနေတာပါ။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
(၄) ပိုကောင်းတဲ့သူနဲ့တွေ့မှာပါ
ဒီလူဟာ သင့်ဘဝရဲ့ နောက်ဆုံးလူမဟုတ်ပါဘူး။ လူဟောင်းတွေထွက်သွားပြီး လူသစ်တွေဝင်လာတာ ဘဝဖြစ်တယ်။ ဒါကြောင့် စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်ပြီးရင် သူ့ထက်အများကြီး ပိုကောင်းတဲ့သူနဲ့ တွေ့ကိုတွေ့ရမယ်ဆိုတာ မမေ့ပါနဲ့။ ရွက်သစ်တွေဝေဖို့ ရွက်ဟောင်းတွေက ကြွေပေးရသလို သဘောထားလိုက်ပါ။
(၅) အပြစ်မတင်ပါနဲ့
သင်လုံးဝ မမျှော်လင့်ထားတဲ့ အချိန်မျိုးမှာ စွန့်လွှတ်ဖို့ဖြစ်လာတတ်ပါတယ်။ အဲလိုအချိန်မျိုးမှာ သူ့ကိုအပြစ်တင်တာ၊ သူ့မကောင်းကြောင်းတွေကို ပြောတာမျိုးမလုပ်ပါနဲ့။ သင်တကယ်သူ့ကို စွန့်လွှတ်ပြီး မေ့ဖျောက်ချင်တယ်ဆိုရင်တော့ သူ့အကြောင်းကို လုံးဝမပြောတာ အကောင်းဆုံးဖြစ်ပါတယ်။ အချိန်တွေကသာ စကားပြောပါစေ။