ဒီကနေ့ခေတ်မှာ လူတော်တော်များများက အချစ်အပေါ် အဆိုးမြင်ကြတယ်။ တစ်ယောက်ယောက်က ရက်ရက်စက်စက် နာကျင်စေခဲ့လို့လားမသိ အချစ်ကို မယုံရဲအောင်ဖြစ်ကြတယ်။ ဒီလောကမှာ အချစ်စစ်ဆိုတာ တကယ်ရောရှိလို့လားလို့ သူတို့အမြဲ မေးခွန်းထုတ်တတ်ကြတယ်။
အချစ်စစ် တကယ်ရှိပါတယ်။ တချို့သူတွေက ကံမကောင်းသေးဘဲ အချစ်ကြား ခလုတ်တိုက်နေတာလေးပါ။ လူတစ်ယောက်ကို သင်ချစ်မိလိုက်တယ်။
နောက်တော့ သူက သင့်ကို နာကျင်စေခဲ့တယ်၊ လိမ်ညာခဲ့တယ်၊ အသုံးချခဲ့တယ်၊ စပယ်ယာဘီးအဖြစ် အပိုဆောင်ခဲ့တယ်။
အဲဒီနောက် သင့်ကိုယ်သင် ချုပ်နှောင်ပြီး ဘယ်သူ့ကိုမှ နောက်ထပ်မချစ်ရဲလောက်အောင် ဖြစ်သွားတယ်။
ဘာကြောင့် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက်အတွက် သင့်ကိုယ်သင် ညှဉ်းပန်းနှိပ်စက်ရသလဲ
သင် လက်မလွှတ်နိုင်အောင်ဖြစ်နေချိန်မှာ တစ်ဘက်လူက သင့်ကို စောစောစီးစီးလွှတ်ချပစ်ခဲ့ပြီ။
သင်အရိုးကြိုးပြတ် ရင်ကွဲမတတ်ငိုကြွေးနေချိန်မှာ တစ်ဘက်လူက နောက်တစ်ယောက်နဲ့ပျော်နေခဲ့ပြီ။
တချို့အချိန်မှာ နှုတ်ဆက်ခွဲခွာတာဟာ မကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါဟာ ကိုယ့်ကိုအသစ်တစ်ဖန်ပြန်စတင်စေမယ့် အခွင့်အရေးပါပဲ။
အရင်က ကြင်နာမှု နာကျင်မှုတို့ကို သင်ဖယ်ခွာပြီး ကိုယ့်ကိုယ်ကိုယ် ပိုကောင်းသူအဖြစ် သင်လုပ်နိုင်ပါတယ်။
ဘယ်လိုလူမျိုးက ကိုယ်နဲ့သင့်တော်မယ်ဆိုတာကို သင် ပိုရှင်းရှင်းလင်းလင်း သိရပါတယ်။
လူ့ဘဝရှည်ရှည်မှာ လူအများကြီးနဲ့ သင်ကြုံတွေ့ရမှာပါ။ တချို့က ရိုးသားကြင်နာတယ်၊ တချို့က သေးသိမ်ညံ့ဖျင်းတယ်။
နွေးထွေးကြင်နာတဲ့ အခိုက်အတန့်ကို သင်မှတ်ထားပြီး မှောင်မိုက်မည်းညစ်တဲ့အမှတ်သညာတွေကို သင်မေ့ပစ်ဖို့လိုပါတယ်။
“သင့်ကိုမချစ်တော့တဲ့သူတစ်ယောက်ရဲ့ရှေ့မှာ သင်ဟာ မြေမှုန်သမျှ သေးငယ်နှိမ့်ကျနေချိန်မှာတောင်
သင့်ကိုချစ်မယ့်သူတစ်ယောက်က သင့်ဆီလှမ်းလာနေပါတယ်။ သူ့အကြည့်ထဲမှာ သင်ဟာ မြေမှုန်မဟုတ်ပါဘူး ရတနာပါ” တဲ့။ ဒီစာသားလေးကို သိပ်ကြိုက်တယ်။
ဟုတ်ပါတယ် ဒီလောကမှာ သင့်ကိုတန်ဖိုးထားချစ်မယ့်သူတစ်ယောက်ကတော့ ရှိကိုရှိပါတယ်။
သူရောက်မလာသေးခင် သင့်ကိုယ်သင် ကောင်းကောင်းဂရုစိုက်ဖို့၊ တိုးတက်နေဖို့တော့ မမေ့နဲ့ပေါ့။
နိုင်းနိုင်းစနေ