က်မၼာေရး ဗဟုသုတ

ခဏခဏ မေ့တက်တဲ့သူတွေအတွက် နည်းလမ်းကောင်းများ

ခဏခဏမေ့တက်တဲ့သူတွေကို ကြုံဖူးကြမယ်ထင်ပါတယ်။ စကာပြောနေရင်းနဲ့ ဘာပြောရမလဲဆိုတာကို မေ့သွားတာ၊ ဆိုင်ကယ်သော့ အိမ်သော့ထားတဲ့နေရာတွေ မေ့သွားတာ စသဖြင့် မေ့တက်တဲ့သူတွေရှိပါတယ်။ အသက်ကြီးသွားလို့ မှတ်ဉာဏ်မကောင်းတော့ခြင်းကလည်းကောင်းတဲ့ အရာမဟုတ်ပါဘူး။ ဒီနေ့ မေ့တက်တဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေ အကြောင်းပြောပြပေးသွားမှာပါ။

ဦးနှောက်ကျန်းမာရေးအတွက် ထောက်အကူပြုတဲ့ အစားအစာတွေစားပေးပါ

Source: Medical News Today

ဘလူးဘယ်ရီသီးဟာဆိုရင် ဦးနှောက်လုပ်ဆောင်ချက်၊ မှတ်ဉာဏ်အလုပ်လုပ်နိုင်စွမ်း၊ ဦးနှောက်ကိုသွေးရောက်ရှိမှုနဲ့ ဉာဏ်စွမ်းအသုံးချနေချိန် ဦးနှောက်ရဲ့လှုပ်ရှားမှုတို့ကို ကောင်းစေပါတယ်။

ဒီလိုပဲ သစ်ကြားသီးဟာလည်း မှတ်ဉာဏ်၊ အာရုံစူးစိုက်နိုင်စွမ်းနဲ့ အချက်အလက်တုံ့ပြန်အသုံးချနိုင်တဲ့ မြန်နှုန်းတို့မှာ တိုးတက်ကောင်းမွန်စေပါတယ်။ ထောပတ်သီး၊ ချောကလက်၊ ကဖင်း စတာတွေလည်း စားလို့ရပါတယ်။ ဒါပေမယ့် ပြုပြင်စီမံထားတာတွေ၊ ပြည့်ဝဆီ၊ အသွင်ပြောင်းဆီတွေနဲ့ အချိုများတာတွေကို ရှောင်ပါ။ အကျိုးပြုအဆီဓာတ် Omega-3 fatty acid ပါတဲ့အစားအသောက်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်ကို အားဖြည့်ပေးပါတယ်။

အိပ်ရေးဝဝအိပ်ပါ

Source: Get Healthy Stay Healthy

အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ တစ်ညကို အိပ်ချိန် (၇) နာရီကနေ (၉) နာရီအတွင်းရှိဖို့ လိုအပ်ပါတယ်။ အိပ်စက်ခြင်းက ကာလတိုမှတ်ဉာဏ်နဲ့ ကာလရှည်မှတ်ဉာဏ်တို့ကို စုစည်းခိုင်မာစေဖို့ အကူအညီပေးပါတယ်။ အိပ်စက်ပြီးတဲ့နောက် အချက်အလက်တွေကို နေရာချထား သိမ်းဆည်းတာနဲ့ မှတ်ဉာဏ်လုပ်ဆောင်ချက်တွေမှာ ပိုမိုကောင်းမွန်လာပါတယ်။

လှုပ်ရှားမှုရှိနေပါစေ

Source: Discover Magazine

ကိုယ်လက်လှုပ်ရှားမှုကြောင့် ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပမာဏကိုတိုးစေပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကိုလျော့ကျစေတယ်၊ ဦးနှောက်တွင်းအကျိုးပြုဓာတုပစ္စည်းတွေရဲ့သက်ရောက်မှုအစွမ်းကို တိုးမြင့်စေပါတယ်။ လှုပ်ရှားမှုအတွင်း ဟော်မုန်းတချို့ထွက်ရှိမှုမြင့်တက်လာပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေပါတယ်။

စိတ်ဖြေလျှော့ပါ

Source: Mindful.org

ကာလတာရှည်နေတဲ့ စိတ်ဖိစီးမှုက ဦးနှောက်ကို ကောင်းကျိုးမပေးပါဘူး။ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပြီး မှတ်ဉာဏ်ဆုတ်ယုတ်စေနိုင်တယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုကိုအရင်ဖြေရှင်းတာက မှတ်ဉာဏ်ပြန်ကောင်းစေဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ တရားထိုင်တာ၊ သီချင်းနားထောင်တာတွေက စိတ်ဖိစီးမှုကို သက်သာစေတဲ့ နည်းလမ်းတွေပါ။ ဒါမှမဟုတ် စိတ်ပြေလက်ပျောက် ကိုယ်ဝါသနာပါရာတစ်ခုခုကို လုပ်လို့လည်း ရပါတယ်။