ကျွန်ု်ပ်၏အသက် ရှစ်နှစ်ကိုးနှှစ်အရွယ်ခန့်က ကျွန်ုပ်၏အဘွားသည် ရေချိုးပြီးတိုင်း သနပ်ခါးလိမ်းရန်အတွက် ကျွန်ုပ်ကိုသနပ်ခါး သွေးခိုင်းတတ်၏။ ကျွန်ုပ်သွေးသော သနပ်ခါးမှာ ညက်၍ လိမ်းကောင်းသည် ဆို၏။ထိုသို့ သနပ်ခါးသွေးရာ၌်လဲ ရိုးရိုးသွေးရသည် မဟုတ်။
ကျွန်ုပ်အား ဂါထာတစ်ပုဒ်ကို သင်ပေးထားပြီးလျှင် သနပ်ခါး သွေးနေစဉ် အတွင်း ရွတ်ခိုင်း၏။ထို့ကြောင့်ကျွန်ုပ်သည် အဘွားရေချိုးသည်နှင့်တပြိုင်တည်း ကျောက်ပြင်နှင့်သနပ်ခါးကို ထုပ်ကာမန္တာန် ကိုရွတ်ရလေတော့၏။ထို့နောက် ကျွန်ုပ်သည် မန္တာန်ရွတ်ရင်း သနပ်ခါးသွေးရ၏။
ကြာသောအခါ ကျွန်ုပ်သည် အချောင်ခို၍ သနပ်ခါးကို သာသွေးပြီးမန္တာန်ကို မရွတ်ဘဲ နေ၏။ထိုအခါ၌ အဘွားသည်-“ဟဲ့ကောင်လေး မန္တာန်ရွတ်လေ”“ဟာ အဘွားရယ်သနပ်ခါးရရင်ပြီးတာပဲ။မန္တာန်က ဘာလို့ ရွတ်ရတာလဲ” ဟု စောဒကတက်ခဲ့ဘူးလေ၏။
ထိုအခါ၌ အဘွားက-“ဒီမန္တာန်က သိပ်ပြီး စွမ်းတာငါ့မြေးရဲ့။နတ်ချစ်တယ်၊မင်းချစ်တယ်၊သူတစ်ပါးရဲ့ ဒေါသတွေကိုယ်ဆီကိုမကျရောက်ဘူး။
မြင်တဲ့သူတိုင်းက ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့သားသမီးကို ချစ်သလို ချစ်တယ်။ အဲဒါ သိကြားမင်း ပေးတဲ့ မန္တာန်။ ဆီကို အဲဒါနဲ့ မန်းပြီး ခေါင်းကို လိမ်းရတယ်။ မျက်နှာချေကိုလည်း အဲဒါနဲ့ မန်းပြီး မျက်နှာကို လိမ်းရတယ်။ လူချစ်လူခင် ပေါ တယ် ငါ့မြေးရဲ့ “ဟု ပြောလေ၏။
အမှန်စင်စစ် ကျွန်ုပ်၏ အဘွားသည် လွန်စွာအပေါက်ဆိုး၏။ မည်သည့် အခါမှ ပြေပြေလည်လည် ပြောလေ့မရှိ။ ကျွန်ု်ပ်၏ အဘွားအမည်မှာ ဒေါ်အေးခင် ဟူ၍ ဖြစ်၏။စကားပြော အပေါက်ဆိုးသော ကျွန်ုပ်၏အဘွား ဒေါ်အေးခင်အား လူတို့သည် ချစ်ခင်ကြကုန်၏။
“ဒေါ်အေးခင်ကြီးကကွာ အလွန်ရိုးတာလား။ စကားပြောတော့ ဖြောင့်ဖြောင့်ပြောတော့ အပေါက်ဆိုးသလို ဖြစ်တာပေါ့” ဟူ၍ ခွင့်လွတ်ကာ ချစ်ခင်ကြကုန်၏။ သူလိမ်းသော သနပ်ခါးတွင်ကျွန်ုပ် ရွတ်ပေးသော မန္တာန်၏ အစွမ်းကြောင့် ပေလော။
ဤစကားသည် မှန်သောစကား ဖြစ်၏။ကျွန်ုပ်သည် ကျွန်ုပ်၏ မိခင်အား-“အမေရယ် အဘွားလို သနပ်ခါးသွေးရင် မန္တာန်ရွတ်ပြီး သွေးပါလား။အဲဒီမန္တာန်ဟာ လူချစ်လူခင် များတယ် ” ဟု ကျွန်ုပ်က အကြံပေးသော်လည်း ကျွန်ုပ်၏မိခင်က” အမလေးတော် ငါတို့က နင့်ဘွားအေလို အားနေတာ မဟုတ်ဘူး။
သနပ်ခါးလည်း မလိမ်းအားဘူး လိမ်းရင်လည်း မန္တာန်တွေ ဘာတွေ ရွတ်မနေနိုင်ဘူး ကိုယ်အလုပ်နဲ့ကိုယ် ရှုပ်နေတာပဲ” ဟုပြန် ပြောလေ၏။
အမှန်စင်စစ် အားဖြင့် ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်၏ အဘွားလောက် လူချစ်လူခင် မများရှာ။ကျွန်ုပ် အိမ်ထောင်ကျ သောအခါ ကျွန်ုပ်၏ဇနီးအား ကျွန်ုပ်က” တို့အဘွားက သနပ်ခါးသွေးတိုင်း မန္တာန်ရွတ်ပြီး သွေးတာ။
လူချစ်လူခင် များတယ်။မင်းရော သနပ်ခါးသွေးရင် အဲ ဒီမန္တာန်ရွတ်ပြီး သွေးပါလား ငါအလွတ်ရတယ်။ သင်ပေးမယ်.” ဟု ပြောမိရာ ကျွန်ုပ်၏ ဇနီးသည်က “တောမှာ သွား ပြော”ဟု ကျွန်ုပ်အား ပြောလေတော့ ၏။
ကျွန်ုပ်၏ ဇနီးသည် မည်သည့် မန္တာန်ကိုမျှ မရွတ်။ ထူးခြားချက် တစ်ခုမှာသူသည် လူမုန်း များသော သူဖြစ်၏။ကျွန်ုပ်သည်ထိုမန္တာန် အပေါ်ယုံကြည် သက်ဝင်လာခဲ့၏။
လူချစ်လူခင် များစေသောမန္တန်လေးကတော့
လောကီပညာ များကိုလိုက်စားသော အခါ၌ ပြည်ဦး ကြန်စွယ်၏ MAGICAL ARTS (ခေါ်) ဝိဇ္ဇာမယ သိဒ္ဓိကျမ်းသည်လောကီပညာလေ့လာသူတိုင်း မဖတ်မဖြစ် ဖတ်ရသောကျမ်း ဖြစ်လေရာ ထိုကျမ်းကို ဖတ်ရ၏။ထိုအခါ ထိုကျမ်း၏ အပုဒ်ရေ ၄၁၀-၌ ကျွန်ုပ်၏ သနပ်ခါးမန်း ဆီမန်းဂါထာသည်တခမ်းတနား ပါလာ တော့၏။
ခရက်ဒစ်