၉.၁.၂၀၂၁ ရက်နေ့ Forbes ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ စာရင်းကို ကိုးကားထားခြင်းဖြစ်ပါတယ်။
၁၀။ ဆာဂေးဘရင်
ပြီးခဲ့တဲ့နှစ်က အဆင့် ၁၀ နေရာမှာရှိခဲ့တဲ့ အိန္ဒိယသူဌေးကြီး မာခက်ရှ် အမ်ဘန်နီက အဆင့် ၁၃ နေရာကိုရောက်သွားပြီး ဂိုဂဲရဲ့ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ဆာဂေးဘရင် က အချမ်းသာဆုံး နံပါတ် ၁၀ နေရာကို ရောက်ရှိလာခဲ့ပါတယ်။ ဆာဂေးဘရင်ဟာ ရုရှားနွယ်ဖွား အမေရိကန်နိုင်ငံသား ကွန်ပျူတာပညာရှင် နဲ့ အင်တာနက် စွန့်ဦးတီထွင် တစ်ဦးဖြစ်ပြီး ဂိုဂဲကို လယ်ရီပေ့ချ် နဲ့ ပူးပေါင်းကာ တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။
အသက် ၆နှစ်ကတည်းက ဆိုဗီယက်ကနေ အမေရိကန်ကိုပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် အသက် ၁၉နှစ်အရွယ်မှာပဲ မေရီလန်းတက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံ နဲ့ သင်္ချာအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ကွန်ပျူတာပါရဂူဘွဲ့ယူရန်အတွက် စတန်းဖို့ဒ်တက္ကသိုလ်ကို ပြောင်းရွှေ့ခဲ့ပြီးတဲ့နောက် သူ့ပါတနာဖြစ်လာမယ့် လယ်ရီပေ့ချ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ နှစ်ယောက်သားပူးပေါင်းခဲ့ပြီးတဲ့နောက် ပညာသင်မှုကိုခဏရပ်နားလိုက်ကာ နောက်တချိန်မှာ နံပါတ် ၁ အင်တာနက်ရှာဖွေရေးဝဘ်ဆိုဒ်ဖြစ်လာမယ့် Google ကို ကားဂိုထောင်တစ်ခုကနေ စတင်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ပူးပေါင်း စွမ်းဆောင်ခဲ့တဲ့ အင်တာနက်ရှာဖွေရေးဝဘ်ဆိုဒ် Google ဟာ ယခုအချိန်မှာတော့ နာမည်အကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်လာသလို အခြားနည်းပညာဆိုင်ရာ လုပ်ငန်းခွဲပေါင်းမြောက်များစွာကိုလည်း ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။ Google ကြောင့်ပဲ နှစ်အနည်းငယ်အတွင်းမှာ ဘီလျံနာတွေဖြစ်ခဲ့ကြပြီး လက်ရှိအချိန် ဘရင်ရဲ့ ကြွယ်ဝမှုဟာ ၇၇ ဘီလျံဖြစ်ပါတယ်။
၉။ လယ်ရီပေ့ချ် (Google)
လယ်ရီပေ့ချ် ကိုတော့ ဂိုဂဲလ်တည်ထောင်သူအဖြစ် လူသိများပါတယ်။ မိဘများမှာ မီချီကန်တက္ကသိုလ် ကွန်ပျူတာသိပ္ပံမှ ပါမောက္ခများဖြစ်သည့်အတွက် ၆နှစ်အရွယ်ကတည်းက ကွန်ပျူတာတွေနဲ့ရင်းနှီးခဲ့သူဖြစ်ပါတယ်။ မူလတန်းသင်ခန်းစာတွေကို ကွန်ပျူတာသုံး၍လုပ်ခဲ့သူပါ။ ကွန်ပျူတာသိပ္ပံဘွဲ့ကိုမီချီကန် တက္ကသိုလ်ကနေ ရရှိခဲ့ပြီး ဘွဲ့လွန်ကိုတော့ စတန်းဖို့ဒ်ကနေ ရရှိခဲ့ပါတယ်။
ပါရဂူဘွဲ့ယူဖို့အတွက် အင်တာနက်ကွန်ယက်များ ချိတ်ဆက်မှုဆိုင်ရာနည်းပညာ စာတမ်းကို ပြုစုဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ အင်တာနက်ပေါ်မှာ လိုချင်တဲ့ အဖိုးတန်အချက်အလက်တွေကို အကောင်းဆုံးဘယ်လိုရှာဖွေနိုင်မလဲ အဖြေကိုရှာခဲ့ပါတယ်။ အဲဒီအချိန်က အင်တာနက်မှာ web page တွေဟာ ပြန့်ကြဲနေပြီး လိုချင်တာကို ရှာဖွေဖို့ မလွယ်ကူခဲ့ပါဘူး။ ပေ့ချ်ရဲ့ပရောဂျက်ကို စိတ်ဝင်စားတဲ့ ဆာဂျီဘရမ်းနဲ့ ပေါင်းမိပြီး သူတို့ရဲ့ဦးဆောင်ကြိုးစားမှုနဲ့ အတူ ၁၉၉၆ခုနှစ်မှာ ဂိုဂဲလ်ကို ပထမဆုံးအနေနဲ့ စတန်းဖိုဒ့်တက္ကသိုလ် ဝဘ်ဆိုဒ်မှာ တင်ပေးနိုင်ခဲ့ပါတယ်။
၁၉၉၈ခုနှစ်မှာတော့ သူတို့နှစ်ယောက်ပေါင်းပြီး Google ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ကာ တွဲဘက်ဥက္ကဌ တာဝန်တွေကို ယူခဲ့ကြပါတယ်။ လက်ရှိမှာတော့ Google ဟာ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်ခဲ့ပြီး လယ်ရီပေ့ချ်ရဲ့ကြွယ်ဝမှုကတော့ ၇၉.၂ ဘီလျံ ဖြစ်ပါတယ်။
၈။ ဝါရင်းဘတ်ဖတ် (Berkshire Hathaway)
ဝါရင်းဘတ်ဖတ် ကတော့ သူ့ရဲ့ဒသန နဲ့ လုပ်ဆောင်ချက်တွေကြောင့် လူသိများတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။ သူဌေးတွေထဲမှာ သူက တမူထူးတယ်လို့ ဆိုနိုင်ပါတယ်။ အများစုက လုပ်ငန်းနယ်ပယ်တစ်ခုတည်းကို တစိုက်မတ်မတ်လုပ်ပေမယ့် ဝါရင်းကတော့ လုပ်ငန်းပေါင်းစုံကို ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်လို့ ဖြစ်ပါတယ်။
၁၀ နှစ်သားအရွယ်ကတည်းက လုပ်နိုင်တဲ့စီးပွားရေးတွေကို လုပ်ခဲ့သူဖြစ်ပါတယ်။ အသက် ၁၁နှစ်မှာ ပထမဆုံး ရှယ်ယာကို ဝယ်ခဲ့တယ်။ ၁၄နှစ်မှာ သတင်းစာ ပို့တဲ့အလုပ်မှာ သူများတွေထက် နှစ်ဆပိုလုပ်ပြီး မြေကွက်လေးတစ်ကွက်ကို ဝယ်နိုင်ခဲ့တယ်။ အဲဒီအချိန်က သူလုပ်တဲ့အလုပ်တွေက သတင်းစာပို့ခြင်းအပြင် ကုန်ဆိုင်အလုပ် ၊ ဂေါက်သီးရောင်းတဲ့အလုပ် ၊ တံဆိပ်ခေါင်းရောင်းတဲ့အလုပ်တွေဖြစ်တယ်။ တက္ကသိုလ်ကျောင်းသားဘဝမှာလည်း ဘောလုံးကစားခုံ လုပ်ငန်းနဲ့ စတော့ရှယ်ယာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီး ကျောင်းပြီးတဲ့အခါ သူဟာ ဒေါ်လာ ၁သိန်းနီးပါးကို စုမိပြီးဖြစ်တယ်။ စတော့ရှယ်ယာလုပ်ငန်းကြောင့် ၁၉၆၁ခုနှစ်မှာပဲ သန်းကြွယ်သူဌေးဖြစ်လာခဲ့တယ်။
အဲဒီနောက်တော့ အထည်လိပ်လုပ်ငန်းဖြစ်တဲ့ Berkshire Hathaway မှာ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ လက်ရှိမှာတော့ အဲဒီလုပ်ငန်းစုကြီးဟာ ဘတ်ဖတ်ရဲ့လက်အောက်မှာ အာမခံလုပ်ငန်း ၊ အစားအစာ နဲ့ စားသောက်ဆိုင်လုပ်ငန်း ၊ လေယာဉ်လုပ်ငန်း ၊ အရုပ်လုပ်ငန်း ၊ မော်တော်ကားလုပ်ငန်း ၊ မီဒီယာလုပ်ငန်း ၊ အိမ်ခြံမြေလုပ်ငန်း ၊ အားကစားပစ္စည်းလုပ်ငန်း နဲ့ အင်တာနက်လုပ်ငန်း အစရှိခဲ့ လုပ်ငန်းပေါင်းများစွာ ကုမ္ပဏီပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းစုကြီး တစ်ခုဖြစ်နေပါပြီ။
ဘီလျံနာကြီးဖြစ်ပေမယ့် ဇိမ်ခံပစ္စည်းတွေနဲ့ အသားမကျဘူး။ ဟိုးအရင်နေခဲ့တဲ့ ၃ခန်းတွဲအိမ်လေးမှာပဲနေတယ် ၊ ကားကိုကိုယ်တိုင်မောင်းတယ် ၊ ဂျက်လေယာဉ်ကုမ္ပဏီပိုင်ပေမယ့် ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားလေ့မရှိဘူး ၊ အစားအသောက်တစ်နပ်စာက ၁၀ဒေါ်လာ မကျော်ဘူး ၊ သူပိုင်ဆိုင်တဲ့ စုစုပေါင်းရဲ့ ၉၉% ကို လှူဒါန်းသွားမယ်လို ကတိပေးထားတယ်။ လက်ရှိသူ့ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၈၈.၆ ဘီလျံဖြစ်ပါတယ်။
၇။ လယ်ရီ အယ်လစ်ဆင် ( Oracle)
လယ်ရီ အယ်လစ်ဆင် ကတော့ ကမ္ဘာ့အကြီးဆုံး ဆော့ဝဲနည်းပညာကုမ္ပဏီကြီး Oracle ကို တည်ထောင်တဲ့သူအဖြစ် သိကြပါတယ်။ ငယ်စဉ်ကတည်းက မိခင်ရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့သူဟာ ဂျူးလူမျိုးဖခင် Lillian Spellman Ellison ရဲ့လက်ထဲမှာကြီးပြင်းခဲ့ရပါတယ်။ ဉာဏ်ထက်လွန်းပေမယ့် စာသင်ရာမှာ စိတ်မပါတဲ့အတွက် ဒုတိယနှစ်နဲ့ ကျောင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ပျူတာဒီဇိုင်းကို စိတ်ဝင်စားတာကြောင့် ချီကာဂိုတက္ကသိုလ်မှာ ကွန်ပျူတာဒီဇိုင်းဘာသာရပ်ကို တစ်နှစ်သွားတက်ခဲ့ပါတယ်။
အဲဒီနောက်တော့ Ampex ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး သူလုပ်ရတဲ့အလုပ်က CIA အတွက် အချက်အလက်များကိုထည့်ပေးရတဲ့ အလုပ်ဖြစ်ပါတယ်။ ဒီအလုပ်ကို Oracle လို့နာမည်ပေးခဲ့ပြီး ၁၉၇၇ခုနှစ်မှာတော့ Oracle ကုမ္ပဏီကို စတင်ခဲ့ပါတယ်။ အယ်လစ်ဆင်ဟာ Apple ကုမ္ပဏီမှာလည်း ဒါရိုက်တာတစ်ယောက်အဖြစ် လုပ်ကိုင်ဖူးပြီး နောက်ပိုင်း အစည်းအဝေးများကို တက်ရန် အချိန်မရှိဆိုတဲ့ အကြောင်းပြချက်နဲ့ ထွက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ Oracle ဟာ ဆော့ဝဲဈေးကွက်မှာ မိုက်ခရိုဆော့ဖ်ရဲ့နောက် ဒုတိယနေရာကို ရယူထားပြီး အယ်လစ်ဆင်ကတော့ ၈၉.၄ ဘီလျံ ကြွယ်ဝသူ ဖြစ်လာခဲ့ပါတယ်။ သူဟာ ဆေးဘက်ဆိုင် ရာသုတေသန လုပ်ငန်းများ၊ ပညာရေးနဲ့ဆိုင်သည့် လုပ်ငန်းများကို ဒေါ်လာသန်းပေါင်းများ စွာပေးလှူခဲ့ပေမယ့် ဒီအတွက် နာမည်ဖော်ထုတ်ခြင်းမရှိခဲ့ပဲ တိုးတိုးတိတ်တိတ်သာ လှူခဲ့သူဖြစ်ပါတယ်။ သူ့ပိုင်ဆိုင်မှု ၉၅%ကို ပရဟိတလုပ်ငန်းများအတွက် လှူဒါန်းခဲ့မယ်လို့ ကြေငြာထားသူတစ်ဦးလည်းဖြစ်ပါတယ်။
၆။ Zhong Shanshan (Nongfu Spring)
Zhong Shanshan ကတော့ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး Nongfu Spring ကုမ္ပဏီတည်ထောင်သူ ဖြစ်ပါတယ်။ တရုတ်က အကြီးဆုံး ဆေးဝါးကုမ္ပဏီတခုဖြစ်တဲ့ Beijing Wantai ရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာပြီးနောက် အိန္ဒိယသူဌေးကြီး Mukesh Ambani ကို ကျော်ဖြတ်ကာ အာရှရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
Zhong ဟာ ၆တန်းအထိသာ ကျောင်းနေခဲ့ရပြီး အသက် ၁၂ နှစ်မှာ တရုတ်ခေါင်းဆောင် မော်စီတုံးရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ ကို ကြုံဆုံခဲ့ရပါတယ်။ အခြားနိုင်ငံသားများစွာနဲ့အတူ သူတို့မိသားစုဟာလည်း အာဏာပိုင်တွေရဲ့ နှောက်ယှက်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ဆင်းရဲကြပ်တည်းခဲ့ပါတယ်။ Zhong ကိုယ်တိုင်ဟာလည်း ဆောက်လုပ်ရေးဝန်ထမ်း ၊ သတင်းစာပို့သမား စတဲ့အောက်ခြေသိမ်း အလုပ်များစွာကို လုပ်ကိုင်ဖြတ်သန်းခဲ့ရပါတယ်။
၁၉၉၆ ခုနှစ်မှာတော့ သောက်ရေသန့်ကုမ္ပဏီ Nongfu Spring ကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ Zhong ရဲ့ ကြိုးစားမှုကြောင့် ဒီကုမ္ပဏီဟာ တဖြည်းဖြည်းကြီးထွားလာခဲ့ပြီး နောက်ပိုင်းမှာတော့ လက်ဖက်ရည် နဲ့ အဖျော်ယမကာ ထုတ်ကုန်ပေါင်းများစွာကို တိုးချဲ့ထုတ်လုပ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရေသန့် နဲ့ အဖျော်ယမကာ ကုမ္ပဏီဖြစ်ပါတယ်။ Zhong ဟာ ကမ္ဘာပေါ်မှာတော့ ၆ယောက်မြောက် အချမ်းသာဆုံးဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၉၅.၆ ဘီလျံ ဖြစ်ပါတယ်။
၅။ မတ်ခ် ဇူကာဘတ် ( Facebook)
ဖေ့ဘုတ်တည်ထောင်သူ ဇူကာဘတ်ကတော့ ဖေ့ဘုတ်သုံးစွဲသူတွေနဲ့ ရင်းနှီးပြီးသူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ ၁၉၈၄ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဟာ အသက် ၁၂နှစ်အရွယ်ကတည်းက ပရိုဂရမ်တွေကို ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၀အရွယ်မှာတော့ ဟားဗတ်တက္ကသိုလ်တက်နေရင်း တက္ကသိုလ်ကျောင်းသားတွေသုံးဖို့ facemash ဆိုတဲ့ ဝဘ်ဆိုဒ်ကို စတင်ပေးခဲ့ပါတယ်။
ကျောင်းသူနှစ်ဦးစီရဲ့ပုံကို ယှဉ်ပြီး ဘယ်သူကချောလဲ ၊ ဘယ်သူက ဆွဲဆောင်မှုရှိလဲ ဆိုတာကို အခြားသူတွေက အမှတ်ပေးလို့ရတဲ့ ဝဘ်ဆိုဒ်ဖြစ်ပါတယ်။ တက္ကသိုလ်တွေကြား ရေးပန်းစားသွားတဲ့ သူ့ဝဘ်ဆိုဒ်ဟာ အလွန်အမင်းပေါက်ခဲ့ပြီး တစ်ပတ်အကြာမှာတော့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ခေါ်တွေ့ပြီး ပိတ်ခိုင်းခဲ့တယ်။ ကျောင်းသူတွေရဲ့ ဓာတ်ပုံတွေကို ခွင့်မပြုပဲယူသုံးခဲ့တာကြောင့်ဖြစ်ပြီး ပြန်လည်တောင်းပန်ခဲ့ရပါတယ်။
အဲဒီနောက်တော့ သူဟာ ကျောင်းကထွက်ခဲ့ပြီး facemash ကို facebook လို့ပြောင်းလဲကာ ဖေ့ဘုတ်ကုမ္ပဏီကို စတင်ခဲ့ပါတယ်။ အစပိုင်းသိပ်မသုံးခဲ့ကြပေမယ့် တဖြည်းဖြည်းနဲ့ သုံးစွဲသူများပြားလာခဲ့သလို မတ်ခ်ဟာလည်း အသက် ၂၃နှစ်တည်းနဲ့ ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာဖြစ်လာခဲ့ပါတယ်။ ယခုလက်ရှိအချိန်မှာတော့ ဖေ့ဘုတ်သုံးစွဲသူပေါင်း သန်း ၂၇၀၀ ခန့်ရှိနေပြီဖြစ်သလို မတ်ခ်ရဲ့ပိုင်ဆိုင်မှုကလည်း အဆမတန်တိုးလာခဲ့ကာ ၉၇.၉ ဘီလျံအထိ ကြွယ်ဝခဲ့ပြီဖြစ်ပါတယ်။ ချမ်းသာပေမယ့် ပရဟိတအလုပ်တွေနဲ့အတူ သာမန်လူတစ်ယောက်လိုသာ နေတတ်သူအဖြစ် နာမည်ကြီးပါတယ်။
၄။ ဘီဂိတ်စ် (Mircosoft)
တချိန်က နံပါတ် ၁ အချမ်းသာဆုံးဖြစ်ခဲ့တဲ့ ဘီဂိတ်စ်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာ နံပါတ် ၁နေရာကို အမေဇုန်ကုမ္ပဏီပိုင်ရှင်ကို လွှဲပေးခဲ့ရသလို ယခု ၂၀၂၀ အစပိုင်းမှာလည်း နံပါတ် ၂ နေရာကို ပြင်သစ်သူဌေးကြီးထံကို ထပ်လွှဲခဲ့ပြီး လက်ရှိအချိန်မှာတော့ နံပါတ် ၄ နေရာကို ရောက်ရှိသွားခဲ့ပါပြီ။
မိုက်ခ်ရိုဆော့ဖ်ပိုင်ရှင် သူဌေးကြီး ဘီဂိတ်စ်ကတော့ သူ့ရဲ့ကြွယ်ဝမှု နဲ့ ပရဟိတလုပ်ငန်းတွေကြောင့် လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကွန်ပျူတာကို စိတ်ဝင်စားတဲ့ ဂိတ်စ်ဟာ သူ့ရဲ့အားလုပ်ချိန်တွေကို ကွန်ပျူတာ ကုဒ်ရေးတာနဲ့ပဲ ကုန်ဆုံးလေ့ရှိပါတယ်။ သူစရေးခဲ့တဲ့ ပရိုဂရမ်က tic-tac-toe ဆိုတဲ့ ကွန်ပျူတာဂိမ်းဖြစ်ပါတယ်။ အထက်တန်းကျောင်းသား ဘဝတည်းက စီးပွားရေး ကုမ္ပဏီတွေအတွက် ပရိုဂရမ်တွေကို ရေးသားပေးနေပြီဖြစ်တယ်။ ၁၉၇၃ခုနှစ်မှာ အထက်တန်းကျောင်းအောင်ခဲ့ပြီး SAT အရည်အချင်းစစ်စာမေးပွဲမှာ အမှတ်ပေါင်း ၁၆၀၀ ကို ၁၅၉၀မှတ် ရတဲ့အထိဖြေပြနိုင်ခဲ့တယ်။
အဲဒီနောက်တော့ ဟားဗတ်မှာ ဥပဒေဘာသာရပ်ကို တက်ခဲ့တယ်။ ဒါပေမယ့် သူစိတ်ဝင်စားတာက ကွန်ပျူတာလို့ သိလိုက်ပြီးတဲ့နောက် ကျောင်းကနေထွက်ခဲ့ပြီး သူငယ်ချင်း Paul Allen နဲ့ အတူ Horneywell ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ခဲ့ကြတယ်။ အလုပ်အားချိန်တိုင်းမှာ သူငယ်ချင်းနှစ်ဦး ကွန်ပျူတာကိုလေ့လာပြီး နောက် အခြေခံဆော့ဝဲတစ်ခုကို Apple ကုမ္ပဏီထံရောင်းချခဲ့တယ်။ ၁၉၇၇ခုနှစ်မှာတော့ ဂိုထောင်လေးတစ်လုံးထဲကနေ Microsoft ကို စတင်ခဲ့တယ်။ အဲဒီအချိန်က ဂိတ်စ်ရဲ့အသက်ဟာ ၂၂နှစ်ပဲ ရှိသေးပြီး တစ်ပိုင်တစ်နိုင်ကွန်ပျူတာတွေလည်းပေါ်နေပြီဖြစ်တာကြောင့် သူတို့ရဲ့ဆော့ဝဲတွေ အလွန်ရောင်းချခဲ့ရတယ်။ ၁၉၈၄ မှာတော့ ယနေ့ အအောင်မြင်ဆုံးကွန်ပျူတာစနစ်ဖြစ်တဲ့ Windows1.0 ကို Apple အတွက်ရေးပေးနိုင်ခဲ့တယ်။ Windows ရဲ့အောင်မြင်မှုကြောင့် အသက် ၃၁နှစ်အရွယ်မှာပဲ ဂိတ်ဟာ ဘီလျံနာဖြစ်လာခဲ့တယ်။
ဂိတ်ဟာ ချမ်းသာသလို အလှူအတန်းလည်းရက်ရောလွန်းသူတစ်ယောက်ဖြစ်ကာ အလှူအတန်းအလုပ်နိုင်ဆုံးသူအဖြစ် နာမည်ကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက သူ့ရဲ့သားသမီးများကို ဒေါ်လာ ၁၀ သန်းသာပေးခဲ့မှာဖြစ်ပြီး ကျန်တဲ့ပိုင်ဆိုင်မှုအားလုံးကို ပရဟိတလုပ်ငန်းတွေအတွက် လှူဒါန်းသွားမယ်လို့ ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း စီးပွားရေးကို အခြားသူတွေထံလွှဲထားခဲ့ပြီး သူကိုယ်တိုင်ကတော့ ကမ္ဘာ့အကြီးဆုံးပရဟိတ ဖောင်ဒေးရှင်းဖြစ်တဲ့ Bill & Melinda Gates Foundation မှာပဲ ကမ္ဘာအနှံ့က လူသားတွေအတွက် ပညာရေး နဲ့ ကျန်းမာရေး ကူညီမှုတွေကိုအချိန်ပြည့်လုပ်ဆောင်လျှက်ရှိပါတယ်။ အဲဒီဖောင်ဒေးရှင်းကြီးက လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၅၀.၇ ဘီလျံကို ကမ္ဘာအနှံ့သို့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။ ဘီဂိတ်စ်ရဲ့ လက်ရှိ ကြွယ်ဝမှုကတော့ ၁၂၂ ဘီလျံ ဖြစ်ပါတယ်။
၃။ ဘားနတ်အာနို့ထ် (LVMH)
အာနို့ထ်ကတော့ ပြင်သစ်ရဲ့အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ပြီး ကမ္ဘာ့နာမည်အကြီးဆုံး ဇိမ်ခံပစ္စည်းတွေကို ထုတ်လုပ်တဲ့ LVMH လုပ်ငန်းစုကြီးရဲ့တည်ထောင်သူဖြစ်ပါတယ်။ ပြင်သစ်စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်ပြီး ငယ်စဉ်ကတည်းက စီးပွားရေးမှာ ထူးချွန်ခဲ့သူဖြစ်ပါတယ်။ အင်ဂျင်နီယာဘွဲ့ရပြီးတဲ့နောက် ဖခင်ရဲ့သာမန်လုပ်ငန်းကို နှစ်အနည်းငယ်အတွင်း ထိပ်တန်းကုမ္ပဏီကြီးဖြစ်အောင် ပြောင်းလဲချဲ့ထွင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
ပြင်သစ်မှာ ဆိုရှယ်လစ်အားကောင်းလာခဲ့ပြီးတဲ့နောက် အမေရိကန်ကို ပြောင်းရွေ့ခဲ့ရတယ်။ အဲဒီမှာတော့ သူ့စီးပွားရေးမအောင်မြင်ခဲ့ပါဘူး။ ၃နှစ်အကြာမှာတော့ ပြင်သစ်ကို ပြန်လာခဲ့ပြီး ဇိမ်ခံပစ္စည်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Financiere Agache မှာ ရင်းနှီးမြုပ်နှံခဲ့ပြီး CEO အဖြစ်နဲ့ တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေးဈေးကွက် မတည်ငြိမ်မှုကြောင့် Christian Dior နှင့် Le Bon Marche စတိုးဆိုင်ကြီးက လွဲလို့ ပိုင်ဆိုင်သမျှ အားလုံးကိုရောင်းချခဲ့ရပါတယ်။
၁၉၈၇ခုနှစ်မှာတော့ LVMH ကို တည်ထောင်ခဲ့ပြီးတဲ့နောက် ဇိမ်ခံပစ္စည်းလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ခဲ့တော့တယ်။ ယနေ့ နာမည်ကြီးနေတဲ့ Dior ဟာ ရေမွှေးဟာ ဒီအထဲက တစ်ခုပါ။ ၂၀၀၇ခုနှစ်မှာတော့ ပြင်သစ်ရဲ့အကြီးဆုံး ကုမ္ပဏီဖြစ်လာခဲ့တယ်။ လက်ရှိအချိန်မှာတော့ LVMH ဟာ ကမ္ဘာ့အကြီးဆုံး ဇိမ်ခံပစ္စည်းလုပ်ငန်းဖြစ်လာပြီး အာနို့ထ်ဟာလည်း တတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာကာ ၁၅၅.၅ ဘီလျံ အထိကြွယ်ဝလာခဲ့ပါတယ်။
၂။ ဂျက်ဖ်ဘီးဇိုစ့် ( Amazon)
၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်နေခဲ့သူ အမေဇုန်သူဌေးကြီး ဂျက်ဖ်ဘီးဇိုစ့် ကတော့ ၂၀၂၁ခုနှစ်မှာ သူ့နေရာကို Elon Musk အားဖယ်ပေးခဲ့ရပြီး ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါပြီ။ ငယ်စဉ်ကတည်းက စက်မှုဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားပြီး လမ်းလျှောက်တတ်စအရွယ်မှာပင် ဝက်အူလှည့်တစ်လက်ဖြင့် ကုတင်မှဝက်အူများကို ဖြုတ်တတ်နေပါပြီ။ သိပ္ပံစမ်းသပ်မှုများကို အထက်တန်းကျောင်းတက်နေစဉ်အတွင်း စိတ်ဝင်တစားပြုလုပ်ခဲ့ပြီး အိမ်၏ ဂိုထောင်ကို သူ့ရဲ့စမ်းသပ်ခန်းအဖြစ်ပြောင်းလဲပစ်ကာ စမ်းသပ်မှုအမျိုးမျိုးကို ကိုယ်တိုင်လုပ်နေပြီဖြစ်ပါတယ်။
ပရင့်စတန် မှ ကွန်ပျူတာသိပ္ပံ နဲ့ အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ပြီးတဲ့နောက် Wall Street ကွန်ပျူတာ နယ်ပယ်မှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက် အခြားနည်းပညာ ကုမ္ပဏီများတွင် နှစ်ပေါင်းများစွာ ပြောင်းလဲလုပ်ကိုင်ခဲ့ပါတယ်။ ကွန်ပျူတာသမားဖြစ်ပေမယ့် ငယ်စဉ်ကတည်းက အဖိုးရဲ့မွေးမြူရေးခြံထဲမှာ စီမံခန့်ခွဲမှုတွေကို လုပ်ခဲ့သူဖြစ်တာကြောင့် စီမံခန့်ခွဲမှုအပိုင်းမှာလည်း အလွန်တော်သူ ဖြစ်ခဲ့ပါတယ်။
ယနေ့ ကမ္ဘာ့အကြီးဆုံး အွန်လိုင်းကုမ္ပဏီဖြစ်လာမယ့် Amazon ကုမ္ပဏီကိုတော့ ၁၉၉၄ခုနှစ်မှာ ဂိုထောင်လေးတစ်လုံးထဲကနေ စတင်ခဲ့ပါတယ်။ ဂျက်ဖ် ဘီဇို့စ် တည်ထောင်ခဲ့တဲ့ Amazon ကုမ္ပဏီလေးသည် နှစ်ပေါင်း ၂၄နှစ်ကြာပြီး ယခုအခါတွင် ကမ္ဘာ့နံပါတ် ၁ အွန်လိုင်းအရောင်းအဝယ်ကုမ္ပဏီဖြစ်လာခဲ့သလို ဝန်ထမ်းပေါင်း ၁.၂သန်းကျော်ရှိလာတဲ့အထိ ကြီးထွားလာခဲ့ပါတယ်။ ဘီဇို့စ်၏ လက်ရှိကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ ၁၈၅.၇ ဘီလျံ ဖြစ်ပါတယ်။
၁။ Elon Musk (Tesla,SpaceX)
အီလွန်မက်ခ် ရဲ့ အမည်အပြည့်အစုံက Elon Reeve Musk ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သလို ၊ စက်မှုဒီဇိုင်နာ နဲ့ အင်ဂျင်နီယာ တဦးလည်းဖြစ်ပါတယ်။ သူ့ကို ပုဂ္ဂလိက အာကာသကုမ္ပဏီ SpaceX ရဲ့ ပိုင်ရှင် နဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ရဲ့ စီအီးအိုအဖြစ် လူသိများပါတယ်။ တခြားစက်မှု နဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီများစွာလည်း ပိုင်ဆိုင်ထားသလို ခေတ်သစ်ကမ္ဘာကို ပြောင်းလဲစေမယ့် ပရောဂျက်များစွာကိုလည်း ဖန်တီးနေသူ တဦးဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် တနှစ်ထဲမှာတင် ဘီလျံပေါင်းများစွာချမ်းသာလာခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နီဝါရီလမှာတော့ အားလုံးကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
Musk ဟာ တောင်အာဖရိကဖခင် နဲ့ ကနေဒါသူမိခင် တို့က မွေးဖွားခဲ့တာဖြစ်ပြီး တောင်အာဖရိက ပရီတိုးရီးယားမြို့မှာ ကြီးပြင်းခဲ့သူပါ။ ဆယ်ကျော်သက်မှာ ကနေဒါကို ရွေ့ပြီး အဲဒီကနေမှ အမေရိကန်ကို ရောက်လာခဲ့ပါတယ်။ ပန်ဆယ်ဗေးနီးယား တက္ကသိုလ်တက်ခဲ့ပြီး စီးပွားရေး ၊ ရူပဗေဒ ဘွဲ့တွေရခဲ့ပါတယ်။ နောက် ရူပဗေဒ နဲ့ သိပ္ပံဘာသာရပ်တွေမှာ Ph.D ဆက်တက်ဖို့ စာရင်းသွင်းခဲ့ပြီး ၂ရက်အကြာမှာပဲ ဆက်မတက်တော့ပဲ စီးပွားရေးလောကထဲ ဝင်ရောက်ခဲ့တယ်။ Zip2 ဆိုတဲ့ နည်းပညာ ကုမ္ပဏီကို တခြားညီအစ်ကိုတွေနဲ့ ပေါင်းတည်ထောင်ခဲ့တယ်။ ဒီကုမ္ပဏီကို နည်းပညာကုမ္ပဏီကြီး Compaq က ၁၉၉၉ ခုနှစ်မှာ ဒေါ်လာ ၃၀၇ သန်း နဲ့ ဝယ်ယူသွားခဲ့တယ်။
နောက်တော့ X com ကုမ္ပဏီကိုထောင်တယ် ၊ Paypal နဲ့ပေါင်းတယ်။ Paypal ကို Ebay ကနေ ဒေါ်လာ ၁.၅ ဘီလျံ နဲ့ ဝယ်ယူသွားခဲ့တော့ Musk က ဒေါ်လာ သန်း ၁၈၀ ခန့် ရခဲ့တယ်။ ၂၀၀၂ မှာ အာကာသနည်းပညာ ကုမ္ပဏီ SpaceX ကို တည်ထောင်ခဲ့တယ်။ ၂၀၀၄ မှာတော့ Tesla လျှပ်စစ်ကားကုမ္ပဏီကို စတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှ စီအီးအိုဖြစ်လာတယ်။ ထုတ်ကုန် အာခီတက် ၊ ဒီဇိုင်နာ ၊ အင်ဂျင်နီယာ တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့တယ်။ နောက် ဆိုလာကုမ္ပဏီ SolarCity တည်ထောင်ဖို့ ကူညီပေးခဲ့သလို ၊ ဉာဏ်ရည်မြင့်နည်းပညာ OpenAI ကုမ္ပဏီ ၊ Neuralink ၊ ယာဉ်ကြောပိတ်ဆို့မှုတွေမရှိပဲ ဥမင်တွေအတွင်းကနေ အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ သွားနိုင်စေဖို့ Boring ကုမ္ပဏီ တွေကိုလည်း တည်ထောင်ခဲ့တယ်။
၂၀၂၀ ခုနှစ်အတွင်းမှာ Tesla လျှပ်စစ်ကားကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ မူရင်းတန်ဖိုးထက် ၇၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ရာကနေ ရှယ်ယာများစွာ ပိုင်ဆိုင်ထားတဲ့ Musk ဟာ အချမ်းသာဆုံးသူ ၁၀ ယောက်ထဲ ပါဝင်လာခဲ့တယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ Tesla ကုမ္ပဏီဟာ လျှပ်စစ်ကားစီးရေ ၅သိန်းနီးပါး ရောင်းချခဲ့ရပြီး ယမန်နှစ်ကထက် ၃၆ ရာခိုင်နှုန်း ပိုရောင်းခဲ့ရတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာတော့ ရှယ်ယာတန်ဖိုး ၈ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့ပြီးမှာတော့ Musk ဟာ အမေဇုန်ပိုင်ရှင် ဂျက်ဖ်ဘီးဇိုစ့် ကို ကျော်တက်ခဲ့ပြီး နံပါတ် ၁ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ Musk ရဲ့ လက်ရှိအချိန်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၈၉.၇ ဘီလျံ ဖြစ်ပါတယ်။