မိန်းကလေးတိုင်း အားနည်းပျော့ညံလွယ်တယ်လို့ ထင်နေမိတယ်ဆိုရင်တော့ သင့်ရဲ့ထင်မြင်ချက်တွေ မှားယွင်းနေတယ်လို့ သတိပေးပါရစေ။ တစ်ချို့မိန်းကလေးတွေက တော်ရုံယောကျာ်းလေးတွေထက်တောင် စိတ်ဓာတ်ကြံခိုင်ကြပြီး သူတို့ရဲ့ ဘဝအတွက် အကောင်းဆုံး ကြိုးစားနေထိုင်တတ်ကြတဲ့ သူတွေပါ။ ဒီလို စိတ်ဓာတ်ကြံခိုင်တဲ့ မိန်းကလေးတွေဆီမှာ အတုယူသင့်တဲ့ အပြုအမူတွေ ရှိနေကြပါတယ်။
စိတ်ဓာတ်ကျ သိမ်ငယ်မနေတတ်ဘူး
စိတ်ဓာတ်ကြံခိုင်တဲ့ မိန်းကလေးအများစုက သူတို့ရဲ့ဘဝကို သိမ်ငယ်မှုတွေနဲ့ မဖြတ်သန်းတတ်ပါဘူး။ ကိုယ့်ဘဝရဲ့ ခက်ခဲတဲ့အချိန်တွေအတွက်လည်း စိတ်ဓာတ်ကျနေတာမျိုး မရှိတတ်သလို သူများတွေနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်နေတတ်တာမျိုး မရှိပါဘူးနော်။ အထူးသဖြင့် သူတို့တွေက ကိုယ်လုပ်တဲ့ အရာအတွက် နောင်တရနေတတ်တာမျိုး မရှိတတ်ပဲ ဖြစ်လာသမျှကို အကောင်းဆုံး ရင်ဆိုင်ဖို့ လုံလောက်တဲ့ သတ္တိတွေရှိကြပါတယ်။
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားတတ်တယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေက ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ခွဲခြားနိုင်စွမ်း ရှိကြတဲ့သူတွေပါ။ တစ်ချိန်လုံး ဖြစ်ချင်တာကိုပဲ လုပ်တတ်တဲ့ စိတ်အလိုလိုက်တဲ့သူတွေမဟုတ်သလို တစ်ချိန်လုံး ဖြစ်သင့်တာကိုပဲ ကြည့်ပြီး ကိုယ့်ရဲ့ခံစားချက်ကို ဂရုမစိုက်တာမျိုးလည်း မလုပ်တတ်ကြပါဘူး။ ဘယ်အချိန်မှာ ဖြစ်သင့်တာကို ဦးစားပေးသင့်ပြီး ဘယ်လိုအချိန်မှာ ဖြစ်ချင်တာနောက်လိုက်သင့်တယ်ဆိုတာကို ကောင်းကောင်းခွဲခြားတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။
ကျရှုံးလည်း အဆင်ပြေတယ်
ဒီမိန်းကလေးတွေက ဘဝဆိုတာ အမြဲတမ်း အနိုင်မရနိုင်ဘူးဆိုတာကို နားလည်ထားကြတဲ့ သူတွေဖြစ်လို့ ကျရှုံးမှုကို လက်ခံနိုင်အောင် ကြိုးစားတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ အရှုံးနဲ့ ရင်ဆိုင်ရတိုင်းလည်း စိတ်ပျက်အားငယ်သွားမယ်အထဲမှာ သူတို့မပါဝင်သလို ဘယ်လိုဖြေရှင်းအနိုင်ယူရမယ်ဆိုတာကိုပဲ တွေးနေတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။ ဒါကြောင့်လဲ ဘဝမှာ အရှုံးတွေကို ကျော်ဖြတ်ပြီး အနိုင်များများရယူနိုင်ကြတဲ့ သူတွေကြပါတယ်။
ဖြစ်အောင် လုပ်တတ်တယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေရဲ့ ဘဝမှာ မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို မသုံးတတ်ကြပါဘူး။ ကြိုးစားကြည့်မယ်၊ ဖြစ်အောင်လုပ်ကြည့်မယ်ဆိုတာမျိုးကိုပဲ လက်ကိုင်ထားတတ်ကြသူတွေဖြစ်သလို ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်ကြသူတွေပါ။ ဒါကြောင့်ပဲ ဒီလိုစိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေက သူတို့ရဲ့ဘဝမှာ အောင်မြင်ထူးချွန်တဲ့သူတွေ ဖြစ်လာကြပါတယ်။
ကိုယ့်အားကိုယ်ကိုး တတ်တယ်
စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းကလေးတွေဟာ သူများအပေါ် မှီတွယ်အားကိုးနေရတာမျိုးကို လုံးဝမကြိုက်တတ်ကြသလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက် ဖန်တီးတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့ဘဝကို သူများတွေ ဝင်ရောက်စွက်ဖက်တာမျိုးလည်း မကြိုက်တတ်ကြသလို ကိုယ့်ကိုယ်ကို အသံုံးမကျသူတစ်ယောက်လို သူများဆီက လက်ဖြန့်တောင်းရမယ့် ဘဝမျိုးကို အရမ်းမုန်းတီးကြတဲ့အတွက် ကိုယ့်အားကိုယ်ကိုးပြီး ဘဝကိုအကောင်းဆုံး တည်ဆောက်ကြသူတွေပါ။