ၾကားသိရသမွ်

ဒေါ်လာ သင်္ကေတ “ $ ” ဆိုသည်မှာ

ရေးသားသူ – ရန်ကြီးအောင်

အမေရိကန် ဒေါ်လာကို ငွေကြေးစံအဖြစ် ၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ ၊ မက္ကဆီကို နှင့် အခြားနိုင်ငံများတွင် သုံးစွဲလျှက်ရှိကြသည်။ အမေရိကန်ဒေါ်လာငွေ နှင့် ၎င်းငွေ၏ သင်္ကေတဖြစ် သည့် “ $ ” ၏သမိုင်းကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

“ ဒေါ်လာ ” ဟူသောဝေါဟာရမှာ ရှေးဟောင်း ဂျာမန်ငွေဒင်္ဂါး ( Thaler ) မှ ဆင်းသက်လာသည်။ Thaler မှာ Joachimsthalar ၏ အတိုကောက်ဖြစ်သည်။ Joachimsthaler သည် ဗိုဟီးမီးယားနိုင်ငံ မှ မြို့ငယ်လေးတစ်မြို့ဖြစ်၍ ၎င်းမြို့အနီး တွင် (၁၆ ) ရာစု နှစ်အစပိုင်းလောက်က အလွန်အောင်မြင် သည့် ငွေသတ္တု တွင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။

 

၎င်းမြို့မှ မြေရှင်ပဒေသရာဇ်တို့က ၎င်းသတ္တုများဖြင့် ငွေဒင်္ဂါးများ သွန်းလုပ်ကြသည်။ ယင်းငွေဒင်္ဂါးများ၏ အရည်အသွေးမှာ ကောင်းမွန်သဖြင့် မကြာမီအချိန်အတွင်း ဥရောပ တစ်ဝန်း သုံးစွဲလာကြသည်။ ယင်းဒင်္ဂါးနှင့်အလားတူ ထုတ်လုပ်သည့် ဒင်္ဂါးများကို Joachimsthaler ဟုခေါ်၍ အတိုကောက် Thaler ဟုခေါ်သည်။

အလားတူ တန်ဘိုးညီသည့် ငွေင်္ဒါးများကို စပိန် နိုင်ငံတွင် သွန်းလုပ်သုံးစွဲကြသည်။ ယင်းတို့မှာ အစိတ်အပိုင်းငယ် ရှစ်ခု ပေါင်းစပ်ထား၍ ရှစ်ပိုင်းဒင်္ဂါးဟု ခေါ်သည်။ ယင်းစပိန်ဒင်္ဂါးများကို ၎င်း တို့၏ကိုလိုနီနိုင်ငံများ ဖြစ်သည့် မြောက်အမေရိကနှင့် တောင်အမေရိက နိုင်ငံတို့တွင် လွတ်လပ် စွာဖြန့်ဝေသုံးစွဲကြပြီး ၊ တောင်အမေရိကနိုင်ငံတွင် ၎င်းတို့ကို “ ဒေါ်လာ ” ဟုခေါ်ဆိုသည်။

အမေရိကန်ပြည်ထောင်စု တည်ထောင်ဖွဲ့စည်းပြီးနောက် စပိန်ငွေဒင်္ဂါး ယူနစ်ကိုအခြေခံ၍ “ ဒေါ်လာ ” ဟူသောဝေါဟာရ ဖြင့်သုံးစွဲခဲ့သည်။ ယင်းဒေါ်လာငွေတွင် ယခင်စပိန်ဒင်္ဂါး၌ ပါရှိသည့် အပိုင်း “ ဂ ” ( အင်္ဂလိပ်သင်္ကေတ 8 ) ကိုဖော်ပြသုံးစွဲသည်။

၎င်း သင်္ကေတ “ 8 ” မှာ အင်္ဂလိပ်အက္ခရာ “ $ ” နှင့် ဆင်တူသည်။ ၎င်းသင်္ကေတပေါ်တွင် မျဉ်းကြောင်းနှစ်ကြောင်းဖြတ်ထားသည်။

အဓိပ္ဖာယ်မှာ မက်ဒစ်တာရိန်းနီးယန်း နှင့် အတ္တလန်တစ်ဒေသကြား ၊ စပိန်နိုင်ငံ တောင်စွန်စွန်းရှိ တံခါးပေါက်မှ ရောမသူရဲကောင်း ဟာကြူလီ ၏ ယက်မတိုင်ကြီးများကို ကိုယ်စားပြုသည်။

ယင်းကြောင့်ပင် ဒေါ်လာသင်္ကေတ “ $ ” သည်အချို့ ပုဂ္ဂိုလ်များ ထင်သလို အက္ခရာ “ S ” နှင့်လုံးဝပတ်သက်ခြင်းမရှိ၊ အလားတူ အက္ခရာ “ U ” နှင့် “ S ” ပေါင်းစပ်ထားခြင်းလည်းမဟုတ်ပါကြောင်း။

ရန်ကြီးအောင်