စိန်ခေါ်မှုနဲ့ စိတ်ဖိစီးမှုတွေများတဲ့ ယနေ့ခေတ် ခေတ်သစ်လူနေမှုဘဝပုံစံတွေထဲမှာ စိတ်အပန်းဖြေစရာ နည်းလမ်းတွေလည်း မျိုးစုံရှိလာပါတယ်။ သို့ပေမယ့် ငွေကြေးကုန်ကျမှုပေါ်မူတည်ပြီး စိတ်အပန်းဖြေနည်းတွေကလည်း အမျိုးမျိုးကွဲပြားသွားပါတယ်။ တကယ်တော့ လူအများစုမေ့ထားတာက ငွေကုန်ကျခံတဲ့အရာတွေကမှ စိတ်အပန်းပြေစေတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါဆို ဘယ်လိုနည်းလမ်းတွေနဲ့ ငွေမကုန်ပဲ စိတ်အပန်းဖြေလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
(၁) ရေပန်းအောက်မှာထိုင်ပါ
လေ့လာသူတွေရဲ့အကြံပြုချက်အရ ရေပန်းအောက်မှာ ထိုင်နေခြင်းက သင့်ကိုအမှန်တကယ် စိတ်အပန်းပြေစေပြီး တစ်နေ့တာအတွက်လိုအပ်တဲ့ စွမ်းအင်တွေရစေတယ်လို့ ဆိုပါတယ်။ တချို့သော ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ ရေချိုးခန်းထဲက ရေပန်းအောက်မှာထိုင်ပြီး ငိုနေတဲ့ဇာတ်ရုပ်တွေကို ကြည့်ဖူးကြမှာပါ။ ရေပန်းအောက်မှာထိုင်နေခြင်းက စိတ်ဖိစီးမှုနဲ့ ဝမ်းနည်းခြင်းတွေကို ပြေလျော့စေပြီး စိတ်ပေါ့ပါးစေတာကြောင့်ဖြစ်ပါတယ်။
(၂) အခန်းကိုရှင်းလင်းပါ
သင့်အနီးနားပတ်ဝန်းကျင်ကအရာတွေက သင့်ရဲ့စိတ်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ သင့်နေထိုင်တဲ့အခန်းမှာ ရှုပ်ပွညစ်ပေနေမယ်ဆိုရင် သင့်ရဲ့စိတ်ကလည်း ထို့နည်းတူ ရှုပ်ထွေးခြင်းတွေကို ခံစားနေရမှာပါ။ ကိုယ်အချိန်တော်တော်များများနေဖြစ်တဲ့ အိပ်ခန်း သို့မဟုတ် အိမ်ခန်းကို သန့်ရှင်းသပ်ရပ်အောင်ထားခြင်းက သင့်ရဲ့စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပြီး စိတ်အပန်းပြေစေမှာဖြစ်ပါတယ်။
(၃) အချစ်ဆုံးတစ်ယောက်ကိုဖုန်းခေါ်ပါ
လူတိုင်းလူတိုင်းမှာ ဘဝရဲ့အချစ်ဆုံးဆိုတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ မိသားစုဝင်တွေရှိကြပါတယ်။ သူတို့တွေက သင့်ရဲ့စိတ်ပင်ပန်းမှုတွေကို ပြေလျော့စေပြီး စိတ်အပန်းပြေစေဖို့ ကူညီပေးနိုင်တယ်ဆိုတာကိုရော သိပါသလား။ ဟုတ်ပါတယ် ခက်ခဲတဲ့တစ်နေ့တာကို ကြုံ တွေ့ဖြတ်သန်းခဲ့ရတယ် စိတ်ပင်ပန်းမှုတွေများနေတယ်ဆိုရင် သင်ချစ်တဲ့သူတစ်ယောက်ယောက်နဲ့ စကားပြောလိုက်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ စကားပြောပြီး ရယ်မောလိုက်တာက အကောင်းဆုံးစိတ်အပန်းပြေစေမယ့် နည်းလမ်းတစ်ခုပါပဲ။
(၄) သီချင်းနားထောင်ပါ
သီချင်းတွေက သင့်အတွက်အဖော်မွန်ကောင်းဆိုလည်းဟုတ်သလို စိတ်စွမ်းအင်တွေကို ပေးစွမ်းတဲ့မိတ်ဆွေကောင်းတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ စိတ်ဓာတ်ကျအားငယ်နေချိန်မှာ သီချင်းတွေက သင့်ကိုစိတ်ဓာတ်ခွန်အားတွေပေးစွမ်းနိုင်ပါတယ်။ ပင်ပန်းနေချိန်မှာ အားအင်သစ်တစ်ခုပြန်လည်ဖြည့်ပေးနိုင်ပါတယ်။ ဂန္ထဝင်သီချင်းတွေနားထောင်မှစိတ်အပန်းပြေစေတာမဟုတ်ပါဘူး။ သင်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို ခေါင်းအေးအေးနဲ့ နားထောင်ခြင်းကလည်း အကောင်းမွန်ဆုံး စိတ်အပန်းဖြေနည်းတစ်ခုပါပဲ။
(၅) ပြတင်းပေါက်အပြင်ကိုငေးကြည့်ပါ
စိတ်အပန်းပြေဖို့ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေပဲ ကြည့်နေတုန်းပဲလား။ ဒါဆိုရင်တော့ အခုပဲ လက်တော့ ဖုန်းတွေပိတ်ပြီး အလင်းရောင်ကောင်းကောင်းရတဲ့ ပြတင်းပေါက်ရှေ့ကို သွားလိုက်ပါ။ ပြတင်းပေါက်မှာထိုင်ပြီး အပြင်လောကရဲ့မြင်ကွင်းတွေကို မိနစ်အနည်းငယ်လောက်ကြည့်လိုက်ပါ။ သဘာဝအလင်းရောင်နဲ့ လတ်ဆတ်တဲ့လေထုနဲ့ထိတွေ့လိုက်ပါ။ ဒါဟာသင့်ရဲ့စိတ်ကိုအကောင်းဆုံး အပန်းပြေစေတဲ့ နည်းလမ်းတစ်ခုပါပဲ။