ၾကားသိရသမွ်

“မင်းထမ်းနိုင်လား ထမ်းနိုင်ရင်ယူသွား” ဆိုတော့ ဦး တကယ်ပေးမှာလားတဲ့ ငိုသံလေးနဲ့

“မင်းထမ်းနိုင်လား ထမ်းနိုင်ရင်ယူသွား” ဆိုတော့ ဦး တကယ်ပေးမှာလားတဲ့ ငိုသံလေးနဲ့

တစ်နေကုန် တက်တက်ကြွကြွ ပေါ့ပါးလန်းဆန်းနေခဲ့ပြီး ပြန်ခါနီးခဏကျမှ ကိုယ့်စိတ်တွေလေးသွားရတယ်

လိုအပ်တာတွေဝေပြီးလို့ ကုန်ပြီ ပြန်ကြမယ်ဆိုမှ ကားနားကိုရောက်လာတဲ့ကလေး။ပါလာတာတွေကုန်သွားတော့ ခပ်လှမ်းလှမ်းဘက်မှာရှိတဲ့သူတို့ဘက်ကိုမရောက်နိုင်။

သူတို့ဘက်ကိုကားမရောက်လာလို့ထင်ပါရဲ့ သူရောက်လာတယ်။”ဦး ဘာတွေပေးနေတာလဲ ကျန်သေးလားတဲ့”ကားပေါ်ကြည့်လိုက်တော့ ဆန်အိတ်နည်းနည်းကျန်သေးတယ် ၆ ပြည်ဝင်အိတ်လေးတွေပေါ့။

တခြား ဆီ၊ဆား၊ပဲ ဘာညာတွေပါတဲ့အထုတ်လေးတွေကကုန်ပြီ။အဲဒါ ကျန်တဲ့အကိုတွေက သူ့ပုံဝဝကစ်ကစ်ကိုကြည့်ပြီး ချစ်စနိုးနဲ့

“မင်းထမ်းနိုင်လား ?ထမ်းနိုင်ရင်ယူသွား”ဆိုတော့ ကိုယ့်ကိုကြည့်ပြီး ” ဦး ဆန်က တကယ်ပေးမှာလား”တဲ့၊ ငိုသံပါနဲ့ လှမ်းမေးတော့ ရင်ထဲနင့်သွားတယ်။”

တကယ်ပေးမှာပေါ့ သားရဲ့ အိမ်ကဘယ်မှာလဲ ? ဦးလိုက်ပို့မယ် မင်းထမ်းစရာမလိုပါဘူး ” ဆိုတော့ ” ရတယ် ဦး သားဖာသာပဲထမ်းမယ် နိုင်ပါတယ်တဲ့”

ဘယ်လိုပြောပြောမရဘူး၊အဲ့ချိန်ကောင် မလေးတစ်ယောက်ကလည်း သူ့ကိုပေးဖို့ခေါက်ဆွဲခြောက်ထုတ်လေးတွေအနီးနားက ဆိုင်မှာသွားဝယ်နေတုန်း ”

သား ဆန်ရရင် ရပြီ အဲ့ဒါတွေမယူတော့ဘူး “တဲ့၊ ရင်က ထပ်ဆို့ရပြန်။နေပါအုံးသားရယ်ဆိုပြီး ကိုယ်လည်းအနားက Nabati ဝေဖာထုတ်တွေဝယ်ပြီး

ဆန်အိတ်နဲ့အတူထည့်ခေါက်ဆွဲခြောက်ထုတ်တွေရောကိုကြိုးချည်ပြီး လိုက်ပို့မယ်ဆိုတာကို အသံလေးတုန်တုန်နဲ့ သားဖာသာထမ်းပြန်မယ်၊နိုင်တယ်တဲ့ကိုယ်လည်း ဘာမှထပ်မပြောဖြစ်တော့

ကလေးက သူကိုယ်တိုင်ထမ်းလာတဲ့ဆန်အိတ်လေးကို မိဘက အသိအမှတ်ပြုစေချင်ပုံရတယ်ထင်လို့ ကိုယ်လည်းလက်လျှော့လိုက်ပြီး ငေးနေလိုက်တယ်။

အတော်တော်လှမ်းလှမ်းရောက်မှ ဒီကလေး ဖိနပ်ပါ မပါတာ သတိထားမိတော့တယ်။အပေါ်ကဝိတ်နဲ့ အောက်ခြေဗလာ နာနေရှာတော့မယ်လို့ စိတ်မကောင်းဖြစ်ပြီးရင်ထဲမကောင်းပြန်။

အနားမှာကလည်းဝယ်စရာမရှိ။မနက်ဖြန်ထပ်သွားရအုံးမှာမို့ ဖိနပ်တစ်ရံတော့ ဝယ်သွားဖြစ်မယ်။ပြန်ဆုံပါစေလို့သာ ဆု တောင်းရင်း….

လင်းအိမ်နေ