ၾကားသိရသမွ်

ချစ်သူ ကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူမိန်းကလေးများ ဘာဖြစ်တတ်သလဲ…(မိန်းကလေးတိုင်း ဖတ်သင့်သည်)

ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့ တိုးတက်လာ သည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။

မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကို တလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။

ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင် ရပြီး သက်ဆိုင်သူမိန်းကလေး ငယ်အချို့ ဘဝတစ်လျှောက်လုံး ဦးတည်ချက်ပျောက်သွားသည့် အပြင် မိသားစုဆွေမျိုး အသိုင်း အဝိုင်းအတွင်း တစ်သက်တာ ခေါင်းမဖော်ဝံ့အောင် လက် မြှောက် အရှုံးပေးလိုက်ရသူများ လည်း ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်တစ်ခုတွင် နေထိုင်သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ပြီးခဲ့သည့် ၂၀၁၃ နှစ်ကုန်ပိုင်းက မိဘများ သဘောတူ လက်ထပ်ပေးခဲ့သည့် အမျိုးသားနှင့် အိမ်ထောင်တစ်ခုထူထောင်ခဲ့ပါသည်။

အိမ်ထောင်ကျပြီး သုံးလခန့်အကြာတွင်တော့ ၎င်းနှင့် အခြားအမျိုးသားတစ်ဦး လိင်ဆက်ဆံနေသည့် ဗီဒီယိုဖိုင်တစ်ခု အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါဖိုင်တွင် ၎င်း၏ နာမည်နှင့် လက်ရှိသုံးနေသည့် ဖုန်းနံပါတ်ပါ ဖော်ပြထားပြီး ပြည့်တန်ဆာအလုပ် လုပ်ကိုင်နေသူဖြစ်ကာ လိုအပ်ပါက ခေါ်ဆိုနိုင်ကြောင်း ရေးသားထားသည်။

နောက်ဆက်တွဲ ရလဒ်က တော့ ကြေကွဲစရာ ကောင်းပါ သည်။ အိမ်ထောင်သည်အမျိုး သားနှင့် ကွာရှင်းပြတ်စဲခဲ့ရသလို ငယ်ငယ်ရွယ်ရွယ်နှင့်ပင် တစ်ခု လပ်ဘဝ ရောက်ခဲ့ရသည်။ ဗီဒီယို ဖိုင်မှာ ၎င်း အသက်(၁၈)နှစ်အ ရွယ် လွန်ခဲ့သည့်လေးနှစ်ခန့်က လက်တွဲခဲ့သည့် ချစ်သူအမျိုးသားက တည်းခိုခန်းတစ်ခုတွင် အတူနေကြစဉ် …..

အမှတ်တရအဖြစ် သိမ်းဆည်းထားချင်သည်ဆိုသောကြောင့် ဖုန်းကင်မရာဖြင့် ရိုက်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအိမ်ထောင် ကျပြီးနောက် အင်တာနက်ပေါ်သို့ အတင်ခံလိုက်ရခြင်းဖြစ်ကြောင်း ကာယကံရှင် အမျိုးသမီးကိုယ် တိုင် ရဲစခန်းသို့ တိုင်ကြားခဲ့သည်။

ချစ်သူကို ယုံကြည်မှုလွန်ကဲ မိရာက မှားယွင်းခဲ့သည့် လွန်ခဲ့ သော လေးနှစ်ခန့်က ဖြစ်စဉ်တစ် ခုကြောင့် ကာယကံရှင်အမျိုးသမီးမှာ ဂုဏ်သိက္ခာပိုင်းအရ နေထိုင် ရာ ပတ်ဝန်းကျင်တွင် ရပ်တည်၍ မရတော့အောင် ရင်ဆိုင်ခဲ့ရသော်လည်း ကျူးလွန်သူအမျိုးသားကိုမူ ရဲတပ်ဖွဲ့က ဖမ်းဆီး၍မရခဲ့ပါ။

အဆိုပါအမှုမှာ တည်ဆဲဥပဒေများအရ ရဲအရေးမပိုင်သည့် အမှုဖြစ်နေခြင်းကြောင့် တရားရုံးသို့ သာ ဦးတိုက်လျှောက်ထားခဲ့ရ သည်။ ၎င်းအား ညစ်ညမ်းသောပုံများ ဖြန့်ဝေသည့် ဥပဒေပုဒ်မ ၂၉၂(က)နှင့် အသရေဖျက်မှု ဥပဒေပုဒ်မ ၅၀၀ ဖြင့်သာ တရားစွဲဆိုခဲ့သည်။

အမျိုးသမီးငယ်တစ်ဦး ဂုဏ်သိက္ခာနှင့် ဘဝကစဉ့်ကလျားဖြစ်စေသည်အထိ ကျူးလွန်ခဲ့သူ၏ ပြစ်ဒဏ်မှာ ဤမျှလောက်နှင့် ထိုက်တန်မှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးက ပြောသည်။

‘‘ဒီလိုအမှုတွေက လက်ရှိ ရောက်နေတဲ့ ခေတ်အခြေအနေ နဲ့ ဆိုင်တယ်။ အင်္ဂလိပ်အစိုးရ လက်ထက်ကဆွဲခဲ့တဲ့ တချို့ဥပဒေတွေက ဒီဘက်ခေတ်မှာ သိပ်အံမဝင်တာတွေရှိတယ်။ တချို့နေရာတွေမှာ ပြစ်မှုကျူးလွန်သူကို အကာအကွယ်ပေးထားသလို ဖြစ်နေတယ်’’ဟု ဦးမြင့်အေးက လက်ရှိ တည်ဆဲဥပဒေအချို့အပေါ် ထောက်ပြဝေဖန်သည်။

အဆိုပါမှုခင်းမျိုးကို ဆိုက် ဘာပြစ်မှု (Cyber Crime)အဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး လက်ရှိ ပြည်တွင်း၌ အဆိုပါမှုခင်းမျိုး အ များအပြား ဖြစ်ပွားနေသည်ကို သိရှိသော်လည်း အကြောင်းအမျိုး မျိုးဖြင့် ရဲတပ်ဖွဲ့သို့ လာရောက် တိုင်ကြားမှု အလွန်နည်းနေ ကြောင်း ….

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် ရဲမှူးချုပ်ဝင်းခေါင်က ရန် ကုန်မြို့ရှိ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် (UMFCCI)တွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

လူတိုင်းသိခဲ့ပြီး သတင်းစာ စာမျက်နှာများပေါ်အထိ ရောက် ခဲ့သည့် အနုပညာရှင်အချို့နှင့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်း သားအချို့၏ ဗီဒီယိုဖိုင်များတွင်လည်း ပြစ်မှုကျူးလွန်သူကို ဖော်ထုတ် အရေးယူနိုင်ခြင်း မရှိခဲ့သော ကြောင့် လက်ရဲဇက်ရဲရှိပြီး နည်း ပညာကို တလွဲအသုံးချမည့်သူ များအား တွန်းအားပေးသလိုဖြစ်ခဲ့ သည်။

ကာယကံရှင်မိသားစုများ မှာ နေရပ်ကို စွန့်ခွာတိမ်းရှောင် သွားရသည်အထိ သက်ရောက်မှု ကြီးမားခဲ့သော်လည်း အချို့စီးပွား ရေးသမားများမှာ အင်တာနက်ပေါ် ပျံ့နှံ့ခဲ့သည့် ရုပ်/သံဖိုင်များကို ကူးယူ၍ ဗီဒီယိုခွေအဖြစ် ရောင်းဝယ်ဖြန့်ကားပြီး စီးပွားဖြစ်ခဲ့ကြပါသည်။

‘‘အဓိကကတော့ ကိုယ့်ချစ် သူဖြစ်စေ၊ ကိုယ့်အမျိုးသားပဲဖြစ် စေ အဲဒီလိုကိစ္စတွေမှာ ယုံကြည်မှု မလွန်ကဲဖို့လိုတယ်။ ချစ်သူကို ချစ်တိုင်း အလိုမလိုက်သင့်ဘူး။ တစ်နေ့မှာ ကိုယ့်ရှူးကိုယ်ပတ်ပြီး ဒုက္ခရောက်နိုင်တယ်’’ဟု အမျိုး သမီးအရေး ဆောင်ရွက်သူ ရန်ကုန် နိုင်ငံရေးသင်တန်းကျောင်းမှ ဒေါ်ဇင်မာအောင်က ပြောပါသည်။

ထို့အပြင် နှစ်ဦးတည်းသာ သိသင့်သည့် လျှို့ဝှက်အပ်သော အတွင်းရေးကိစ္စကို အများပြည်သူထံ ဖွင့်ချပြသူကို ထိထိရောက် ရောက် အရေးယူသင့်ပြီး လက်ရှိ အနေအထားများအရလည်း အ မျိုးသမီးများ၏ အခွင့်အရေးအ တွက် အကာအကွယ်ပေးသည့် ဥပဒေမှာ အားနည်းချက်များရှိနေ ကြောင်း ၎င်းကသုံးသပ်သည်။

‘‘မြန်မာ့ဆိုရိုးစကားလည်းရှိ နေပါတယ်။ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတာ မျိုးလေ။ ဒါကြောင့် မိန်းကလေး တွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေတတ်ဖို့လိုတယ်။ မဟုတ်ရင် တော့ တစ်ဘဝစာ နောင်တရ သွားရလိမ့်မယ်’’ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဒေါက်တာဒေါ်ညိုညိုသင်း က သတိပေးပါသည်။

အင်တာနက်စာမျက်နှာများ တွင် ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံအများစုမှာ ဖုန်းကင်မရာ ဖြင့် အများဆုံးရိုက်ကူးထားပြီး ဖုန်းအသုံးပြုသူ သန်းနှင့်ချီ၍ ရှိ နေချိန်တွင် ရဲတပ်ဖွဲ့သို့ တိုင်သည့် Cyber မှုခင်းမှာ ခြောက်မှုသာရှိ ကြောင်း ပြည်ထဲရေးဌာနမှ သ တင်းထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖြစ် ခြင်းမှာ ကာယကံရှင်အများစု သည် ရာဇဝတ်မှုမြောက်ကြောင်း နားမလည်သောကြောင့် အမှုမ ဖွင့်ခြင်းဖြစ်ကြောင်း ရဲမှူးချုပ်ဝင်း ခေါင်က ပြောသည်။

ထို့အပြင် ဥပဒေအရ အသိ ပညာအားနည်းခြင်းအပြင် ဆိုက် ဘာမှုခင်းများနှင့် ပတ်သက်၍ ရဲ တပ်ဖွဲ့သို့ တိုင်ကြားပါက ဖြေရှင်းရန် ခက်ခဲနိုင်ပြီး နည်းပညာသဘောတရား နားမလည်ခြင်းများက ရဲတပ်ဖွဲ့သို့ မတိုင်ကြားခြင်း၏ အခြေခံအချက်များ ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြော ကြားခဲ့သည်။

လူ့အဖွဲ့အစည်းအတွင်း ထို ကဲ့သို့ ဖြစ်စဉ်များပေါ်ပေါက်လာ ပါက ယဉ်ကျေးမှုစံနှုန်းများအရ လူသိမခံချင်ကြသောကြောင့် ကာယကံရှင်များက ရဲတပ်ဖွဲ့သို့ မ တိုင်ကြားခြင်းမှာ လူမိုက်အားပေး သလိုဖြစ်နေကြောင်း အထက် တန်းရှေ့နေ ဦးခင်ဇော် (မရမ်း ကုန်း)က ပြောသည်။

ထို့အပြင် အဆိုပါအမှုမျိုးအား ဥပဒေပညာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ထိထိမိမိတိုင်ကြားသင့်ကြောင်း ၎င်းက အကြံပေးသည်။‘‘မြန်မာနိုင်ငံမှာ Cyber Crime Law မထွက်သေးပေမယ့် အဲဒီလိုမှုခင်းတွေမှာ ထိထိရောက် ရောက် တိုင်လို့ရတဲ့ အခြေအနေ တွေရှိပါတယ်။

ပြည်ထဲရေးက အရာရှိတွေ ပါဝင်ဖွဲ့စည်းထားတဲ့ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဆီမှာ တရားစွဲဆိုခွင့်တောင်းပြီး အမှုဖွင့်လို့ရတယ်။ ဒါကို နားလည်ဖို့လိုတယ်’’ဟု ဦးခင်ဇော်(မရမ်း ကုန်း)က ပြောသည်။

အီလက်ထရွန်နစ် ဆက် သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့သည် ဆက်သွယ်ရေး၊ စာ တိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူထားကာ ပြည်ထဲရေးဝန်ကြီး ဌာန အရာရှိများအပါအဝင် နည်းပညာကျွမ်းကျင်သည့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားပြီး ….

၂၀၀၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အီ်လက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပ ဒေဖြင့် အမှုဖွင့်စစ်ဆေးပေးနေ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် မှုခင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဝင်းစိန်က ပြောသည်။

သို့သော် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီး ကြပ်မှုအဖွဲ့မှ တရားစွဲဆိုခွင့်ပြုရန် စိစစ်ရာတွင် ခွင့်ပြုချက်ရရန် အ ချိန်ပေးရခြင်းနှင့် ယခုကဲ့သို့ တိုင် ကြား၍ ရသည်ကို လူအများစု မသိကြခြင်းသည် ရဲတပ်ဖွဲ့သို့ Cy-ber မှုခင်းများ မတိုင်ကြားကြခြင်း ၏ အဓိကအကြောင်းရင်း ဖြစ်နေ ပါသည်။

ဥပမာဆိုရလျှင် ရဲတပ် ဖွဲ့သို့ တိုင်ခဲ့သည့် Cyber မှုခင်း အချို့အနက် ၂၀၁၂ ခုနှစ်က ရန်ကင်းမြို့တွင် ဖြစ်ခဲ့သည့်အမှုမှာ အီလက်ထရွန်နစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့သို့ တရားစွဲဆိုခွင့် တင်ပြထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက်မကျသေးကြောင်း ယင်းအမှုနှင့် နီးစပ်သည့် ရဲအရာရှိကြီးတစ်ဦးက ပြောပြသည်။

မည်သို့ပင်ဖြစ်စေ နည်း ပညာကို တလွဲအသုံးချသူတို့၏ သားကောင်များဖြစ်ခဲ့ရသည့် မိန်း မသားအများစုကတော့ ဥပဒေ၏ အကာအကွယ်ကိုမရရှိဟု ယုံ ကြည်နေကြပါသည်။ အင်တာ နက်စာမျက်နှာများပေါ်တွင် လက်ရှိ ရှိနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များတွင်လည်း ….

မသမာသူတို့က နည်းအမျိုးမျိုးဖြင့် ရိုက်ကူး ထားသည့် မြန်မာအမျိုးသမီးအ ချို့၏ ဗီဒီယိုဖိုင်များ၊ ဓာတ်ပုံများ အလွယ်တကူရှာဖွေကြည့်ရှုနိုင် နေသည်။ နာမည်မျိုးစုံဖြင့် အသုံး ပြုနေသည့် ညစ်ညမ်းဝက်ဘ် ဆိုက်များစွာ ရှိနေသည်။

ညစ် ညမ်းဝက်ဘ်ဆိုက်အချို့ဆိုလျှင် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်း ဝတ် စုံဝတ်ထားသည့် အမျိုးသမီးဓာတ် ပုံများ တင်ထားပြီး လုပ်ဖော်ကိုင် ဖက်အချင်းချင်း ဖုန်းကင်မရာဖြင့် မသိအောင်ရိုက်၍ အင်တာနက် ပေါ် တင်နေခြင်းဖြစ်ကြောင်း လမ်းမတော်မြို့နယ်တွင် အင်တာနက် ဆိုင်ဖွင့်ထားသူ ကိုလူမော်က ပြောသည်။

အဆိုပါ ညစ်ညမ်းဝက်ဘ် ဆိုက်များတွင် အတင်ခံထားရ သည့် မိန်းကလေးအချို့ဆိုလျှင် ဂုဏ်သိက္ခာရှိသော အသိုင်းအ ဝိုင်းမှ ပါဝင်နေပြီး ၎င်းတို့၏ ဖုန်း နံပါတ်များကိုပါ မသမာသူတို့က တင်ထားသည့်အတွက် ၎င်း၏ ဖုန်းနံပါတ်ကိုခေါ်၍ ၎င်းတို့နှင့် ပျော်ပါးရန် အမျိုးသားအချို့က ခေါ်ခြင်းကို ရင်ဆိုင်ခဲ့ဖူးကြောင်း မြောက်ဒဂုံမြို့နယ်မှ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

‘‘ကျွန်မမှာ အမျိုးသားလည်း ရှိတယ်။ ကလေးနှစ်ယောက် လည်းရှိတယ်။ ဆရာဝန်အသိုင်း အဝိုင်း မိသားစုဝင်တစ်ယောက် ပါ။ ကျွန်မဖုန်းကို မကြာခဏခေါ် ပြီး မကြားဝံ့မနာသာတွေ ပြော တော့ ဖုန်းကို ပိတ်ထားရတယ်။ နောက်ပိုင်းတော့ ပြောနေကျ မိတ်ဆွေတွေကလွဲလို့ ဖုန်းနံပါတ်အ သစ်ဆိုရင် ကိုင်ကိုမကိုင်တော့ တာ။

ဒီလိုဖြစ်စဉ်ကျတော့ ရဲကို ဘယ်လိုတိုင်လို့ သူတို့က ဘယ်လို အရေးယူပေးမှာလဲ’’ဟု ၎င်းက သူ၏အတွေ့အကြုံကို ပြောသည်။များမကြာမီအချိန်တွင် အ မျိုးသားနှင့် အမျိုးသမီးလူငယ်ထု အကြား စိတ်ရှိတိုင်းပျော်ကြမည့် သင်္ကြန်ပွဲတော် လာပါတော့မည်။

မြန်မာ့ရိုးရာရေသင်္ကြန်ပွဲတော်ဟု ညွှန်းဆိုရန် မရနိုင်တော့အောင် ဝတ်စားဆင်ယင်မှု ပုံရိပ်များ ကြမ်းတမ်းနေသည့် ယင်းပွဲတော်တွင် နည်းပညာကို အသုံးချကာ ညစ် ညမ်းရုပ်ပုံများ အင်တာနက်စာ မျက်နှာပေါ် တင်မည့်သူများ သား ကောင်ကို ရှာဖွေနေမည်မှာ သေ ချာနေပါသည်။

လာမည့်နှစ်သစ် ၏ အင်တာနက်စာမျက်နှာပေါ် တွင် အမျိုးကောင်းသမီးတစ်ဦး ညစ်ညမ်းဝက်ဘ်ဆိုက်များ၏ သားကောင်မဖြစ်စေရန် ကာယ ကံရှင်နှင့် လူ့အဖွဲ့အစည်းကပါ ထိန်းကျောင်းပေးရန် တာဝန်ရှိနေ ပါသည်။ ။Credit : 7Day Daily