ဗဟုသုတ

အသက်(၂၅)နှစ်မတိုင်ခင် အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားသင့်ကြောင်း ပြနေတဲ့ အချက်(၅)ချက်

အိမ်ထောင်ပြုတယ်ဆိုတာ အရွယ်ရောက်ပြီးတဲ့သူတိုင်း ရွေးချယ်နိုင်တဲ့ ဘဝရဲ့ အစိတ်အပိုင်းထဲက အရာ တစ်ခု ဆိုပေမယ့် ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ အရာမို့ လွယ်လွယ်နဲ့ ဆုံးဖြတ်ချက်ချသင့်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ ဒီနေ့လို တိုးတက်မှုတွေ၊ မယုံကြည်စရာ များတာတွေနဲ့ ခက်ခဲ ရုန်းကန်ရတဲ့ ခေတ်ကြီးထဲမှာ ပိုလို့တောင် လွယ်လွယ် မတွေးသင့်ပါဘူး။ အထူးသဖြင့် အသက် (၂၅) နှစ် မတိုင်ခင် အိမ်ထောင် မပြုဖြစ်ရင် ကိုယ့်အတွက် ပိုပြီး ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ၂၅ နှစ် မတိုင်ခင်မှာ အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားသင့်ဘူးဆိုတာကို ဒီအချက်တွေ ကြည့်ရင် သိသာပါတယ်။

လူငယ်ဘဝကို စွန့်လွှတ်ရမယ်

လူငယ်ဘဝဆိုတာ အချိန်အများကြီး ရနေတာမျိုး မဟုတ်ပါဘူး။ လူငယ်ဘဝမှာ အသက်ကြီးရင် ပြန်မရနိုင်မယ့် အချိန် အနည်းငယ် ဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ စိတ်ရှိတိုင်း ဆုံလို့ ရတာ၊ အခွင့်အလမ်းတွေ အများကြီး ရှာဖွေပြီး ရွေးချယ်ခွင့် ရနေတာ၊ ကလေးဆန်ဆန် နေလို့ ရတာ၊ စသဖြင့် ကောင်းမွန်တဲ့ အချိန်တွေနဲ့ အခွင့်အရေးတွေ အများကြီး ရနေစေတဲ့ အချိန်တစ်ခုပါ။ ၂၅ နှစ် မတိုင်ခင်မှာ အိမ်ထောင်ပြုရင်တော့ ဒီလို အခွင့်အရေးကောင်းတွေကို တခြားသော လူငယ်တွေလို ရမှာ မဟုတ်တော့ဘဲ ကိုယ့်ရဲ့ လူငယ်ဘဝကို အိမ်ထောင်သည်ဘဝအဖြစ် ပြောင်းလဲလိုက်ရတော့မှာပါ။

တိုးတက်လမ်းကို နှောင့်နှေးစေတယ်

ဘဝကို တိုးတက်အောင် လုပ်လို့ ရတဲ့ အကောင်းဆုံး အသက်အရွယ်ကတော့ အသက် ၂၅ နှစ် မတိုင်ခင်ပဲ ဖြစ်ပါတယ်။ ပူပန်မှုတွေကို ကိုယ့်အတွက်ကလွဲရင် ဘာမှ သိပ်မရှိတဲ့ ဒီအရွယ်က ကိုယ့်ဘဝအတွက် လိုအပ်တဲ့ ပညာရပ်တွေကို သင်ယူလို့ ရပြီး ကိုယ့်အတွက် ရောက်လာတဲ့ အခွင့်အရေးတွေကို နှောင့်နှေးစရာ မလိုဘဲ ဖမ်းဆုပ်နိုင်တဲ့ အရွယ်ကောင်းလည်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုထားတဲ့ လူငယ်ကတော့ ဒီလို အရာတွေကို ရဖို့ အခက်ခဲကြီး ခက်ခဲနေပါလိမ့်မယ်။

အိမ်ထောင်ရေး အဆင်မပြေတာမျိုး ကြုံရနိုင်တယ်

တစ်ဘဝလုံး အတူလက်တွဲရမယ့် အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ဆိုရင် အချိန်တွေ လိုအပ်ပါတယ်။ အသက် ၂၀ ကျော်ကာလမှာ ကိုယ် ချစ်ရတဲ့သူ တွေ့ရင်တောင် ကိုယ်နဲ့ လိုက်ဖက်တဲ့ အိမ်ထောင်ဖက် ဟုတ်၊ မဟုတ် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဘာမှ အကဲမဖြတ်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးဖြတ်လိုက်တဲ့ အိမ်ထောင်ရေးက ကိုယ်မထင်ထားသလို အိမ်ထောင်ရေး အခက်အခဲတွေ ကြုံလာရနိုင်ပါတယ်။ လူချင်း အဆင်မပြေတာမျိုး၊ ကွာရှင်းဖို့အတွက် ကြုံလာရတာမျိုးအပြင် ကလေးရတာကြောင့် အခက်အခဲ တွေ့ရတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

အလုပ်မှာ ခက်ခဲမယ်

လူလွတ် တစ်ယောက် အလုပ်လုပ်ရတာမျိုးနဲ့ အိမ်ထောင်သည် တစ်ယောက် အလုပ်လုပ်ရတာ မတူပါဘူး။ အိမ်ထောင်မှု တာဝန်တွေ လုပ်နေရတာမျိုး၊ မလုပ်ရင်လည်း ဆက်ဆံရေးမှာ မပြေလာတာ ဖြစ်လာတာမျိုးတွေကြောင့် အလုပ်ကို အိမ်ထောင်ကျတဲ့ လူငယ်တွေက အပြည့်အဝ အာရုံမစိုက်နိုင်သလို ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အသက် ၂၅ နှစ် မတိုင်ခင်မှာ အိမ်ထောင် လုံးဝ မပြုသေးတာက ပိုပြီး ကောင်းပါတယ်။ အလုပ်အကိုင်နဲ့ ရည်မှန်းချက်တွေ အတည်တကျ ဖြစ်တဲ့အချိန်က ပိုပြီး ကိုယ့်အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်ဘဝ မရှိတော့ဘူး

လူငယ်တစ်ယောက်က ကိုယ်ပိုင်ဘဝ အပြည့်အဝ ရှိတယ်လို့ ဆိုလို့ ရပါတယ်။ အိမ်ထောင်သည် ဖြစ်လာရင်တော့ မိသားစုအရေးကို တွေးရပြီး အိမ်မှုကိစ္စတွေအတွက်ပါ စဉ်းစားရတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်ဘဝမှာ အိမ်ထောင်ပြုလိုက်ရင် လူငယ်ဘဝ ပျောက်ရုံတင်မကဘဲ ကိုယ့်ရဲ့ တစ်ကိုယ်ရည် ဘဝမှာ ပျောက်သွားနိုင်ပါတယ်။