ၾကားသိရသမွ်

သံမဏိလိပ်ပြာ လေး ဒေါ်အောင်ဆန်းစုကြည်… ( သို့မဟုတ် ) “နိုင်ငံရေးခရီးကြမ်းကိုဆက်လျှောက်ရမယ့်မွေးနေ့ရှင်”

သံမဏိလိပ်ပြာ လေး ဒေါ်အောင်ဆန်းစုကြည်… ( သို့မဟုတ် ) “နိုင်ငံရေးခရီးကြမ်းကိုဆက်လျှောက်ရမယ့်မွေးနေ့ရှင်”

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပါပြီ။ ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းရတာပါ။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့ မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊

ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခု တော့ စစ်တပ်က တမှုပြီးတမှု ထပ်တိုးတရားစွဲဆိုနေတဲ့ ရာဇဝတ်မှုပုဒ်မတွေကို ရင်ဆိုင်နေရတာပါ။

မွေးနေ့ရှင်ရဲ့ဆန္ဒ မြန်မာနိုင်ငံမှာ မွေးနေ့တွေကို ကာယကံရှင်ကိုယ်တိုင်က တကူးတကမှတ်မှတ်ရရ ကျင်းပနေစရာမလိုဘဲ လူထုက အမြဲသတိတရနဲ့

ကျင်းပပေးခြင်း ခံရသူတွေ ရှားရှားပါးပါးထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့သူ့ရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့လည်း ပါဝင်ပါတယ်။

“မွေးနေ့ဆိုတာတော့ တစ်နှစ်ပြီးသွားပြီပေါ့နော်၊ နှစ်တစ်နှစ်က ရွေ့လျားသွားပြီ၊ တစ်နှစ် တစ်နှစ် ရွေ့လျားသွားတဲ့ အချိန်အတွင်းမှာ ပြည်သူ တိုင်းပြည်သူတိုင်းက တစ်နှစ်အတွင်းမှာ ကိုယ်ဘာ တာဝန်ရှိတာတွေလုပ်ခဲ့လဲ၊

ဘာတန်ဖိုးရှိတာတွေလုပ်ခဲ့လဲ ဆိုတာ ပြန်သုံးသပ်ဖို့လိုတယ်၊ တန်ဖိုး ရှိတယ်ဆိုတာ ကိုယ့်အတွက်တင်မဟုတ်ဘူး၊ တခြားသူတွေအတွက်ပါပေါ့၊ အဲဒါလေး သုံးသပ်ပြီးတော့ နောင်နှစ်မှာ ဒီနှစ်ထက်ပိုပြီးတန်ဖိုးရှိတဲ့ ကိစ္စတွေဖြစ်မြောက်အောင်လုပ်မယ်ဆိုတာ သံဓိဋ္ဌာန်လေးတွေ ချပေးစေချင်ပါတယ်၊ အဲဒါကပဲ အမေ့အတွက်မွေးနေ့လက်ဆောင်ပေါ့”

ဒီစကားလုံးတွေကို ၂၀၁၉ ခုနှစ်က ကျရောက်တဲ့ သူ့ရဲ့ ၇၄ နှစ်မြောက် မွေးနေ့မှာ သူရချင်တဲ့ မွေးနေ့လက်ဆောင်အကြောင်းကို ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် ပြောခဲ့တာပါ။

အဲဒီနေ့ကဆို မနက် ၇ နာရီ မိနစ် ၄၀ မှာ ရန်ကုန်မြို့လယ်က မဟာဗန္ဓုလပန်းခြံ မှာ လူပေါင်း ၇၄၀ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ရုပ်ပုံကို ဓာတ်ပုံကားချပ်တွေနဲ့ စုပေါင်းပုံဖော်ခဲ့ကြတာက အထင်ကရပါ။

အခု ၂၀၂၁ ခုနှစ်မွေးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချစ်တဲ့ပြည်သူတွေကိုခြံရံပြီး မွေးနေ့ပွဲကိုကျင်းပဖို့ မဖြစ်နိုင်ပြန်ပါဘူး။ ခါတိုင်းနှစ်တွေနဲ့မတူတဲ့ ဒီနှစ်မွေးနေ့ကတော့ ၁၀ နှစ်ကျော် ပြင်ပကမ္ဘာမှာ လွတ်မြောက်ပြီးတဲ့နောက် နောက်တဖန် နေအိမ်အကျယ်ချုပ် ကာလမှာ ကျရောက်တဲ့မွေးနေ့ဖြစ်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၄ နှစ်ပြည့်မွေးနေ့ဟာ ပြီးခဲ့တဲ့ ၁၀ နှစ် အတွင်းသူ့ကိုချစ်တဲ့သူ အမြောက်အမြားကို ဘေးမှာခြံရံပြီး နောက်ဆုံးကျင်းပထားတဲ့ မွေးနေ့ဆိုလည်း မမှားပါဘူး။

ဘာကြောင့်လဲဆိုရင် ၂၀၂၀ ပြည့်နှစ်မှာ ကျရောက်တဲ့မွေးနေ့တုန်းက ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးမလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရက တင်းကျပ်တဲ့ စည်းကမ်းတွေချမှတ်ခဲ့ပါတယ်။

ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကိုချစ်တဲ့ပြည်သူတွေ ကိုယ်တိုင်လိုက်နာခဲ့တာကြောင့်ပါ။ အဲဒီနှစ်ကသူ့ရဲ့ နေအိမ်မှာပဲအတူနေမိသားစုနဲ့ပဲ ကျင်းပခဲ့ပါတယ်။

စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနောက် ပုဒ်မတစ်ခုပြီးတစ်ခုနဲ့ တရားစွဲဆိုခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်နယ်မြေထဲက အိမ်တစ်အိမ်မှာ အကျယ်ချုပ်နေနေရပါတယ်။

သူကိုယ်တိုင်တောင် ဘယ်နေရာမှာ ထိန်းသိမ်းထားမှန်း မသိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်မွေးနေ့ကိုတော့ အကျယ်ချုပ် ကာလအတူနေ မိသားစုဝင်တွေနဲ့ သူ့ရဲ့အချစ်တော် ခွေးလေး ထိုက်ချီဒိုတို့နဲ့အတူ ဖြတ်သန်းဖွယ်ရှိနေပါတယ်။

အကျယ်ချုပ်ကာလမွေးနေ့တွေကို ဘယ်လိုဖြတ်သန်းခဲ့လဲ ပကာသန တွေကို မကြိုက်တတ်သလို ရိုးရိုးရှင်းရှင်းနေထိုင်ရတာကို သဘောကျတဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ မွေးနေ့ ကို တခမ်းတနား ကျင်းပဖို့မဖြစ်နိုင်တဲ့ လက်ရှိ အခြေအနေအပေါ် စိတ်ထဲ ဘယ်လိုမှ ခံစားရမှာမဟုတ်ဘူးလို့

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခင် အကျယ်ချုပ်ကာလတွေကို နှစ်အတန်ကြာ အတူဖြစ်သန်းခဲ့တဲ့ ဒေါ်ခင်ခင်းဝင်းက မှတ်ချက်ပြုပါတယ်။

အုန်းထမင်းကိုကြိုက်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မွေးနေ့မှာ အုန်းထမင်းကို ဘုရားကပ်သလို ကိုယ်တိုင်လည်း နှစ်နှစ်ခြိုက်ခြိုက်စားတတ်သူပါ။

“သူက အုန်းထမင်းတောင် အဝင်း(ဒေါ်ခင်ခင်ဝင်း) ချက်တဲ့ အုန်းထမင်းမှ ကြိုက်တာလို့ပြောတာ” လို့ ဒေါ်ခင်ခင်ဝင်းက ဒီလိုပြောခဲ့တဲ့အပေါ် ဂုဏ်ယူ ဝမ်းသာတဲ့ဟန်နဲ့ပြန်ပြောပြပါတယ်။

နေ့တိုင်း ဘုရားဝတ်ပြု တရားထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မွေးနေ့မှာ ထူးထူးခြားခြား လုပ်ပေးဖို့ ပြောတာမရှိ ပေမယ့် ဘုရားစင်ကို အထူးပြင်ပေးရတယ်လို့ ဒေါ်ခင်ခင်ဝင်းကပြောပါတယ်။

မုန့်လုံးရေပေါ်လို မုန့်လက်ကောက်လို မြန်မာမုန့်တွေကိုကြိုက်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့မွေးနေ့မှာ တော့ အဲဒီမုန့်တွေနဲ့ ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိပါတယ်။

ပန်းတွေရေချမ်းတွေဆွမ်းတွေ ပြင်ဆင်ပြီးလို့ မနက် ၈ နာရီလောက်ဆို သူဆွမ်းကပ်တယ်၊ ဘုရားရှိခိုးတယ်၊ ပြီးတော့မှ သူစားတယ်၊ အုန်းထမင်းကို မွေးနေ့မှာချက်ပေးထားရင် ရေခဲသေတ္တာထဲ ဘူးလေးနဲ့

ထည့်ထားပြီး ခဏခဏ ပြန်နွှေးစားတာလေးလုပ်တယ် ၊ ကိတ်မုန့်တွေဘာတွေတော့ လုပ်လေ့မရှိဘူး” လို့ ဒေါ်ခင်ခင်ဝင်းက မှတ်မှတ်ရရ ပြောပါတယ်။

နိုင်ငံရေးရုပ်ရှင်ဇာတ်ကားတွေကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နေအိမ်အကျယ်ချုပ်ကာလတွေမှာ စာဖတ်တာ၊စာရေးတာ၊ ရေဒီယိုနားထောင်တာ၊ ဘာသာစကားတွေလေ့လာတာ နဲ့ စန္ဒရားတီးတာတွေကို အချိန်ဇယားနဲ့ အလုပ်လုပ်နေတတ်သူပါ။

နောက်ထပ် သူကြိုက်တဲ့ အလုပ်တစ်ခုက ရုပ်ရှင်ကြည့်တာပါပဲ။ ရုပ်ရှင်ကြည့်ရင် နိုင်ငံရေးဇာတ်ကားတွေ အကြည့်များ သလို ဂန္ထဝင်မြောက်တဲ့ နိုင်ငံခြားဇာတ်ကားတွေကိုလည်း စုဆောင်းထားတတ်ပါတယ်။

ရုပ်ရှင်ကြည့်တဲ့အခါ ဇာတ်လမ်း တင်မဟုတ်၊ဇာတ်ကား မှာပါတဲ့သရုပ်ဆောင်တွေရဲ့ အသေးစိတ် သရုပ်ဆောင်ချက်တွေက အစ လေးလေးနက်နက် ခံစားပြီး ကြည့်တတ်သူလို့ ဆိုပါတယ်။

“တခါသူ့မွေးနေ့မှာအတူကြည့်ဖြစ်တဲ့ရုပ်ရှင်ကနာမည်တော့မမှတ်မိဘူး။ ဖိနှိပ်ချုပ်ချယ်မှုတွေများတဲ့မြို့လေး ရှိတယ်၊ အဲဒီမြို့မှာလူတွေက တအားကိုကြောက်ပြီးတော့မှ မလွတ်မလပ်နေရတဲ့ အခါမှာ လူတစ်ယောက်ရောက်လာတယ်။

အဲဒီလူက လွတ်မြောက်အောင်ကူညီတာပေါ့၊ အဲဒီလူရဲ့အလုပ်တွေကို ကူညီတဲ့သူတွေကိုလည်း နှိပ်ကွပ်လွန်းလို့ ဘယ်သူမှ သူ့ကို မကူညီရဲဘူး၊ သူ့တစ်ယောက် တည်းပဲ စဉ်းစားပြီး ဦးဆောင်ပြီးလုပ်သွားတာ၊ နောက်ဆုံးအောင်မြင်သွားတယ်ပေါ့၊

အဲလိုအောင်မြင်တဲ့ အခါကျတော့ ပြည်သူလူထုက သူ့ကိုတင်မြှောက်တော့ ဒါပေမယ့် အဲဒီလူက လက်မခံဘူး၊ အဲဒီမြို့ကနေ ထွက်သွားတာပေါ့၊ ဇာတ်လမ်းက အဲဒီလို”

အကျယ်ချုပ်ကာလနှစ်အတန်ကြာအတူဖြတ်သန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခက်ခဲတဲ့ကာလတွေမှာ ဒေါ်ခင်ခင်ဝင်းတို့သားအမိက အနီးကပ်ရှိခဲ့ပါတယ်။

သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တစ်ခုမှာ အတူရုပ်ရှင်ကြည့်ဖြစ်တဲ့ အမှတ်တရကိုလည်း ဒေါ်ခင်ခင်ဝင်းက ခုလို မှတ်မှတ်ရရပြောပါသေးတယ်။ “အဲဒီတော့အန်တီဝင်းက သူ့ကိုမေးတယ်။ အစ်မ အဲဒီလိုထွက်သွားမလို့လားဆိုတော့ သူက အန်တီဝင်းကို ပြန်ပြောတယ်။

ဒီတိုင်းပြည်မှာ စိတ်ချရတဲ့ ဥပဒေ၊ စိတ်ချရတဲ့ခေါင်းဆောင်မရှိသေးသရွေ့ သူမပြန်ပါဘူးတဲ့၊ ဒါပေမယ့် စိတ်ချရပြီဆိုရင်တော့ သူမြေးတွေနဲ့နေချင်တယ်တဲ့ ၊အဲဒီစကားကို နားထောင်ပြီး အန်တီဝင်းစိတ်မကောင်းဖြစ်ရတယ် ”

မြန်မာဝတ်စုံတွေကြိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာဝတ်စုံ ကို ဝတ်ရတာနှစ်ခြိုက်တဲ့ဒေါ်အောင်ဆန်းစုကြည် ကို သူ့မွေးနေ့မှာ ပိတ်စတွေ၊ မြန်မာအထည် ချိတ်ထဘီလို ချည်လို အဝတ်အစားတွေကို သူ့ကိုချစ်တဲ့သူတွေက တခုတ်တရ ပို့ပေးတတ်ကြပါတယ်။

ဟိုအရင် အကျယ်ချုပ်ကာလတွေကတော့ အပြင်လူတွေ ပေးတာကို များများစားစားလက်ခံရလေ့မရှိပါဘူး။ စစ်အစိုးရခေတ်က ခြံအမှတ် ၅၄ ကိုဝင်ထွက်ခွင့်ရှိသူတွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းတို့၊ သမ္မတဟောင်း ဦးထင်ကျော်တို့လို လူရင်းတွေကပဲ ပို့ပေးကြတာပါ။

“သူက ခရမ်းရောင်၊ ဗေဒါရောင်၊ ကျီးဥရောင် ၊ အပြာနုလေးတွေ ၊ အသားဖျော့လေးတွေ အဲဒီလိုအရောင်တွေ ကြိုက်တယ်၊ မြန်မာဝတ်စုံကြိုက်တော့ မွေးနေ့ဆို သူ့မိတ်ဆွေတွေက ပို့ပေးကြပါတယ်” လို့ ဒေါ်ခင်ခင်ဝင်းက တချိန်က အကျယ်ချုပ်ကာလတွေ ကမွေးနေ့လက်ဆောင်တွေ အကြောင်းပြောပြပါတယ်။

၂၀၁၀ နိုဝင်ဘာ မှာ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်တဲ့ အချိန်မှာတော့ မွေးနေ့လက်ဆောင် မျိုးစုံကိုလက်ခံရရှိနေပါပြီ။ အဲဒီထဲမှာ ထူးထူး ခြားခြား သဘာဝဆိုးဆေးတွေသုံးပြီးထုတ်တဲ့ မြန်မာယက္ကန်းထွက် ချည်ထည်တွေကိုဖန်တီးတဲ့ မဖြူအိသိမ်းရဲ့လက်ရာ အထည်စတွေကို ဒေါ်အောင်ဆန်း စုကြည်က နှစ်သက်ပါတယ်။

မဖြူအိသိမ်း က ပန်းချီကိုလည်းဖန်တီးသူဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပန်းချီကားတွေလည်းလက်ဆောင်ပေးခဲ့ဖူးသူပါ။ ဒါပေမဲ့ နောက်ပိုင်း ကာလတွေမှာတော့ သူကိုယ်တိုင်ဖန်တီးတဲ့ မြန်မာချည်ထည်တွေကိုပဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့မွေးနေ့ အတွက် သီးသန့်ဖန်တီးပြီး လက်ဆောင်ပေး ခဲ့တယ်လို့ မဖြူအိသိမ်းကပြောပြပါတယ်။

“အန်တီကိုမွေးနေ့လက်ဆောင်ပေးတာကတော့ အန်တီအကျယ်ချုပ်ကျနေကတည်းကပေးချင်တာရယ်၊ နောက်မြန်မာပြည်မှာ ဒီလို လက်မှုထည်တွေဖန်တီးနိုင်တာကို သိစေချင်တယ်၊ အဓိကကတော့ အန်တီ့ကိုချစ်လို့ပေးချင်လို့ကိုပေးတာပေါ့” လို့ မဖြူအိသိမ်းက ပီတိသံစွက်လို့ပြောပြပါတယ်။

မွေးနေ့အတွက် ဖန်တီးပြီး ပို့ပေးတဲ့ အထည်တွေထဲ သူကြိုက်တာရှိရင် ကျသင့်တဲ့တန်ဖိုးအတိုင်း ပေးချေပြီးမှ ထပ်ဝယ်တတ်တယ်လို့ ဆိုပါတယ်။ “မွေးနေ့အတွက် ပို့လိုက်တဲ့ အထည်ကို သူကြိုက်တယ်ဆိုပြီး ထပ်မှာရင် ငွေနဲ့ပဲ ကျသင့်တာကိုပေးမှာတယ်၊ လက်ဆောင်ပေးတာကို လက်မခံဘူး”

မဖြူအိသိမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုမွေးနေ့ အတွက်ဆိုပြီးလက်ဆောင်တွေအမြဲပို့ပေးခဲ့ပေမယ့် လူချင်းတော့ သုံးကြိမ်ပဲတွေ့ဖူး တယ်လို့ ဆိုပါတယ်။

တွေ့ခဲ့တဲ့သုံးကြိမ်မှာလည်း စစ်ရှောင်ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ကူညီပေးဖို့၊ လက်မှုပညာဖွံ့ဖြိုးမှုအားနည်းတဲ့ တိုင်းရင်းသား ဒေသတွေနဲ့ အကျဉ်းကျနေတဲ့အမျိုးသမီးတွေကို အတတ်ပညာတွေ ဖြန့်ဝေပေးဖို့ မှာလေ့ရှိတယ်လို့ ပြောပြပါတယ်။

အချိန်ကို အကျိုးရှိရှိ စီမံခန့်ခွဲတတ်သူ အရင် အကျယ်ချုပ်ကာလတွေမှာလည်း စာဖတ်တာနဲ့ စာရေးတာနဲ့ အများဆုံးအချိန်ကုန်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလည်း ဒီအလုပ်တွေနဲ့ ဖြတ်သန်းနေမှာပဲ လို့ ဒေါ်ခင်ခင်ဝင်းက မှန်းဆပါတယ်။

“သူ့ရဲ့ အချိန်တွေက စိပ်နေတာပဲ၊ စိတ်လေလွင့်စရာအချိန်ကိုမရှိဘူး။ ပြည်သူလူထုကိုပြောချင်တာ မပူပါနဲ့။ သူ့စိတ်ကိုသူ ဘယ်နေရာမှာ ဘယ်လိုထားရတယ်ဆိုတာသူသိတယ်။ ထားတယ်။

အပြင်မှာမနေရတာကလွဲလို့ နောက် ဘာလုပ်ရင်ကောင်းမလဲဆိုတာ အစီအစဉ်တွေ ပလန်တွေ သူ့ဘာသာချတယ်။ စာဖတ်တယ်။ လုပ်စရာရှိတာလုပ်တယ်။

ဒီလိုနေနေရလို့များစိတ်ဓာတ်တွေကျပြီး ဘာမှမလုပ်ဘူးမထင်လိုက်လေနဲ့ အဲဒါမှားလိမ့်မယ်၊ လုပ်ရတာမှန်သမျှအကုန်လုပ်တာ” လို့ ပြောပြပါတယ်။

လန်ဒန် အောက်စဖို့ဒ်မှာနေတဲ့ ကာလတွေကလည်း ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စာဖတ်ဝါသနာကြီးတဲ့ ပညာတတ်တွေမို့ အိမ်ရှေ့ခန်းကစလို့ အိမ်သာအဆုံး စာအုပ်တွေအပြည့်ပဲလို့ ၁၉၈၅ ခုနှစ် ဝန်းကျင်ကာလတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ လန်ဒန်မှာနေတဲ့ ဒေါ်ကြည်ကြည်မေက ပြန်ပြောပြပါတယ်။

“မမစုက အင်မတန်ကိုရိုးရိုးရှင်းရှင်းနေတဲ့သူပေါ့။

ဂုဏ်ပကာသနမမက်ဘူး၊ စာအုပ်တွေတော့မက်တယ်။ သူ့အိမ်သွားလည်ရင် စာအုပ်တွေက အိမ်ရဲ့နေရာအပြည့်ပဲ၊ လူငယ်တွေကိုပြောပြချင်တာက မမစုကို ချစ်တယ်ဆိုရင် မမစုရဲ့ စာဖတ်တဲ့အကျင့်ကိုယူစေချင်တယ်” လို့ ဆိုပါတယ်။

စာဖတ်ရတာကြိုက်ပြီး စာအုပ်တွေနဲ့ပျော်မွေ့တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စဖို့ဒ်ကအိမ်ထောင်ရှင်မဘဝမှာတုန်းက စည်းကမ်းကြီးတဲ့သူအဖြစ်ပဲမြင်ခဲ့ရတယ်လို့ ဒေါ်ကြည်ကြည်မေကဆိုပါတယ်။

“တခါတလေ မမစုဆီသွားလည်ရင် ကင်မ့် (ဒေါ်အောင်ဆန်းစုကြည်သားအငယ်) ကို ကျောင်းကြိုတဲ့အချိန်ဆို အတူသွားကြတာပေါ့။ လမ်းမှာလည်း ကောင်းကျိုးဖြစ်တဲ့စကားပဲပြောတတ်တယ်၊ သူများအကြောင်းလည်း မမစုကမပြောတတ်ဘူး။

ကျောင်းကြိုပြီးအိမ်ရောက်ရင်လည်း ကင်မ်က သူများကလေးတွေလို ဆော့တာ တီဗီ ကြည့်တာမလုပ်ရဘူး၊ အိမ်စာကိုတန်းလုပ်ရတာ။ မမစုက အမြဲတမ်းစည်းနဲ့ကမ်းနဲ့ တိတိကျကျနေတတ်တယ်” လို့သူမြင်တွေ့ခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျင့်တွေကိုပြန်ပြောပြပါတယ်။

အကျယ်ချုပ်ကာလအလွန်တချိန်က မွေးနေ့တွေ ဒေါ်အောင်ဆန်းကြည် နေအိမ် အကျယ်ချုပ်လွတ်မြောက်ပြီးတဲ့နောက် လူထုနဲ့ ပထမဆုံးကျင်းပခွင့်ရခဲ့တဲ့မွေးနေ့ကတော့ ၂၀၁၁ ခုနှစ်မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက်မွေးနေ့ပါ။

လူထောင်ချီတက်ရောက်တဲ့ အဲဒီမွေးနေ့ကို ရန်ကုန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရုံးမှာကျင်းပခဲ့တာပါ။ အဲဒီမွေးနေ့မှာဒေါ်အောင်ဆန်းစုကြည် ကအမျိုးသားရင်ကြားစေ့ရေးမှာ ငြိမ်းချမ်းရေးဟာ ပထမဆုံး ခြေလှမ်းဖြစ်လို့ သူ့ရဲ့ဆုတောင်းက အားလုံးငြိမ်းချမ်းဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

အဲဒီအချိန်က ဦးသိန်းစိန်အစိုးရလက်အောက် စစ်တပ်နဲ့ကချင်လက်နက်ကိုင်အဖွဲ့ကေအိုင်အိုတို့ အကြားတကျော့ပြန်တိုက်ပွဲတွေစတင်ဖြစ်ပွားနေချိန်ပါ။

တချိန်တည်းမှာပဲ ကေအိုင်အေဌာနချုပ်ရှိတဲ့ လိုင်ဇာမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ကေအိုင်အေ အရာရှိကြီးတွေဦးဆောင်ပြီး ကျင်းပပေးခဲ့တာပါ။

၂၀၁၂ ခုနှစ် ၆၇ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုတော့ နိုင်ငံတဝန်းကျင်းပခဲ့ကြပါတယ်။ အဲဒီနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ကိုရောက်နေပါတယ်။

အဲဒီနေ့တိုက်တိုက်ဆိုင်ဆိုင် လန်ဒန်က ဘီဘီစီ ကမ္ဘာတလွှားအသံလွှင့်ဌာန ကိုရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်အိမ်ကိုယ်ယာပြန်ရသလို နွေးထွေးကြောင်း ပြောခဲ့ပါသေးတယ်။

၂၀၁၃ ခုနှစ် ၆၈ နှစ်မြောက် မွေးနေ့ကတော့ ရန်ကုန်ကအမျိုးသားဒီမိုကရေစီရုံးချုပ်မှာပဲကျင်းပပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ်ရုံး လာမယ်ဆိုတိုင်း လူစည်ကားတတ်ပေမယ့် အဲဒီနေ့ကတော့ ထောင်ချီတဲ့လူအုပ်ကြီးက ဆီးကြိုနေခဲ့တာပါ။

အထင်ကရ အဖြစ်ဆုံးကတော့ အဲဒီမွေးနေ့မှာ သတင်းစာဆရာကြီးဦးဝင်းတင်ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူရှိနေခဲ့တာပါ။ ၂၀၁၄ မှာကျရောက်တဲ့ ၆၉ နှစ်မြောက်မွေးနေ့ကိုလည်း အဖွဲ့ချုပ်ရုံးအပါအဝင် နိုင်ငံတဝန်းကျင်းပကြပါတယ်။

အဲဒီနှစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ နေပြည်တော် လွှတ်တော် အစည်းအဝေးတက်နေချိန်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်လွှတ်တော်ဝင်းအတွင်းက ဝန်ထမ်းတွေနဲ့ ကျင်းပခဲ့ပါတယ်။ လွှတ်တော်မှာ ကျင်းပတဲ့မွေးနေ့ပွဲတွေကိုတက်ရောက်ခွင့်ရတဲ့ လွှတ်တော်က အခြေခံအဆင့်ဝန်ထမ်းတစ်ဦးကတော့ သူတို့ကို မှတ်မှတ်ရရဖိတ်ပြီး အတူကျင်းပခဲ့လို့ပျော်ခဲ့ရချိန်တွေလို့ပြောပါတယ်။

“ဘယ်လူကြီးကမှ ကျွန်တော်တို့ကိုခေါ်ပြီး အဲဒီလို မွေးနေ့ကျင်းပတာမရှိခဲ့ဘူး၊ အမေဒေါ်အောင်ဆန်းစုကြည်ကပဲ အဲဒီလိုခေါ်တာ ၊ သူ့နားမကပ်ရဲတာတောင် သားတို့လာပါလို့အတင်းခေါ်ပြီး မုန့်တွေကျွေးတာ၊တကယ့်မေတ္တာတွေခံစားရချိန်ပေါ့ဗျာ ”

လို့ ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဝန်ထမ်း လုပ်ခဲ့သူတစ်ဦးက ပြောပြပါတယ်။ ၂၀၁၅ခုနှစ်က အသက် ၇၀ပြည့် မွေးနေ့ကိုလည်း လွှတ်တော်မှာပဲကျင်းပခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်ပါတယ်။ အဲဒီမွေးနေ့မှာ တော့ မွေးနေ့လက်ဆောင်အဖြစ် NLD ကို မဲပေးကြဖို့ပြောခဲ့ပါတယ်။

အဲဒီအချိန်ဟာ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ သုံးလလောက်ပဲ လိုတော့တဲ့အချိန်ပါ။ ၂၀၁၆ ခုနှစ် အသက် ၇၁ နှစ်ပြည့်မွေးနေ့ မှာတော့ အစိုးရတာဝန်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနဲ့စတင်ထမ်းဆောင်နေချိန်ပါ။

အဲဒီနှစ်ကတော့ သူ့ရဲ့နေပြည်တော်က နှင်းဆီစံအိမ်မှာပဲ မိတ်ဆွေတချို့နဲ့ အကျဉ်းရုံးကျင်းပခဲ့ပါတယ်။ လက်ရှိ ရန်ကုန်က ၆ ထပ် ရှိတဲ့ NLD ပါတီရုံးသစ်ကိုလည်း အဲဒီနေ့မှာပဲဖွင့်လှစ်ခဲ့တာပါ။

အဲဒီနှစ်မှာ ထူးခြားတာတခုကတော့ နော်ဝေးနိုင်ငံဖရိုလန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအဖြစ်ဖွင့်လှစ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ် ၇၂ နှစ်မြောက်မွေးနေ့ကိုတော့ အစိုးရတာဝန်တွေကိုနိုင်ငံတော်အတိုင်ပင်ခံ အဖြစ်ထမ်းဆောင်နေပေမယ့် လွှတ်တော်ဝန်းထဲက I 12 အဆောင်မှာ ပဲကျင်းပခဲ့ပါတယ်။

၂၀၁၈ခုနှစ် ၇၃နှစ်ပြည့်မွေးနေ့ကတော့ ဘုရားတည်ခဲ့ပါတယ်။ နေပြည်တော်က ထာဝရငြိမ်းချမ်းရေးစေတီတော် မူလဌာပနာပိတ်ပွဲ ကျင်းပခဲ့တာပါ။ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးရည်စူးပြီး ပတ္တမြားတပြည်၊မြတပြည်၊ကျောက်စိမ်းတပြည်နဲ့နီလာတပြည်စီလှုခဲ့တာပါ။

ပြီးတော့ အဲဒီနေ့မှာပဲ လွှတ်တော်ထဲက I 12 အဆောင်မှာ ငြိမ်းချမ်းရေးအတွက်ချိုးဖြူငှက် ၇ကောင်ကိုလွှတ်ခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လူ့အခွင့်အရေးနဲ့ဒီမိုကရေစီ အရေးတွေ့ဆုံ ဆွေးနွေးဖူးတဲ့ ကျောင်းသားခေါင်းဆောင် ကိုပိုင်ရဲသူကတော့ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ်ရဲ့ရိုက်ပုတ်မှုဒဏ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့

အတူမြန်မာပြည်သူတွေအားလုံး က ခံနေရချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသက်ရာကျော် အထိ ရှင်သန်စေချင်သလို့ သူ့ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်း သွားစေချင်တယ်လို့ဆိုပါတယ်။

“အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ်မွေးနေ့ ကိုတော့ ပျော်ရွှင်ပါစေလို့တော့ ဆုမတောင်းချင်ဘူး။ သူကျန်းမာပါစေလို့ ဆုတောင်းချင်တယ်” မြန်မာမှာနေထိုင်တဲ့ နှစ်သုံးဆယ်ကျော်မှာ ထက်ဝက်ကျော်ကာလတွေက အကျယ်ချုပ်ဘဝ၊

ထိန်းသိမ်းခံဘဝနဲ့ပဲ ဖြတ်သန်းခဲ့ရပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအရှိန်အဝါကတော့ မြန်မာလူထုအပေါ်မှာ ဆက်ရှိနေဆဲပါ။ လူထုခေါင်းဆောင်အတွက် အရင်အကျယ်ချိန်ကာလတွေနဲ့မတူတာက ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ထောင်ဒဏ်ချမှတ်နိုင်တဲ့ အဂတိလိုက်စားမှု ပုဒ်မ၊

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေလို ပုဒ်မ တွေနဲ့ စစ်ကောင်စီက တရားစွဲဆိုထားတာကြောင့် ဒီတစ်ခေါက် ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်း ရမယ့် နိုင်ငံရေးခရီးလမ်းဟာ အရင် နဝတ၊ နအဖ စစ်အစိုးရတွေလက်ထက် အခြေအနေကထက် ပိုပြီး ခက်ခဲကြမ်းတမ်းမယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒီအခြေအနေကို ရင်ဆိုင်နေရတဲ့ မွေးနေ့ရှင်ရဲ့ သားငယ် ကင်မ်ကတော့ မြန်မာပြည်သူတွေနဲ့အတူ မိခင်ဖြစ်သူရင်ဆိုင်နေရတဲ့အခြေအနေကြားမှာ အကောင်းဆုံး မွေးနေ့ဖြစ်ပါစေ လို့ဆုတောင်းပေးခဲ့ပါတယ်။

အခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့ကို သူ့ကိုချစ်တဲ့နိုင်ငံတဝန်းနဲ့ကမ္ဘာတဝန်းက ပြည်သူတွေကတော့ ပုံစံမျိုးစုံနဲ့ ကျင်းပပေးကြဦးမှာပါ။

ကျင်းပဖို့လည်းကြိုပြင်နေကြပါပြီ။ အဲဒီလို မွေးနေ့ပြင်ဆင်ပေးနေမှုတွေကို နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်သိရှိခဲ့ပြီး သူ့ရှေ့နေ ဒေါ်မင်းမင်းစိုးကနေတစ်ဆင့် ခုလို သတင်းစကားမှတ်ချက်ပြုခဲ့ပါတယ်။

“ပြည်သူတွေကတော့ အမြဲအဲဒီလိုပါပဲ။ ဒီလိုစီစဉ်ပေးကြလို့ ကျေးဇူးတင်ရပါတယ်”

Credit Myat