ဗဟုသုတ

အသက်ရှင်ဖို့အတွက် သင်သိထားသင့်တဲ့ ဗဟုသုတများ

ဒီကနေ့မှာတော့ ပရိသတ်တို့ကို အသက်ရှင်ရေးနဲ့ ပတ်သတ်တဲ့ သိထားသင့်တဲ့ ဗဟုသုတ ၂ ခုကို ပြောပြပေးသွားပါမယ်။ ဒါတွေကတော့ မိုးကြိုးတွေ ဘယ်လိုနေရာတွေရွေးပစ်ပြီး ဘယ်လိုကာကွယ်ရမလဲဆိုတာ နဲ့ မတော်တဆကားရေနစ်ရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေပဲ ဖြစ်ပါတယ်။

မိုးကြိုးတွေ ဘယ်လိုနေရာတွေကို ရွေးပစ်ကြသလဲ

ရန်ကုန်မှာတော့ မိုးတွေခဏခဏရွာနေတယ်။ နယ်တွေဘက်မှာတော့ ဘယ်လိုလဲမသိဘူး။ မိုးရွာတော့ မိုးကြိုးတွေလည်းပါလာတတ်တယ်လေ။ သင့်ဘဝတစ်လျှောက်လုံးမှာ မိုးကြိုးပစ်ခံနိုင်ရခြေကို တွက်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းအရ အရမ်းနည်းပေးမယ့် ဘယ်လိုကာကွယ်ရမယ်ဆိုတာသိထားတော့ ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့ဗျာ

မိုးကြိုးပစ်ချိန်မှာဆိုရင် သစ်ပင်အောက်မှာ နေတာဟာ အရမ်းအန္တရာယ်များပါတယ်။ စိုစွတ်နေတဲ့ သစ်ပင်ကနေ လျှပ်စစ်ကူးလာနိုင်ပါတယ်။ အဲ့ဒီထက်ပိုပြီး အန္တရာယ်များတဲ့ နေရာကတော့ ကွင်းပြင်တွေမှာပဲ ဖြစ်ပါတယ်။ USA မှာ ကောက်ယူထားတဲ့ စစ်တမ်းအရ ကွင်းပြင်မှာ မိုးကြိုးပစ်ခံရနိုင်ခြေက သစ်ပင်အောက်နေတာထက် နှစ်ဆပိုများပါတယ်။ အခြားမနေသင့်တဲ့နေရာတွေကတော့ လှေပေါ်မှာ ဒါမှမဟုတ် ရေနဲ့နီးတဲ့နေရာတွေပဲ ဖြစ်ပါတယ်။ မိုးကြိုးအပစ်ခံရနိုင်ဆုံးသူတွေကတော့ ဂေါက်ရိုက်တဲ့သူတွေ၊ ငါးဖမ်းသူတွေ၊ တဲထိုးပျော်ပွဲစားထွက်တဲ့သူတွေနဲ့ လှေစီးတဲ့သူတွေဖြစ်ပါတယ်။ အဲ့ဒီသူတွေထဲမှာမှ တဲထိုးအပျော်ခရိးထွက်တဲ့သူနဲ့ လှေစီးတဲ့သူတွေက ပိုပစ်ခံရနိုင်ဖို့ များပါတယ်။ အကောင်းဆုံးကတော့ ကားထဲမှာ နဲ့ အိမ်ထဲမှာနေတာပဲ ဖြစ်ပါတယ်။

မိုးကြိုးပစ်နိုင်တဲ့နေရာတွေသိပြီဆိုတော့ ကာကွယ်ဖို့နဲ့ ပတ်သတ်ပြီး ပြောပြသွားပါမယ်။ အိမ်ထဲမှာနေတဲ့သူနဲ့ အိမ်အပြင်ရောက်နေတဲ့သူတွေဆိုပြီး နှစ်ပိုင်း ခွဲပြောပြပေးသွားပါမယ်။ အိမ်ထဲမှာဆိုရင် ကြိုးဖုန်းတွေ ကွန်ပျူတာတွေ လျှပ်စစ်နဲ့ ဆက်သွယ်နေတဲ့ ပစ္စည်းတွေနဲ့ ဝေးရာမှာ နေတာအကောင်းဆုံးပါပဲ။ မိုးကြိုးပစ်ခံရမှာ အရမ်းကြောက်တတ်တယ် နောက်ထပ် ဘယ်နေရာတွေရှောင်ရအုံးမလဲဆိုရင်တော့ ရေပိုက်ခေါင်းတွေ ရေစိမ်ချိုးတဲ့ရေကန်တွေ နဲ့ ဘေဇင်တွေကို ရှောင်တာအကောင်းဆုံးပါပဲ။ နောက်ပြီး ပြတင်းပေါက်တွေ တံခါးတွေ နဲ့ ဝရံတာတွေကို တတ်နိုင်သမျှရှောင်ပါ။ အပြင်သွားချင်ရင်တော့ နောက်ဆုံး မိုးခြိမ်းသံကြားပြီး မိနစ် ၃၀ ကြာမှ အပြင်ထွက်တာဟာ အန္တရာယ်အကင်းဆုံး ဖြစ်ပါတယ်လို့ လေ့လာတွေ့ရှိမှုတွေအရ သိရပါတယ်။ ခုပြောပြသွားတာတွေက အိမ်ခေါင်မိုးအောက်ရောက်နေတဲ့အချိန်ကို ပြောပြထားတာဖြစ်ပါတယ်။

အဲ့လိုမဟုတ်ပဲ အပြင်ရောက်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အပေါ်မှာပြောခဲ့သလိုပဲ မြင့်တဲ့တောင်ကုန်းတွေ ချောက်ကမ်းပါးတွေ ဟင်းလင်းပြင်တွေ ဘောလုံးကွင်းတွေ ဂေါက်ကွင်းကို ရှောင်ပါ။ ပြီးရင် မြေပြင်ပေါ်မှာ ရေပြင်ညီအတိုင်း လှဲမနေဖို့လိုပါတယ်နော်။ မြင့်တဲ့ သစ်ပင်အောက် ဘယ်တော့မှ မပုန်းပါနဲ့။ ရေအိုင်တွေ ရေကန်တွေ ရေရှိတဲ့နေရာတွေမှန်သမျှနဲ့ ဝေးရာကို ပြေးဖို့ လိုပါတယ်။ လျှပ်စစ်စီးနိုင်တဲ့အရာတွေကိုလည်း မထိထားဖို့ လိုပါတယ်နော်။ တကယ်တော့ လူကို မိုးကြိုးတိုက်ရိုက်ပစ်တယ်ဆိုတာ ရှားပါတယ်။ မိုးကြိုးက နီးစပ်ရာနေရာကိုပစ်ရာကနေ လူကို ထိပြီး ဒဏ်ရာရတာမျိုးတွေဖြစ်တာများပါတယ်။

ကားရေနစ်နေရင် ဘယ်လိုထွက်မလဲ

တကယ့်အရေးပေါ်အခြေအနေမျိုးမှာဆို တစ်စက္ကန့်အလိုက် အရမ်းအဖိုးတန်တာကြောင့် ဘာလုပ်သင့်တယ်ဆိုတာ ကြိုသိထားတာ ပိုကောင်းပါတယ်။ တကယ်တော့ ကြိုသိထားပေမယ့်လည်း အရေးပေါ်အချိန်ဆို သွေးကြောင်သွားတတ်တာမျိုးတွေတော့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်ကြိုသိထားတာက ပိုပြီးတော့ ကောင်းပါတယ်။

ကားရေနစ်ရင် လုပ်သင့်တဲ့အရာကတော့ ကား ရေကိုထိထိချင်း ခါးပတ်ကိုအရင်ဖြုတ်ပြီးတော့ ကားပြတင်းပေါက်မှန်ကို အောက်ဆွဲချလိုက်ပါ။ အနီးဆုံးပြတင်းပေါက်ကနေ ကားရေထဲမနစ်ခင် ထွက်ဖို့ကြိုးစားပါ။ ကယ်ဆယ်ရေးသမားတွေပြောပုံအရ ကားရေထဲနစ်မသွားခင် သင့်ကိုယ်သင် အသက်ကယ်ဖို့ အချိန် တစ်မိနစ်ပဲရပါတယ်လို့ ဆိုပါတယ်။

အရေးအကြီးဆုံးက ကားတံခါးကို ဖွင့်ဖို့ မကြိုးစားပါနဲ့။ ရေဖိအားကြောင့် ကားတံခါးက ဖွင့်ရခက်ပါတယ်။ ခုလိုမျိုးအချိန်မှာ လှည့်ဖွင့်လို့ရတဲ့ ကားပြတင်းပေါက်တွေက ပိုပြီးလွတ်မြောက်ဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် auto မှန်တံခါးတွေဆိုရင်လည်း အဲ့လောက်စိတ်ပူစရာတော့ မလိုပါဘူး။ ကားတစ်စီးရဲ့ လျှပ်စစ်စနစ်ဟာ ရေနစ်သွားရင်တောင် နောက် ၁၀ မိနစ်ထိအလုပ်လုပ်ပါသေးတယ်လို့ သိရပါတယ်။

ကားတံခါးမှန်ချလို့မရရင် ခွဲလိုက်ပါ။ ကားအမိုးပေါ်ကမှန်ကို ခွဲထွက်ဖို့မစဉ်းစားပါနဲ့။ အဲ့ဒီမှန်တွေဟာ ပိုသန်မာပြီး အကြမ်းခံနိုင်တဲ့မှန်တွေဖြစ်ပါတယ်။ ကားမှန်ခွဲရာမှာ ကားထိုင်ခုံရဲ့ ခေါင်းမှီတဲ့ဟာကို ဖြုတ်ပြီးတော့ခွဲလို့ရပါတယ်။ သင့်တံတောင်နဲ့လည်း ခွဲလို့ရပါတယ်။ ခွဲရင် မှန်ထောင့်တွေကို ရွေးခွဲဖို့ လိုပါတယ်။

ကလေးတွေပါလားရင် သူတို့ကို အရင်သွားခိုင်းပါ။ အရင်ဆုံး သင့်ခါးပတ်ကိုဖြုတ်ပါ။ ကားမှန်ကိုချပါ။ သင့်ကလေးရဲ့ ခါးပတ်ကိုဖြုတ်ပါ။ ကလေးကို အပြင်သို့ထုတ်လိုက်ပါ။ နောက်ဆုံးမှ သင်ထွက်ပါ။ ဒီနည်းလမ်းဟာ လူတိုင်းဘေးကင်းရာရောက်ဖို့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

ကဲ ဒါနဲ့ ကားပြတင်းပေါက်ကနေ ဘယ်လိုမှ ခွဲမရ ထွက်မရဘူးဆိုရင်ကော ဘာလုပ်မလဲလို့ သင်မေးလာနိုင်ပါတယ်။ နည်းလမ်းတော့ရှိပါတယ်။ ဒါပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာတော့ကောင်းပါတယ်။ ဘာလဲဆိုတော့ ကားထဲရေပြည့်လာတဲ့အထိစောင့်ဖို့ လိုပါတယ်။ ကားထဲမှာရေပြည့်လာပြီဆိုရင် အပြင်ရေဖိအားနဲ့ ကားထဲကရေဖိအား ညီသွားတဲ့အခါကျရင် ကားတံခါးကို ဖွင့်ပြီးထွက်လို့ရပါပြီ။ မထွက်ခင် ကားထဲမှာကျန်တဲ့လေအနည်းငယ်ကို ဝအောင်ရှူဖို့တော့လိုပါမယ်နော်။

ခုပြောပြသွားတဲ့ အသက်ရှင်နည်းတွေ ကို ပရိသတ်တို့ သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။