ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က တပ်ချုပ် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သွားခဲ့ပြီး ဇွန်လ ၂၇ ရက် ည ၁၁ နာရီမှာ နေပြည်တော် လေဆိပ်ကို ပြန်ရောက်လာပါတယ်။
စစ်ကောင်စီ ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ရုရှားကာကွယ်ရေး ဝန်ကြီး Army General Sergei Kuzhugetovich Shoigu ရဲ့ ဖိတ်ကြားချက်အရ ၉ ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ တက်ဖို့ သွားတယ်လို့ ဆိုထားပြီး စုစုပေါင်း ၇ ရက်တာ ကြာမြင့်ပါတယ်။
ခရီးစဉ် တလျောက်လုံးကိုကြည့်လိုက်ရင် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့သူတွေထဲမှာ ဖိတ်ကြားတဲ့ ကာကွယ်ရေး ဝန်ကြီးဟာ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ် ဖြစ်သလို၊ ရုရှားစစ်တပ်ကို ကိုယ်စားပြုသူပဲ ဖြစ်ပါတယ်။
နောက်ကို နည်းနည်း ပြန်ကြည့်လိုက်ရင် ရုရှားကာကွယ်ရေး ဝန်ကြီးဟာ မင်းအောင်လှိုင် အာဏာမသိမ်းခင် ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်ကို ရောက်လာပြီး မင်းအောင်လှိုင် အပါအဝင် စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ရှေ့နည်းနည်း ပြန်ကြည့်လိုက်ရင် ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ကလည်း မင်းအောင်လှိုင်နဲ့ ရုရှားကာကွယ်ရေး ဝန်ကြီးဟာ ဗီဒီယို ကွန်ဖရင့်စနစ်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
(အဲဒီအချိန် ရုရှားကာကွယ်ရေး ဝန်ကြီးပြောတာက မင်းအောင်လှိုင်ကို ရုရှားစစ်ဘက်ဆိုင်ရာ တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင် ဘွဲ့ (Honorable Doctor) ပေးအပ်ထားတယ်လို့ အသိပေးပါတယ်။
အခုတခေါက် မင်းအောင်လှိုင် တရုတ်သရဲ ဝတ်စုံဝတ်ပြီး လက်ခံခဲ့တာ အဲဒီတုန်းက ပေးထားတဲ့ ဘွဲ့ပါ။)
ပြောရရင် ခုတခေါက် မင်းအောင်လှိုင် ၇ ကြိမ်မြောက် ရုရှားကို သွားတော့လည်း အရင်သူနဲ့ တွေ့ဖူးနေကြ စစ်ဘက်က ကာကွယ်ရေး ဝန်ကြီးနဲ့ပဲ တွေ့ဆုံခဲ့ပြီး ဘယ် ရုရှားဖက်ဒရေးရှင်းရဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေနဲ့မှ တွေ့ဆုံခွင့် ရခဲ့တာ မဟုတ်ပါဘူး။
သူ့ဘက်ကတော့ လက်ရှိ သူဟာ မြန်မာနိုင်ငံရဲ့ အစိုးရ ခေါင်းဆောင်ဖြစ်နေတယ်၊ ဒါကြောင့် ရုရှားအစိုးရအဖွဲ့ခေါင်းဆောင် သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ ကြိုးစား၊ မျှော်လင့်နေပေမယ့် ရုရှားဘက်ကတော့ လက်ခံတွေ့ဆုံခဲ့ခြင်း မရှိပါဘူး။
အချိန် ဘယ်လောက် စောင့်ရ စောင့်ရ တွေ့မယ် ဆိုပြီး တစ်ပတ်လောက် အချိန်ယူခဲ့သည့်တိုင် ဘယ်အစိုးရအဖွဲ့ဝင်တွေကမှ မတွေ့ဆုံပါဘူး။
အဓိပ္ပါယ်ကတော့ မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကို တနည်းအားဖြင့် သူတို့ကိုယ် သူတို့ အစိုးရလို့ သတ်မှတ်လိုက်မှုကို တကမ္ဘာလုံး ဘယ်နိုင်ငံ တစ်နိုင်ငံကမှ အသိအမှတ်မပြုသလို၊ ကာလကြာရှည် စစ်ဘက် မဟာမိတ်ဖြစ်ခဲ့တဲ့ ရုရှားဖက်ဒရေးရှင်းကလည်း အသိအမှတ် မပြုဘူး ဆိုတဲ့ သဘောပါ။
ကြည့်တတ်ရင်တော့ မင်းအောင်လှိုင်ရဲ့ အခုတခေါက် ရုရှား ခရီးစဉ်ဟာ အရှက်ကွဲခဲ့တဲ့ ခရီးစဉ်လို့ သတ်မှတ်မယ် ဆိုရင် သတ်မှတ်နိုင်ပါတယ်။
အကြောင်းကတော့ သူ့ကို နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအဖွဲ့ တစ်ခုရဲ့ ခေါင်းဆောင်လို့ သတ်မှတ် ဆက်ဆံရမယ်လို့ သူ မျှော်လင့်ခဲ့ပေမယ့် သူ့ကို အစိုးရအဖွဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် လုံးဝ မပြု၊ အရင်အတိုင်း မပြောင်းလဲပဲ စစ်ခေါင်းဆောင် တစ်ယောက်လိုပဲ လက်ခံ တွေ့ဆုံခဲ့လို့ ဖြစ်ကြောင်းပါ။
(ဒါကို မင်းအောင်လှိုင်ရဲ့ ရှုံးနိမ့်မှုလို့လည်း ခေါ်နိုင်ပြီး ပြည်သူလူထု တရပ်လုံးရဲ့ အာဏာရှင် ဆန့်ကျင်ရေး ရဲရဲဝင့်ဝင့်သတ္တိပြောင်တဲ့ လှုပ်ရှားမှုကြီးရဲ့ အောင်ပွဲတွေထဲက တစ်ခုလို့ ပြောမယ်ဆိုရင်လည်း ပြောနိုင်ပါတယ်။ အာဏာရှင် ကျရှုံးရမယ်၊ ပြည်သူလူထု မလွဲမသွေ အောင်ပွဲခံမယ်)
စည်သူအောင်မြင့်။